သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် မြို့မဈေးထဲတွင် ဓားပြတုက်ရန် ကြံရွယ်သူ ရဲတပ်ဖွဲ့များက လိုက်လံဖမ်းဆီးရာ၌ သေနတ်ပစ်ဖောက်မှုဖြစ်ပွားပြီး ပြည်သူများအထိတ်တလန့်ဖြစ်ခဲ့ရကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် (ဒီဇင်ဘာလ ၇ ရက်)နေ့ နံနက်ပိုင်းအချိန်တွင် မြို့မဈေးထဲတွင် ဓားပြတိုက်ဖို့ ကြံရွယ်သူ (၃) ဦးကို ဈေးထဲရှိ ဒေသခံတစ်ဦးက ရဲတပ်ဖွဲ့နှင့်တာဝန်ရှိသူကို ဖုန်းဆက် အကြောင်းကြားခဲ့သည်။
ထို့နောက် သက်ဆိုင်ရာများက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

“အဲနေ့က မြို့မဈေးထဲကို တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်လုပ်နေတာ ဆိုင်ရှင်တွေလည်း ရိပ်မိတယ်။ ဓားပြတိုက်တော့မှာကိုလည်း ကြိုသိနေကြတယ်။ နမ့်စန်မှာက မကြာခဏ ရွှေဆိုင်တွေ တိုက်ခံရတယ်လေ။ အဲအနီးက တစ်ယောက်လည်း ရဲကို လှမ်းဆက်ပြီး လာဖမ်းခိုင်းလိုက်တယ်”ဟု ၎င်းက ပြောသည်။
တာဝန်ရှိသူနှင့် ရဲတပ်ဖွဲ့များ ရောက်လာချိန်တွင် ၎င်းအမျိုးသား (၃)ဦး ထွက်ပြေးရာတွင် ထိုထဲမှ တစ်ဦးက ရဲတပ်ဖွဲ့ကို ဓားဖြင့်ပြန်လည်ထိုးသဖြင့် ရဲတပ်ဖွဲ့များက သေနတ်ဖြင့် ငါးချက်ပစ်ခတ်ခဲ့သည်။
ထိုပစ်ခတ်မှုပြီးနောက် ဈေးထဲရှိ ဒေသခံအချို့နှင့် ရဲများ လိုက်လံဖမ်းဆီးရာတွင် ၂ ဦးမိပြီး ၁ ဦး လွတ်မြောက်သွားသည်ဟု နမ့်စန်မြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
၎င်းသေနတ်ပစ်ခတ်သံတွေကြောင့် ဈေးထဲရှိ ဈေးရောင်းသူသားများ အားလုံး ထိတ်လန့်မှုဖြစ်ပွားပြီး ဆိုင်များပိတ်ထားလိုက်သည်ဟု သိရသည်။
“ဓားပြတိုက်မဲ့သူက ၃ ယောက်ရှိတယ်။ ဈေးထဲမှာ လိုက်ဖမ်းရင် ရဲတစ်ဦးက ဓားနဲ့ထိုးခံလိုက်ရတယ်။ ဈေးထဲမှာ ၁ယောက်နဲ့ ပန်းကမ္ဘာလက်ဖက်ရည်ဆိုင်အနီးမှာ ၁ယောက်ထပ် မိသွားတယ်။ အဲအနီးက လူတွေလည်း ဝိုင်းရိုက်ကြတယ်။ ၁ယောက်ကတော့ လွတ်သွားတယ်”ဟု ၎င်းက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တစ်ဝှမ်း သူခိုး ၊ ဓားပြ ၊ လောင်းကစားဝိုင်း ၊ မူးယစ်ဆေးဝါးများ ပိုမိုများလာပြီး နမ့်စန်မြို့တွင်လည်း ယခုနှစ်တွင် ရွှေဆိုင်များ ဓားပြတိုက်ခံရမှု ၄ ကြိမ်ထက် မနည်း ရှိနေကြောင်း သိရသည်။
အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။












Leave a Comments