Tuesday, January 27, 2026

ခေါင်းစဉ်အမျိုးမျိုးနဲ့ ငွေတောင်းနေတဲ့ PNO

သျှမ်းပြည် ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံးနဲ့ ပင်လောင်းမြို့နယ် အတွင်းမှာ သွားလာလှုပ်ရှားနေတဲ့ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA တို့အကြား ဇန်နဝါရီ တတိယပတ်မှ စတင်ပြီး ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီးတဲ့နောက် PNO က ပြည်သူများထံ အခွန်ကောက်ယူသည့် ကိစ္စတွေ ပိုပြီးများပြားလာပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က စစ်အင်အား အလုံးအရင်းဖြင့် အင်အားပြပြီးနောက် ကားချောဆွဲမှု၊ ကားရှိသော အိမ်များကို အခွန်ကောက်ယူမှုများ မကြာခဏ ပြုလုပ်လာတာကြောင့် ပြည်သူတွေက အခက်အခဲများ ကြုံတွေ့နေရပါတယ်။

ပင်လောင်း၊ ဆီဆိုင်ဒေသအတွင်းမှာ တိုက်ပွဲတွေကြောင့် အချို့က စစ်ဘေးရှောင်နေရသူတွေ ရှိသလို၊ စိုက်ပျိုးရေးကို သေချာစွာ မလုပ်ရတဲ့အတွက် ဝင်ငွေထိခိုက်ခဲ့ရပြီး၊ ကုန်ဈေးနှုန်း မြင့်တက်နေတဲ့အကြား လက်နက်ကိုင်အဖွဲ့တွေရဲ့ အကြောင်းအမျိုးမျိုး ပြပြီး အခွန်ကောက်နေတဲ့အတွက် ပြည်သူလူထုရဲ့ စားဝတ်နေရေးကိုလည်း ထိခိုက်နစ်နာစေခဲ့ပါတယ်။

ယခုလို ပအိုဝ်းပြည်သူ့စစ် PNO က အကြောင်းအမျိုးမျိုးပြ ခေါင်းစဉ်တပ်ကာ အခွန်ကောက်ယူနေတာနဲ့ ပတ်သတ်ပြီး ပြည်သူတွေ ဘယ်လိုရင်ဆိုင် ဖြေရှင်းနေရလဲဆိုတာကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဆိုင်အိုက်က ဒေသခံများထံ ဆက်သွယ်မေးမြန်ထားပါတယ်။

ခွန်စိန် (ပင်လောင်းမြို့နယ် ဒေသခံအမျိုးသားတစ်ဦး)

ကျနော်တို့ဆီမှာတော့ ၁ ခါ၊ ၂ ခါလောက် ကောက်တယ်။ ကားအမျိုးအစားပေါ် မူတည်ပြီး ကောက်တာပါ၊ လပိုင်းတော့ ကြာပြီ။ မထည့်နိုင်တဲ့ လူတွေလည်း ရှိပါတယ်။ အဲ့တုန်းကတော့ ခြိမ်းခြောက်မှုတွေတော့ ရှိခဲ့တာ‌ပေါ့။ တခြားရွာတွေမှာတော့ ဆက်‌ကောက်နေလောက်တယ်။

ဒီလိုကောက်နေတော့ မိသားစု စားဝတ်နေရေးအတွက်ကတော့ ထိခိုက်စေတာ‌ပေါ့။ ကုန်စည်စီးဆင်းမှုက ကြပ်တည်းလာတော့ အခက်အခဲ ဖြစ်လာတာပေါ့။ ဒီ တစ်ရက်လုပ် တစ်ရက်စားတဲ့လူတွေ ရှိတယ်လေ၊ သူတို့ကိုလည်း အခက်အခဲတွေ ဖြစ်စေတာပေါ့။

အခွန်ကောက်ပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့ နေရာတွေမှာ သုံးရင်တော့ ကိစ္စမရှိဘူးပေါ့နော်။ အလွဲသုံးစား မလုပ်ရင်‌ပေါ့၊ သိဖို့ပေါ့။ တချို့တွေကျတော့ သူတို့ဟာသူတို့ ကောက်ပြီးတော့ ဒေသမှာ ကာကွယ်ပေးဖို့ ဒါမျိုးဆိုရင်တော့ ကျနော်တို့လည်း မငြင်းပါဘူး။ တချို့ကျတော့လည်း အဲ့လိုမဟုတ်ဘဲနဲ့ အလွဲသုံးစားတွေ လုပ်နေတာတွေကိုတော့ မရှိစေချင်ဘူးပေါ့ဗျာ။

နန်းဦး (ဆီဆိုင်မြို့နယ် ဒေသခံအမျိုးသမီးတစ်ဦး)

သူတို့ကောက်တာက ကျပ် ၅ သောင်း ကနေ ကျပ်ငွေ ၁ သိန်းပါ။ တချို့ရွာတွေမှာတော့ သူ့စက်ပေါ် မူတည်ပြီးတော့ ပေးရတာ၊ စက်ကြီးဆိုရင်လည်း ထော်လာဂျီတောင် ၁ သိန်း ပေးရတာပဲလေ။ စစ်ကလည်း ဖြစ်ခဲ့တာဆိုတော့ အကုန်လုံးက လယ်ယာတွေ မလုပ်ရဘူးလေ၊ အကုန်လုံးက စစ်ဘေးရှောင်နေကြတာကို။ ဘာအလုပ်မှလည်း မလုပ်ဖြစ်ကြတော့ ‌‌ငွေကြေး အခက်အခဲတွေတော့ ကြုံတွေ့နေရတာပေါ့။

ရွာကလူတွေကတော့ နေ့စားအလုပ် လုပ်တာတွေရှိတယ်၊ အကုန်လုံးကတော့ ချွေတာသုံးနေကြတာလေ။ တချို့တွေက မရှိတော့လည်း မတတ်နိုင်တာတွေ ရှိတယ်၊ အကြာကြီး စစ်ဘေးရှောင်ခဲ့ရတာလေ။ အဲ့လိုတွေ အခွန်ပေးဖို့ ဖြစ်လာတော့ ပိုက်ဆံတွေရှိတဲ့ လူတွေဆီမှာ ပိုက်ဆံချေးငှားကြရတာပေါ့၊ သူများချေးပေးသလောက် ယူရတာပေါ့။

ဘယ်စစ်မဆိုပေါ့ ငြိမ်းချမ်းမှု မရှိရင်တော့ အကုန်လုံးကတော့ တူတူပါပဲ။ ပြည်သူတွေပဲ ဒုက္ခရောက်ကြတာလေ၊ ပြည်သူတွေပဲ ပြေးကြတာလေ။ ပြည်သူတွေရဲ့ ပစ္စည်းတွေကိုလည်း သူတို့က ယူပြီး စားကြတာပဲလေ။ လူတိုင်းကတော့ ဘာအလုပ်မှလည်း သေချာမလုပ်ခဲ့ရတော့ အကုန်လုံးကတောာ့ အခက်အခဲတွေ ရှိနေတုန်းပါပဲ။

ဦး‌အောင် (ဟိုပုံးမြို့နယ် ဒေသခံအမျိုးသားတစ်ဦး)

သူတို့ ချောဆွဲပြီးကတည်းက စပြီးကောက်တာပဲ၊ မြို့ထဲတွေမှာတော့ သိပ်မကောက်ရဲကြဘူး။ သူတို့ကတော့ ပအိုဝ်းအချင်းချင်းကို အဓိကထား ကောက်တာလေ။ ဟိုပုံးကော အနီးအနား ကျေးရွာတွေကော ကောက်နေတာလေ။ သူတို့တွေက ကောက်နေတာ ခဏခဏပါပဲ။ ရွာမှာကတော့ ဈေးအမျိုးမျိုး တောင်းယူတာပေါ့။

အခုက တော်တော်‌လေးကို ခက်ခဲတယ်၊ စစ်မှုထမ်းဖို့ကလည်း ပေးရတယ်။ အဲ့ကားရှိတဲ့ ကိစ္စတွေကော ပေးရတာလည်း ရှိတော့ ပြည်သူအပေါ်လည်း မကြည့်ဘူးပေါ့၊ သူတို့အတွက်ပဲ သူတို့ ကြည့်ကြတာကော။ ပြည်သူတွေ ရှာစားရတာ ပိုခက်သွားတာပေါ့။ သူလုပ်နေတာ မဟုတ်သေးဘူးလေ။ မရှိတဲ့လူတွေအတွက်လည်း အခက်အခဲတွေဖြစ်စေတယ်လေ။

ပအိုဝ်းလူငယ်အစည်းအရုံး PYO တာဝန်ခံတစ်ဦး

PNO/PNA အနေနဲ့ကတော့ တောက်လျှောက်လုပ်နေတဲ့ ကိစ္စပေါ့လေ။ သူတို့ လှုပ်ရှားနေတဲ့ အထူးဒေသ (၆) မှာ အခွန်ကောက်ယူတဲ့ ကိစ္စကတော့ ခေါင်းစဉ်အမျိုးမျိုးနဲ့ တောက်လျှောက် ရှိနေပေါ့လေ။ အခွန်ကောက်ယူမှု ကိစ္စနဲ့ ပတ်သတ်ပြီးတော့မှ ဒေသခံလူထုတွေ အနေနဲ့တော့ အဆင်ပြေသည်ဖြစ်စေ၊ မပြေသည်ဖြစ်စေ၊ တောက်လျှောက်ထည့်နေရတဲ့ အနေအထားမှာတော့ အများကြီး ရှိနေတယ်ပေါ့လေ။ ဆိုတော့ မထည့်လိုလည်း မရတဲ့ အခြေနေမှာလည်း အများကြီးတွေ့ရတယ်ပေါ့။

အခွန်ကောက်ယူမှုနဲ့ ပတ်သတ်ပြီးတော့မှ လူထုတွေကတော့ အဆင်ပြေနေတဲ့ အခြေအနေမျိုးမှာတော့ မရှိဘူးလေ။ လက်ရှိအခြေအနေမှာတော့ မထည့်ချင်လည်း ထည့်ရတယ်၊ အဆင်မပြေလည်း ထည့်ရတယ်ပေါ့လေ။ အခွန်ကောက်ယူတာနဲ့ ပတ်သတ်ပြီးတော့ မတူညီတဲ့ အခင်းအကျင်းအောက်မှာ ရင်ဆိုင်နေရတယ်။ တချို့တွေကြတော့ ပေးစရာမရှိတော့ အကြွေးနဲ့ ယူပြီး ပေးနေရတာတွေလည်း ရှိနေတယ်။

ထိခိုက်မှုလို့ ပြောရင်တော့ မတူဘူးပေါ့၊ တချို့တွေကြတော့ ကြပ်တည်းနေတဲ့ မိသားစုဆိုလို့ရှိရင် တချို့က စားစရာ သောက်စရာ မရှိတောင်မှ ဒီအခွန်ပေးနေရတဲ့ အခြေအနေမျိုးလည်း အများကြီးပဲ။ အခွန်လို့ ပြောလိုက်ရင်လည်း အများကြီး တခါတခါ တစ်ကြိမ်တစ်ကြိမ်မှာ ပေးရတာလည်း မတူဘူးလေ။ ကျနော်တို့ ပိုပြီးတွေ့နေရတာက စစ်ဖြစ်ပွားနေတဲ့ ဧရိယာမှာ အခွန်ကောက်ယူမှုက ပိုပြီးတော့ မြင့်တက်နေတာမျိုးတွေ တွေ့ရတယ်။

တစ်ဘက်မှာလည်း စစ်ရှောင်နေတဲ့ အတောအတွင်းမှာ စားဝတ်နေရေးကို မနည်း ပြေလည်အောင် ဖြေရှင်းနေရတဲ့ ကြားထဲမှာမှ ဒီလိုမျိုး အခွန်ကို မဖြစ်မနေ ပေးနေရတယ်ဆိုတဲ့ အနေအထားမျိုးက အရမ်းခက်ခဲတယ်ဆိုတဲ့ နေရာထက် ကျမတို့ ပြောရတာ များတယ်။

တောက်လျှောက်ကတော့ လူထုတွေဆီကနေ တုန့်ပြန်မှုကတော့ အသက်မသေအောင်ပဲ နေနေရတယ်ဆိုတဲ့ အနေအထားမျိုးလည်း အများကြီး တွေ့ရတယ်။ ဘယ်သူမှ အဆင်ပြေနေတဲ့ အနေအထားမျိုးမှာတော့ မရှိဘူး။

တခါတလေမှာ အခွန်လို့ ပြောလိုက်ရင်လည်း အများကြီးပေါ့လေ၊ လက်နက်ကိုင် အစုအဖွဲ့တွေကလည်း များတဲ့အပေါ်မှာ သူတို့ပေးနေရတဲ့ အခွန်ကလည်း ဟိုအစုအဖွဲ့ ပေးရ၊ ဒီအစု အဖွဲ့ပေးရ ဆိုတာလေ။ တချို့သော ဒေသတွေမှာကျတော့ ၃ သိန်းကနေ ၅ သိန်းကြားတောင် ပေးရတာရှိတယ်။ နည်းနည်းစီ ပေးရတဲ့ အခွန်တွေကလည်း အရမ်းများတယ်။ ဒေသတစ်ခု နဲ့ ဒေသတစ်ခုက မတူဘူး။ တချို့ဒေသကလည်း ၅ သိန်းက‌နေ ၁၀ သိန်းကြားမှာ ပေးနေရတဲ့ အခြေအနေ အများကြီးရှိတယ်၊ အခွန်လည်းပေးရတယ် စစ်သားစုဆောင်းတဲ့ အထဲမှာလည်း ပေးရတယ်။

ထိခိုက်မှုလို့ပြောရင် တိုက်ရိုက်အားဖြင့် သော်လည်းကောင်း၊ သွယ်ဝိုက်အားဖြင့် သော်လည်းကောင်း ရှိမယ်ပေါ့လေ။ ဆိုတော့ အဓိက ကတော့ အခွန်ကောက်ယူမှုထက်စာရင် ခြိမ်းခြောက်မှုကြီးက ပိုပြီးတော့ ဖြစ်ပေါ်နေတာမျိုးပေါ့လေ။ ဉပမာဆိုရင်တော့ ကျေးရွာတစ်ရွာမှာ PNO/PNA အားမပေးလို့ပဲဖြစ်ဖြစ်၊ တော်လှန်ရေးကို အားပေး ထောက်ခံလို့ပဲဖြစ်ဖြစ် သူတို့ အနေနဲ့ ဖိအားပေး ခြိမ်းခြောက်တဲ့ ကိစ္စရပ်က တောက်လျှောက်ရှိနေတယ်။

နောက်ထပ်တစ်ခုကျတော့ ဒီလိုမျိုး အားပေးနေတဲ့အပေါ်မှာ နေအိမ်ကို မီးရှို့ခံရတဲ့ ကိစ္စရပ်တွေ နောက်ပြီးတော့မှ အိမ်တိုင်ရာရောက် ခြိမ်းခြောက်တဲ့ ကိစ္စရပ်တွေ တောက်လျှောက် ဖြစ်နေတာလေ။ အခွန်ကောက်ယူမှု ကိစ္စကလည်း သက်ရောက်မှုရှိသလိုမျိုး အခွန်ကောက်ယူမှုထက် တိုက်ရိုက်ဖိအားပေးနေတဲ့ ကိစ္စရပ်တွေ လက်တွေ့မှာ ဒီလိုမျိုး ခြိမ်းခြောက်ပြီး လုပ်ဆောင်နေတဲ့ ကိစ္စရပ်က ရှိနေတာ ဖြစ်တဲ့အတွက်ကြောင့်မလို့ ဒီလိုကိစ္စတွေက ဘယ်လောက်ထိ ထိခိုက်မှုရှိလဲလို့ ပြောလာရင် သက်သေအထောက်အထားနဲ့ ပြဖို့ကတော့ နည်းနည်းခက်တယ်ပေါ့နော်။

အဓိကတော့ ဘယ်အစုအဖွဲ့ပဲ ဖြစ်ဖြစ်လေနော် လူထုကို ဒီလိုမျိုး မတရား အခွန်ကောက်နေတဲ့ ကိစ္စရပ်ကတော့ လုပ်နေတဲ့ ကိစ္စရပ်ကတော့ မလုပ်သင့်ဘူး ရှိလည်းမရှိသင့်ဘူး။ နဂိုအဖွဲ့အစည်းက ဖွဲ့စည်းချမှတ်ထားတဲ့ မူပေါ်လစီမှာလည်း ဒီလိုမျိုး ရှိကြမယ်မထင်ဘူး။

ဒီလိုမျိုး လုပ်နေတဲ့အပေါ်မှာကျတော့ လူထုကိုဖိနှိပ်တာ အာဏာရှင်နဲ့ တူတူပဲပေါ့လေနော်။ ဒီလိုမျိုး လုပ်နေတာတော့ လုပ်လည်း မလုပ်သင့်ဘူး ရှိလည်းမရှိသင့်ဘူး။

ပိုဆိုးတာက လူထုကို ငွေထုပ်လို့ မြင်နေတဲ့ ကိစ္စက တော်တော်လေး အဆင်မပြေဘူး။ လူထုတွေက တစ်နေ့တစ်နေ့ သူတို့ရဲ့ စားဝတ်နေရေးကို ပြေလည်အောင် မနည်းဖြေရှင်းနေတဲ့ ကြားလူထုတွေကို ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီးတော့ လူထုတွေဆီကနေ ရသမျှ ယူနေတဲ့ ကိစ္စရပ်က ဒါမျိုးကျတော့ မလုပ်သင့်ဘူးလို့တော့ ပြောနေကြ ကိစ္စရပ်ပေါ့လေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...