အမေရိကန် ပြည်ထောင်စုက ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ ချင်းပြည်ကာကွယ်ရေးတပ် (CDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ကို အကြမ်းဖက်အဖွဲ့ဖြစ်ကြောင်း သတ်မှတ်လိုက်သည်ဟု စစ်လော်ဘီဝါဒဖြန့်ချန်နယ်လ်များက ဖြန့်ချိနေသည်။
စစ်ကောင်စီအာပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်သည့် NP News Talk Show ချန်နယ်လ်က ဇန်နဝါရီလ ၅ ရက်တွင် အသံဖိုင်တစ်ခုဖြင့် ဖြန့်ချိခဲ့ပြီး၊ KNLA၊ KNDF၊ CDF နှင့် PDF တို့ကို အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်က သတ်မှတ်လိုက်ကြောင်း ပြောဆိုခဲ့သည်။
ထို့ပြင် BCC၊ VOA၊ RFA၊ Irrawaddy၊ Myanmar Now၊ Mizzima နှင့် DVB တို့သည် ထိုသတင်းကို ဖုံးကွယ်ထားကြောင်း၊ ထိုသတင်းဌာနားများသည် NUG ၏ဘက်တော်သားသတင်းဌာနများဖြစ်ကြကြောင်း ဝါဒဖြန့်ချန်နယ်များက စွပ်စွဲပြောဆိုထားသည်။
ထိုဝါဒဖြန့် သတင်းကို ကြည့်ရှုသူပေါင်း ၁၆, ၀၀၀ ကျော်ရှိပြီး NP News Talk Show ချန်နယ်လ်အပြင် အခြားဝါဒဖြန့်ချန်နယ်လ်များကလည်း ဖြန့်ချိထားသည်။
မူရင်းလင့်ခ် – https://archive.ph/m1CYq
ဝါဒဖြန့်ချန်နယ်လ်တွေ ဖော်ပြသည့် အကြောင်းအရာကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်က စစ်ဆေးကြည့်သည့်အခါ အချက်အလက်အချို့ ကွဲလွှဲနေကြောင်း တွေ့ရသည်။
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ ချင်းပြည်ကာကွယ်ရေးတပ် (CDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ကို ၂၀၂၂ ခုနှစ် အကြမ်းဖက်မှု ဖြစ်ရပ်များကို ကျူးလွန်သူများအဖြစ် ဖော်ပြကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်တွင် လူသိရှင်ကြား ထုတ်ပြန်ကြေညာထားသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြမ်းဖက်မှုဆိုင်ရာ ပင်မ အစီရင်ခံတွင် မြန်မာ သို့မဟုတ် တော်လှန်ရေး အင်အားစုများကို ဖော်ပြထားခြင်းမရှိပေ။
၂၀၂၂ ခုနှစ်က မြန်မာတွင် ဖြစ်ရပ် ၃၉၁ ခုရှိပြီး သေဆုံးမှု ၂,၁၃၀ ရှိကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များသည် ထိုဖြစ်ရပ်များကို အဓိကကျူးလွန်သူဖြစ်ကာ စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကို ကျူးလွန်သည်ဟု ဖော်ပြသည်။ CDF နှင့် KNDF တို့သည့် ဖြစ်ရပ် စုစုပေါင်း၏ ၇ ရာခိုင်နှုန်းစီကို ကျူးလွန်ကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။
သို့သော် ထိုအဖွဲ့များကို အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ကြောင်း ထည့်သွင်းဖော်ပြထားခြင်း မတွေ့ရပေ။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံအလိုက်အကြမ်းဖက်မှု အစီရင်ခံစာများ – https://www.state.gov/reports/country-reports-on-terrorism-2022/ , https://shorturl.at/NLBzo
၂၀၂၃ ဒီဇင်ဘာလ ၁၄ ရက်နေ့ထုတ် ဧရာဝတီသတင်းတစ်ပုဒ်တွင်လည်း “ မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်း သွင်းသောကြောင့် အမေရိကန် အရှက်ကွဲ” ဟု ဖော်ပြသည်။
ဆက်စပ်ဖတ်ရှုရန် – https://burma.irrawaddy.com/news/2023/12/14/377392.html
စစ်ကောင်စီက ရည်ညွှန်းပြောဆိုနေသည့် အမေရိကန်နိုင်ငံခြားရေး ဌာန၏ ၂၀၂၂ ခုနှစ် နိုင်ငံအလိုက် အကြမ်းဖက်မှု အခြေအနေအစီရင်ခံစာပါ အချက်အလက်များသည် သီးခြားအစီရင်ခံစာတစ်ခု၏ ပူးတွဲ ဖော်ပြချက်သာဖြစ်ပြီး၊ မြန်မာနိုင်ငံနှင့် ပတ်သက်၍ အမေရိကန်မူဝါဒထုတ်ပြန်ချက်ကို ကိုယ်စားမပြုကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက တုံ့ပြန်ပြောဆိုထားကြောင်း VOA သတင်းကဖော်ပြသည်။
VOA သတင်းလင်ခ့် – https://burmese.voanews.com/a/7395133.html
မြန်မာနိုင်ငံတစ်ဝှမ်း ပိုမိုဆိုးဝါးလာနေသော လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကြပ်အတည်းအပေါ် အလွန်အမင်စိုးရိမ်ပူပန်မိကြောင်း၊ အာဏာရှင်အဖွဲ့အစည်းက မြန်မာပြည်သူများအပေါ် ဆက်လက်ပြီး အကြမ်းဖက်ခြင်းဖြင့် ဖိနှိပ်နေမှုမှာ လက်ခံနိုင်စရာမရှိကြောင်း၊ အရပ်သားပြည်သူများအတွက် စိုးရိမ်ဖွယ်ဘေး အန္တရာယ်ဖြစ်ကြောင်း အမေရိကန်အပါအဝင် နိုင်ငံ ၁၀ နိုင်ငံက ၂၀၂၅ ဇန်နဝါရီလ ၆ ရက်တွင် ပူးတွဲထုတ်ပြန်ကြေညာထားသည်။
ပူးတွဲထုတ်ပြန်ကြေညာချက် – https://shorturl.at/9vOvb
ထို့ပြင် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှ တရားလိုရှေ့နေတစ်ဦးက မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ ဖမ်းဝရမ်းထုတ်ပြန်ရန် ၂၀၂၄ နိုဝင်ဘာလ ၂၇ ရက် လျှောက်ထားကြောင်း ICC က ထုတ်ပြန်သည်။
သတင်းလင့်ခ် – https://shorturl.at/WquET , https://shorturl.at/7yMU7
သုံးသပ်ချက်
NP News Talk Show ချန်နယ်လ်က ပြောကြားသည့် အမေရိကန်က KNLA၊ KNDF၊ CDF နှင့် PDF တို့ကို အကြမ်းဖက်အဖွဲ့ဖြစ်ကြောင်း သတ်မှတ်လိုက်သည်ဆိုသည့် အကြောင်းအရာက ကွဲလွှဲနေသည်။
ထို့အပြင် သတင်းမီဒီယာများသည်လည်း ထိုအကြောင်းအရာနှင့်ပတ်သက်ပြီးဖော်ပြထားခြင်း မရှိကြောင်း၊ သတင်းမီဒီယာတွေက သူတို့ သိစေချင်တဲ့အကြောင်းအရာတွေကိုသာဖော်ပြကြောင်း စွပ်စွဲပြောဆိုပြီး NUG ဘက်တော်သား မီယာများအဖြင့် ပုံဖော်ပြောဆိုထားသည် ကိုစစ်ဆေးတွေ့ရှိရသည်။
NP News Talk Show ချန်နယ်လ်သည် သတင်းစာပညာကို လက်နက်အဖြင့် အသုံးချပြီး သတင်းအမှန် တင်ဆက်သယောင် စစ်ကောင်စီအတွက် ဝါဒဖြန့်နေသည့် ချန်နယ်တခုဖြစ်သည်။
“သူက သတင်းစာပညာကို အသုံးချပြီး ဝါဒတွေ ဖြန့်နေတာ။ သူပြောတာ နားထောင်ကြည့်ရင် ဘယ်လိုမျိုးတွေ ဖြစ်နေပြီ၊ ဘာဖြစ်ပြီ ညာဖြစ်ပြီပေါ့။ ဒါပေမယ့်လည်း စကစဘက်နေ လုပ်နေတာ” သတင်းအချက်အလက်စစ်ဆေးသူ Fact Checker တစ်ဦးက ပြောသည်။
သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများသို့ သွားရောက်ဖတ်ရှုကြရန် တိုက်တွန်းပါသည်။
သတင်းတု၊ သတင်းအမှားဟု ယူဆရသော သတင်းများကိုလည်း သျှမ်းသံတော်ဆင့်မှတစ်ဆင့် သတင်း၏ လင့်ခ် သို့မဟုတ် Screenshort ပုံ ပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။












Leave a Comments