မြန်မာ-ထိုင်းနယ်စပ်တလျှောက်ရှိ ‘ဝ’တပ်ဖွဲ့ UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသ လက်အောက်ခံ တပ်စခန်း (၉) နေရာကို တစ်လအတွင်း တပ်ဆုတ်ခွာပေးရန် ထိုင်းစစ်တပ်က တောင်းဆိုထားကြောင်း စုံစမ်းသိရသည်။
နိုဝင်ဘာလ (၁၈) ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ထိုင်းစစ်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA တောင်ပိုင်း(၁၇၁) စစ်ဒေသမှ (၆) ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံခဲ့စဉ် နယ်စပ်ဒေသ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ဘက် ထိစပ်နေသည့် နယ်နိမိတ်မျဉ်းပေါ်ရှိ UWSA တပ်စခန်း (၉) နေရာကို တစ်လအတွင်း တပ်ဆုတ်ခွာပေးရန် ထိုင်းစစ်တပ်မှ ပြောဆိုခဲ့ကြောင်း ဝါရင့်တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောဆိုသည်။
“ဝ ကိုယ်စားလှယ်တွေက ထိုင်းစစ်တပ်ရဲ့ အထူးကိုယ်စားလှယ်တွေနဲ့ ချင်းမိုင်မှာ လာတွေ့တယ်။ ဝ ဘက်ကတော့ ထိုင်းနယ်စပ်မှာ ရှိနေတဲ့ ၁၇၁ စစ်ဒေသရဲ့ ကိုယ်စားလှယ်တွေ လာတယ်။ သူတို့ကလည်း ထိုင်းဘက်က ဖိတ်ခေါ်လို့ လာတာဖြစ်တယ်။ အဲ့မှာ တွေ့တာနဲ့ နယ်စပ်မှာ ရှိတဲ့တပ်တွေကို ရုပ်သိမ်းဖို့ တခါတည်းပြောတယ်”ဟု ဝါရင့်တော်လှန်ရေး ရဲဘော်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုင်းစစ်တပ်မှ မယ်ဟောင်ဆောင်ခရိုင် ထိုင်း-မြန်မာ နယ်စပ်တကြောရှိ UWSA တပ်စခန်း (၉) နေရာကို ဒီဇင်ဘာလ (၁၈) ရက် နောက်ဆုံးထား၍ တစ်လအတွင်း တပ်ဆုတ်ပေးရန် ပြောဆိုခဲ့ခြင်းကြောင့် နှစ်ဘက်တပ်များမှ အသင့်အနေအထား စစ်ပြင်ဆင်နေကြောင်း ဒေသခံများအကြား ပျံ့နှံ့သွားသည်ဟု ဆိုသည်။
“မဆုတ်ပေးရင် တိုက်မှာဆိုတဲ့ ပုံစံနဲ့ အဲ့လိုမျိုးဖြစ်တာ ဟိုးလေးတကျော် ဖြစ်သွားတာပေါ့။ ထိုင်းတပ်မတော်ကို မေးတော့ နယ်စပ်အခြေအနေ ဘာမှ ထူးထူးခြားခြား မပြောင်းလဲသေးပါဘူး အရင်ကလိုပါပဲ။ မီဒီယာကရေးတဲ့ အခု ချက်ချင်းပဲ ချတော့မလို ရေးသွားတာ အဲ့လိုမျိုး မဟုတ်ပါဘူး။ ဝ ဘက်တော့ မဆုတ်ဘူးလို့ တင်းခံထားတာမျိုး မဟုတ်ဘူး”ဟု ၎င်းဝါရင့် တော်လှန်ရေးရဲဘော်က ဆက်ပြောသည်။
အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသ စစ်ဦးစီးအဖွဲ့ဝင်က ၎င်းတို့ လက်ရှိတပ်ခန်းချထားသည့် နေရာများသည် ယခင်က MTA တပ်များ အခြေချခဲ့သည့် နေရာများဖြစ်ပြီး MTA လက်နက်ချပြီးနောက်တွင် လာရောက်အစားထိုးခြင်းသာ ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု ဝါရင့်တော်လှန်ရေးရဲဘော်ထံမှ သိရသည်။
“နယ်စပ်ဆိုတာ အစိုးရချင်းပဲ ဆုံးဖြတ်လို့ရတယ်၊ ကျနော်တို့က အစိုးရ မဟုတ်ဘူး။ ဒီနယ်စပ်က ဗမာဘက်ပိုင်း ဖြစ်တယ်၊ ထိုင်းဘက်ပိုင်းဖြစ်တယ်လို့ ကျနော်တို့ ဆုံးဖြတ်ခွင့် မရှိဘူး။ ဆုံးဖြတ်ခွင့် ရှိတဲ့လူတွေ ပြောဖို့လိုတယ်၊ အဲ့တာကြောင့် ကျနော်တို့နဲ့ ပြောမယ့်အစား နေပြည်တော်နဲ့ ပြောပါဆိုပြီး သူတို့လည်း ပြန်သွားတယ်။ ဝ ရဲ့ အကြောင်းပြချက်က ဘယ်လိုနည်းနဲ့မဆို ခိုင်လုံတယ်လို့ ပြောရမှာပေါ့”ဟု ၎င်းက သျှမ်းသံတော်ဆင့်ကို ပြောဆိုသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ နယ်နိမိတ်ကိစ္စရပ်များနှင့် ပတ်သက်ပြီး နိုင်ငံတော်အချင်းချင်း ဆွေးနွေးရမည့် ကိစ္စဖြစ်ပြီး နိုင်ငံတော်ခေါင်းဆောင်များကိုလည်း သတင်းပို့ထားပြီးဖြစ်ကြောင်း ‘ဝ’ပြင်ပဆက်ဆံရေး တာဝန်ခံဖြစ်သူ ဦးညီရမ်းက ‘ဝ’လူငယ့်အသံကွန်ရက် မီဒီယာသို့ ယမန်နေ့ (နိုဝင်ဘာလ ၂၅ ရက်) တွင် ဖြေကြားထားသည်။
‘ဝ’တပ်ဖွဲ့ UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသသည် လွန်ခဲ့သည့် နှစ် (၃၀) ကျော် ဗိုလ်ချုပ်ခင်ညွှန့် လက်ထက်မှ စတင်၍ ထိုင်းနယ်စပ်တလျှောက်တွင် တပ်စခန်းများ စတင်အခြေချခဲ့သော်လည်း ထိုင်း-မြန်မာ မည်သည့်ပိုင်နက် နယ်နိမိတ်တွင် ပါဝင်နေသည်ကို မည်သူမျှ အသိအမှတ်ပြုခဲ့ဖူးခြင်း မရှိကြောင်း ဆိုသည်။
အလားတူ ယမန်နှစ် ဇွန်လအတွင်းကလည်း တာချီလိတ်မြို့တွင် ပြုလုပ်ခဲ့သည့် မြန်မာ-ထိုင်း နယ်စပ်ကော်မတီ (TBC) အစည်းအဝေးတွင် ထိုင်းအာဏာပိုင်များက စစ်ကောင်စီထံ နယ်စပ်မျဉ်းတလျှောက် အခြေစိုက်ထားသည့် UWSA တပ်စခန်း (၅) ခုကို ဆုတ်ခွာပေးရန် တောင်းဆိုခဲ့ရာ လက်ခံမည်မဟုတ်ကြောင်း UWSA ဘက်မှ တုံ့ပြန်ပြောဆိုခဲ့သည်။
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်အတွင်း တည်ရှိပြီး ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် ‘ဝ’တပ်ဖွဲ့ တောင်ပိုင်းစစ်ဒေသ (၁၇၁) တွင် တပ်မဟာ (၅) ခု၊ တပ်ရင်း (၂၅) ခုဖြင့် ဖွဲ့စည်းထားပြီး ‘ဝ’လူဦးရေ တစ်သိန်းခန့် နေထိုင်သည်။












Leave a Comments