စစ်ရေးလား၊ နိုင်ငံရေးလား၊ အဖွင့်ထူးခြားသည့် ၂၀၂၅

နိဒါန်း

နွေဦးတော်လှန်ရေး၏ ၂၀၂၅ အဖွင့်သည် အလွန်ထူးခြားနေသည်။ တော်လှန်ရေးအင်အားစုများအနေဖြင့် စခန်းသိမ်း၊ မြို့သိမ်းဖြစ်စဉ်များဖြင့် ၂၀၂၄ ခုနှစ်ကို အဆုံးသတ်ပြခဲ့သည်။

အာဏာသိမ်းစစ်အုပ်စုသည် မြို့ပေါင်း (၉၅) မြို့အထိ တော်လှန်ရေးအင်အားစုများထံ လက်လွတ်ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် တရုတ်အစိုးရအကူအညီရယူကာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ (ERO) အပေါ် ဖိအားပေးကာ တွေ့ဆုံဆွေးနွေးရေးကို တဆာဆာဟစ်ကြွေးနေရပြီမဟုတ်ပါလား။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် စခန်းသိမ်း၊ မြို့သိမ်းဖြစ်စဉ်များနှင့်အတူ တော်လှန်ရေးအင်အားစုများ၏ စစ်ရေးအရွေ့အဟုန် အားကောင်းလာခြင်း၊ အာဏာသိမ်းစစ်အုပ်စု၏ အရှုံးလက္ခဏာများ ပိုမိုထင်ရှားလာခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပြောင်းအလဲ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ၏ နိုင်ငံရေးခြေလှမ်း၊ ပြည်တွင်းရှိ နိုင်ငံရေးသမားအချို့၏ ငွေဆောင်ဆွေးနွေးပွဲ စသည့်အကြောင်းအရာများသည် ၂၀၂၅ ခုနှစ်၏ အဖွင့်ကို ထူးခြားစေခဲ့ပါသည်။

ယခုတပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် နွေဦးတော်လှန်ရေး၏ ၂၀၂၅ အဖွင့်ကို ထူးခြားစေသည့် အကြောင်းချင်းရာများကို လေ့လာတင်ပြသွားပါမည်။

NUG အပြောင်းအလဲ ဘယ်အထိလဲ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတဒူဝါလရှီးလကတော့ ၂၀၂၅ ခုနှစ်အတွင်း ပထမဆုံးအကြိမ် အစိုးရအဖွဲ့အစည်းအဝေးတွင် “၂၀၂၅ ဟာ အပြောင်းအလဲတွေများမယ့်နှစ်” အဖြစ် ခံယူပြီး ချီတက်ဖြတ်သန်းကြဖို့ အစိုးရအဖွဲ့ဝင်များကို တိုက်တွန်းခဲ့သည်။

၂၀၂၄ ခုနှစ်အတွင်း အစိုးရအဖွဲ့၏ လုပ်‌ဆောင်ချက်များကို ပြန်လည်သုံးသပ်ပြီး ဝန်ကြီးဌာနအလိုက် ရှေ့လုပ်ငန်းစဉ်များသည် ပြည်သူလူထုနှင့် တသားတည်းဖြစ်ရေး၊ ဆက်ဆံရေးခိုင်မာစေရေး အထူးလိုအပ်ကြောင်း ယာယီသမ္မတက ဆိုပါသည်။

အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရအတွက် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲရေးများ စတင်ရမည့်နှစ်ဖြစ်ပြီး ပုံသဏ္ဍာန်ပိုင်းအရရော နည်းနာပိုင်းအရပါ ထိရောက်သည့် ရလဒ်များထွက်ရှိစေရန်အတွက် အပြောင်းအလဲလုပ်ရခြင်းဖြစ်ပြီး မူလရည်မှန်းချက်ဖြစ်သည့် “ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေး” နှင့် “ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး” ဦးတည်ချက်ကမူ မည်သို့မျှ ပျောက်ပျက်သွားမည်မဟုတ်ဟုလည်း ဆိုပါသည်။

“ကျွန်တော်တို့ဟာ အပြောင်းအလဲတွေကို မကြောက်ပါဘူး။ အပြောင်းအလဲတွေကို အလိုရှိလို့လည်း တော်လှန်ရေးအစိုးရအဖြစ် ခံယူပြီး လျှောက်လှမ်းနေခြင်းဖြစ်ပါတယ်။ အခြေအနေ အပြောင်းအလဲတွေကို လည်း ပြည်သူလူထုနဲ့ နိုင်ငံအတွက် ကောင်းသောပြောင်းလဲခြင်းတွေဖြစ်အောင် ပဲ့ပြင်တည်ဆောက်ယူမယ်လို့ ခံယူပါတယ်။ မိမိကိုယ်ကို ပြောင်းလဲဖို့ လိုအပ်လာရင်လည်း ဘာကိုမှ မတွန့်ဆုတ်ဘဲ တိုင်းပြည်နဲ့ လူထုအ တွက် မိမိကိုယ်ကို ပြောင်းလဲရေးကို ရဲရဲတင်းတင်း လုပ်ဆောင်နိုင်တယ်ဆိုတာ လက်တွေ့ပြချင်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက အစည်းအဝေးမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

တော်လှန်ရေး အရှိန်အဟုန်မြှင့် အားကောင်းလာစေဖို့အတွက် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းအတွင်းတွင်ပင် NUG အစိုးရအဖွဲ့ဝန်ကြီးများကို အပြောင်းအလဲပြုလုပ်ရန် အစီအစဉ်ရှိနေပါသည်။

“ပြုပြင်ပြောင်းလဲမှုတွေကို လုံးဝ သဘောတူပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီရာထူး နေရာတွေကို တသက်လုံးယူထားဖို့ စိတ်ကူးမရှိပါဘူး။ NUG အားကောင်းဖို့လည်း အရေးကြီးပါတယ်။ တော်လှန်ရေးမှာ ပါဝင်ကူညီလိုတဲ့ ပိုထက်မြက်ပြီး အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေကို ကြိုဆိုဖို့ အမြဲတမ်း အဆင်သင့်ရှိနေပါတယ်” ဟု Aljazeera နှင့် အင်တာဗျူးတွင် ဒူဝါလရှီးလ က ပြောဆိုထားပါသည်။

မည်သည့် ဝန်ကြီးဌာန၊ မည်သည့် ဝန်ကြီးတို့အား မည်သည့်အချိန်တွင် အပြောင်းအလဲပြုလုပ်မည်ကို လျို့ဝှက်ထားခဲ့သော်လည်း NUG အစိုးရအဖွဲ့အတွင်း အပြောင်းအလဲများကို ၂၀၂၅ ခုနှစ် အဖွင့်တွင် တွေ့မြင်ရနိုင်ချေရှိနေပါသည်။ ပြည်သူလူထုနှင့် တသားတည်းဖြစ်စေသည့် အပြောင်းအလဲများ ဖြစ်/မဖြစ်ကိုမူ စောင့်ကြည့်ရပေလိမ့်မည်။

ULA/AA ၏ နိုင်ငံရေးခြေလှမ်း

ရခိုင်ပြည်နယ် ဂွမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်ပင် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ၎င်းတို့၏ သဘောထားကို ပြသခဲ့သည်။

ချင်းပြည်နယ် ပလက်ဝနှင့် ဆမီးမြို့များ အပါအဝင် ရခိုင်ပြည်နယ်တဝှမ်း မြို့ပေါင်း (၂၅) မြို့ အထိ အာဏာသိမ်းစစ်အုပ်စုထံမှ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့သည့် ULA သည် မိမိကိုယ်ကိုယ် အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဟု ရည်ညွှန်းထား သည်ကိုလည်း ထူးခြားစွာတွေ့ရှိရပါသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်တွင် စတင်ခဲ့သည့် AA ၏ ထိုးစစ်များသည် အာရက္ခဒေသတွင်း ပြည်သူလူထု တရပ်လုံး၏ လွတ်မြောက်ရေးကို အဓိကရည်ရွယ်ခဲ့သော်လည်း မြန်မာပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက်လည်း တိုက်ရိုက် အထောက်အကူပြုမည်ဟုလည်း ယုံကြည်ကြောင်း ULA က ဆိုပါသည်။

သို့နှင့်တိုင် လက်ရှိ မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးအခင်းအကျင်းနှင့် အဖြစ်အပျက်များကို စစ်ရေးနည်းဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန်အတွက် အမြဲတမ်း အသင့်ရှိသည်ဟုလည်း ULA ၏ သဘောထားကို ရှင်းလင်းစွာ ထုတ်ပြန်ခဲ့ပါသည်။

ထို့အပြင် ရခိုင်ပြည်နယ် (ဝါ) အာရက္ခဒေသအတွင်းရှိ စီးပွားရေးစီမံကိန်းကြီးများနှင့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ၏ လုံခြုံရေးအတွက် စောင့်ရှောက်ပေးမည့်အကြောင်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရေး လိုလားကြောင်း သဘောထားသည်လည်း နိုင်ငံတကာ၊ အထူးသဖြင့် တရုတ်အစိုးရ၏ စိုးရိမ်မှုလျော့ကျရေးအတွက် တို့ထိထားသည်ဟု ဆိုရပါမည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက် ထုတ်ပြန်ချက်သည် စစ်ရေးအောင်မြင်မှုများနှင့်အတူ နိုင်ငံရေးခြေလှမ်းအတွက် အဆင်သင့်ဖြစ်မှုကို ပြသနေသကဲ့သို့ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအစိုးရများထံလည်း ၎င်းတို့၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြလျက်ရှိပါသည်။

ပွဲဆူခဲ့သည့် ငွေဆောင်ဆွေးနွေးပွဲ

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့စွဲပါ “လက်ရှိ မြန်မာ့နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာ သုံးသပ်ဆွေးနွေးပွဲ (ငွေဆောင်)” ဟူသော ခေါင်းစဉ်ဖြင့် အချက် (၇) ချက်ပါ စာရွက်တစ်ရွက်ကို အကြောင်းပြုပြီး ၂၀၂၅ ခုနှစ် အဖွင့်ကို ပွဲဆူစေခဲ့ပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအင်အားစုများ၏ နိုင်ငံရေးသဘောတူညီချက်များသဖွယ် ပုံဖော်ကာ ဝေဖန်ပြစ်တင်မှုများ၊ ငြင်းခုံမှုများဖြင့် ဂယက်ထခဲ့ပါသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် ထုတ်လွှင့်ခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြအေး နှင့် အင်တာဗျူးတွင် အဆိုပါဆွေးနွေးပွဲမှ ဆုံးဖြတ်ချက် (၇) ချက်ကို ရွတ်ဖတ်ကာအတည်ပြုထားပါသည်။

ဧရာဝတီတိုင်း ငွေဆောင်မြို့နယ် ငွေဆောင်ကမ်းခြေတွင် ပြုလုပ်ခဲ့သည့် အဆိုပါဆွေး‌နွေးပွဲတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ဥက္ကဌ ဦးစိုင်းညွန့်လွင်၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှုများ ပြုလုပ်သည့် စိုင်းရဲကျော်စွာမြင့်တို့အပါအဝင် ပြည်တွင်းရှိ နိုင်ငံရေးသမား၊ သတင်းမီဒီယာသမား၊ နိုင်ငံရေးအကျဉ်းသားဟောင်း စုစုပေါင်း (၃၈) ဦး တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးသည် လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးလက်ငင်းလိုအပ်ချက်ဖြစ်ကြောင်း၊ အဆိုပါအခြေအနေကို ရောက်ရှိနိုင်ရေးအတွက် သက်ဆိုင်သူအားလုံး လက်ခံသည့် ဖက်ဒရယ်ဒီမိုကရေစီကို ဦးတည်သော နိုင်ငံရေးဘုံသဘောတူညီချက်တရပ် လိုအပ်ကြောင်း၊ ယင်းဘုံသဘောတူညီချက်ရရှိရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများ အမြန်ဆုံးဖြစ်ပေါ်လာရန် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွှတ်ပေးရန်နှင့် နိုင်ငံအနှံ့ဖြစ်ပွားနေသည့် စစ်ပွဲများကို ရောက်သည့်နေရာတွင် ရပ်တန့်ထားရန် လိုအပ်ကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်ရေးအတွက် နိုင်ငံတကာမှအကူအညီများနှင့် ဆွေးနွေးပွဲအချိန် ကာလသတ်မှတ်ထားရန် လိုအပ်ကြောင်း၊ ဆွေးနွေးပွဲကာလအတွင်း အသွင်ကူးပြောင်းရေးဆိုင်ရာ စီမံခန့်ခွဲရေး ယန္တယားတရပ်ကို ပဋိပက္ခနှင့် သက်ဆိုင်သည့် အစုအဖွဲ့များ (Key Stake holders) ဖြင့် ဖွဲ့စည်းရန်လိုအပ်ကြောင်း၊ ပြန်လည်ထူထောင်ရေးနှင့် ကုစားရေးလုပ်ငန်းများအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ဟူသည့် လိုအပ်ချက် (၇) ချက်ကို ဆွေးနွေးပွဲအတွင်း သဘောတူ ဆုံးဖြတ်ခဲ့ကြပါသည်။

ငွေဆောင်ဆွေးနွေးပွဲအတွင်း ပါဝင်သူ ကိုမင်းသူရအောင်ကတော့ အထက်ဖော်ပြပါ အချက်များသည် သဘောတူညီချက်များ လုံးဝမဟုတ်ဘဲ ဆွေးနွေးမှု သဘောထားစုစည်းမှုများသာဖြစ်ကြောင်း ပြန်လည်ရှင်းလင်းထားပါသည်။

နိုင်ငံရေးဆွေးနွေးပွဲများဆိုရာတွင်လည်း အာဏာသိမ်းစစ်ကောင်စီနှင့် ဈေးလျော့ညှိနှိုင်းသည့် တွေ့ဆုံဆွေးနွေးရေးကို ဆိုလိုခြင်း မဟုတ်ဘဲ အသွင်ကူးပြောင်းရေးအတွက် ဦးတည်သည့် ဆွေးနွေးပွဲပုံစံကို အဆိုပြုခြင်းသာဖြစ်သည်ဟု ဆိုပါသည်။

မည်သို့ဆိုစေ ငွေဆောင်ဆွေးနွေးပွဲပါ သဘောထားများသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၄ ရက်နှင့် ၅ ရက်နေ့များတွင် ပြုလုပ်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှ မြန်မာ့အရေးဆွေးနွေးပွဲ (ဂျာကာတာဆွေးနွေးပွဲ) သို့ ရောက်ရှိခဲ့ပြီး ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ (EU)၊ အာဆီယံအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်များ ရှေ့မှောက်တွင် ပြည်တွင်းနိုင်ငံရေးအင်အားစုများ၏ သဘောထားကို ချပြနိုင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။

ထို့ကြောင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်၊ ဦးမြအေး၏ အင်တာဗျူးမှတဆင့် ပေါ်ထွက်လာခဲ့သည့် ငွေဆောင်ဆွေးနွေးပွဲနှင့် သဘောထားစုစည်းချက်များသည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ဦးတည်နေသည့် နွေဦးတော်လှန်ရေးအင်အားစုများအတွက် ထည့်သွင်းစဉ်းစားဖွယ်ရာများ ဖြစ်လာခဲ့ပါသည်။

သုံးသပ်တင်ပြချက်

၂၀၂၃ ခုနှစ်တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ၂၀၂၄ ခုနှစ် တစ်နှစ်ပတ်လုံးတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် အပေါင်းအပါများသည် တော်လှန်ရေးအင်အားစုများ၏ စစ်ရေးအရ အပြင်းထန်ဆုံး ဖိအားပေးခံခဲ့ရပြီး မြို့ပေါင်း (၉၅) မြို့နှင့် တိုင်းစစ်ဌာနချုပ် (၂) ခုအပါအဝင် စစ်စခန်းပေါင်း ရာနှင့်ချီကာ လက်လွှတ်ဆုံးရှုံးခဲ့ရပါသည်။ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်များအပါအဝင် ရာနှင့်ချီသော စစ်ကောင်စီတပ်သားများသည် တော်လှန်ရေးအင်အားစုများထံ လက်နက်ချအညံ့ခံခြင်း၊ အလံဖြူထောင်ခြင်း၊ သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်းများကို အထင်အရှားမြင်တွေ့ခဲ့ရပါသည်။

မိမိတို့ BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ တစ်နှစ်တာအတွင်း မြန်မာနိုင်ငံတဝှမ်းတိုက်ပွဲဖြစ်စဉ် ပေါင်း (၂,၀၃၉) ခု တွေ့ရှိခဲ့ရပြီး ထိုအထဲမှ တိုက်ပွဲဖြစ်စဉ် (၂,၀၁၁) ခုသည် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား ဖြစ်ပွားသည့် တိုက်ပွဲများဖြစ်ခဲ့သည်။

ထူးခြားချက်အဖြစ် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ (ERO) နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားမှုသည် ၆၀ ရာခိုင်နှုန်းကျော်အထိ ရှိလာခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အလားတူကာလနှင့် နှိုင်းယှဉ်ကြည့်ပါက ERO များ၏ ဦးဆောင်မှုနှင့် ပူးပေါင်းလှုပ်ရှားမှုများသည် ပိုမိုထင်ရှားလာခဲ့ပါသည်။

သျှမ်းပြည်နယ်မြောက်ပိုင်းဒေသ၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တခွင်တို့တွင် စစ်ကောင်စီတပ်ကင်းစင်ရေး၊ ပြည်သူ့လွတ်မြောက်ရေးအတွက် တော်လှန်ရေးအင်အားစုများဘက်မှ ဟစ်ကြွေးကာ လက်တွေ့ကျကျ လှုပ်ရှားလာသကဲ့သို့ ကရင်နီ (ကယား) နှင့် ကရင်ပြည်နယ်တို့တွင်လည်း အလားတူ စစ်ရေးရည်မှန်းချက်များထားရှိကာ စစ်ကောင်စီတပ်များအား ထိုးစစ်ဆင်တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်တင်နိုင်ရေးအတွက် စိတ်အားထက်သန်နေကြပါသည်။

ထို့အပြင် ERO များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း၊ တပ်ဖွဲ့များအကြား ပူးပေါင်းလုပ်ဆောင်သည့် စစ်ရေးလှုပ်ရှားမှုများကိုလည်း မြင်တွေ့လာရပါသည်။

ဆိုရသော် ၂၀၂၅ ခုနှစ်၏ အဖွင့်သည် စစ်ရေးအရဖြစ်စေ၊ နိုင်ငံရေးအရဖြစ်စေ ထူးခြားသည့် အပြောင်းအလဲများစွာကို ဆက်လက်မြင်တွေ့ရဖွယ်ရှိနေပြီး စစ်ရေးအရ အကဲပိုအရှိန်မြင့်လာသည်နှင့်အမျှ နိုင်ငံရေးအရ ဘုံသဘောတူညီချက်ရရှိရေးသည်လည်း ကြီးမားသည့် လိုအပ်ချက်တရပ် ဖြစ်လာနေပါသည်။

ငွေဆောင်ဆွေးနွေးပွဲမှ နိုင်ငံရေးအင်အားစုများ၏ သဘောထားများ၊ ERO များနှင့် NUG အကြား ဘုံသဘောထားများ၊ အခြားထွက်ပေါ်လာနိုင်သည့် နိုင်ငံရေးအရ သဘောထားအားလုံး စုဆုံမိရေးသည် ဖြစ်နိုင်ချေနည်းနေသေးသည့်တိုင် မဖြစ်နိုင်ဟုလည်း ယတိပြတ်မဆိုနိုင်သေးပါ။

NUG ယာယီသမ္မတဒူဝါလရှီးလ ပြောဆိုထားသလို ၂၀၂၅ ခုနှစ်သည် အပြောင်းအလဲများမည့် နှစ်တစ်နှစ်အဖြစ် မြင်တွေ့ရဖွယ်ရှိနေပြီး အဖွင့်ထူးခြားသည့် ၂၀၂၅ ခုနှစ်အတွင်း စစ်ရေးလား၊ နိုင်ငံရေးလား၊ တွေ့ဆုံဆွေးနွေးရေးလားဆိုသည်က စိတ်ဝင်စားဖွယ် စောင့်ကြည်ရမည်ဖြစ်ပါသည်။

(မှတ်ချက် ။ ။ BNI-Myanmar Peace Monitor မှ အပတ်စဉ်သတင်းသုံးသပ်ချက်စာစောင် အမှတ် – ၁၆၁ မှ ကူးယူဖော်ပြထားခြင်း ဖြစ်သည်။)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...