ကချင်ပြည် ဗန်းမော်မြို့ကို စစ်ကောင်စီက နေ့စဉ် ရက်ဆက်လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေပြီး ဒေသခံနေအိမ်များလည်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ (ဒီဇင်ဘာလ ၁၀) ရက် မနက်ပိုင်းတွင် ဗန်းမော်မြို့ နှစ်မိုင်ရပ်ကွက်၊လေယာဉ်ကွင်း အနီး တစ်ဝိုက်ကို စစ်ကောင်စီက လေကြာင်းဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး မြို့အတွင်း၌ မီးလောင်းမှုများဖြစ်ပွားခဲ့ကြောင်း ဗန်းမော်မြို့ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“နှစ်မိုင်ဘက်ရယ် မြို့ထဲက လေယာဉ်ကွင်းအနီးတွေမှာ တိုက်ပွဲတွေကြောင့် မီးလောင်းနေတာတော့ သိရတယ်။ဗုံးကြဲတာကတော့မနက်ပိုင်းမှာ ဖြစ်တာ ထိခိုက်တာတော့ ရှိတယ်။ လူဦးရေက အတိအကျ မသိရဘူး။”ဟု ဗန်းမော်ြမို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိတွင် ဗန်းမော်မြို့အတွင်းကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်တို့က စစ်ကောင်စီ၏ ဗန်းမော်မြို့ တက္ကသိုလ်ကျောင်းတွင် တပ်စွဲထားသည့် စစ်တပ်၊မြို့အပြင်ရှိ ခလရ ၄၇ နှင့် မံစီမြို့စောင့်တပ် ခမရ ၆၀၁၊၃၁၉ တပ်တို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်နေ့ မှစတင်၍ စစ်ကောင်စီတပ် နဲ့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်တို့ တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီ မှ နေ့စဉ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ် နေသည်။
တိုက်ပွဲများကြောင့် ဗန်မော်မြို့ ဒေသခံများ ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်နေကြရပြီး မြို့၌ အိမ်စောင့်များ ကျန်ရှိနေသော်လည်း အိမ်စောင့်မရှိသောနေအိမ်များနှင့် ဆိုင်ခန်းများသည် ဖောက်ထွင်းခိုးယူခြင်းများ ခံနေရကြောင်းသိရသည်။












Leave a Comments