ပြိုကျ ပျက်စီးနေသော အဆောက်အဦးတွေကို ကြည့်ပြီး မျက်ရည်တွေမကျအောင် စကားတွေကို ထိန်းပြီးပြောသော်လည်း သူမ၏ တုန်ရီနေသည့် အသံက ထိန်းချုပ်၍မရ။
“ကျမတို့ ဘယ်လို ပြန်စရမှာလဲ။ ကျမတို့ နွေးထွေးတဲ့အိမ်လေး ဘယ်တော့ ပြန်ရမှာလဲ”ဆိုတဲ့ မနွယ်နွယ်စိုးတယောက် မေးခွန်းပေါင်းစုံဖြင့် တွေဝေနေသည်။
တစ်ဘဝလုံး ကြိုးစားတည်ဆောက်ခဲ့သည့်အိမ်၊ မျက်စိတမှိတ်အတွင်း ပြိုကျသွားတော့ မနွယ်နွယ်စိုးတစ်ယောက် မယုံနိုင်သေးသည့် မျက်နှာအမူအရာဖြင့် ရှိုက်ကြီးတငင် ငိုနေသည်။
ထိုအဖြစ်အပျက်ဟာ စက်တင်ဘာလ ၁၁ ရက်က သျှမ်းပြည်ကလောမြို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဆောင်းအငွေ့အသက်များနှင့် အစိမ်းရောင်ထင်းရှူးတောများ ဝိုင်းရံထားသည့် တောင်ပေါ်မြို့ ဖြစ်သည့် ကလောမြို့တွင် စက်တင်ဘာလ ရေကြီးခဲ့သည့်ဖြစ်စဉ်က နှစ် ၁၀၀ အတွင်း အဆိုးဝါးဆုံးဖြစ်သည်။
သမိုင်းတွင် စံချိန်တင်ခဲ့သည့် ရေကြီးမှုဖြစ်သည်။

“၁၅ မိနစ်အတွင်းမှာဘဲ ဖြစ်ပျက်သွားတာ။ အိမ်ကတဖြည်းဖြည်း လှုပ်လာပြီး တံခါးက တကျွတ်ကျွတ် မြည်လာတာ။ နောက်ဆုံး အိမ်ကအသံအရမ်းမြည်လာတော့ ဘယ်လိုမှ ပစ္စည်းဆိုတာလည်း ယူချိန်မရဘူး” ဟု မြေပြိုမှုအတွင်း ထွက်ပြေးလွတ်မြောက်လာခဲ့သည့် မနွယ်နွယ်စိုးက ပြောပြသည်။
အဲ့ဒီအချိန်တုန်းက “သွားပြီဟေ့..သွားပြီ”ဆိုသည့် ငယ်သံပါအောင် အော်ရုံကတပါး ဘာဆိုဘာမှ ပြန်မရပါဘူး။
ဒီဖြစ်ပျက်က ယခုနှစ် (၂၀၂၄) ခုနစ် စက်တင်ဘာလဆန်းပိုင်းက ဗီယက်နမ်နိုင်ငံကိုဖြတ်ပြီး တိုက်ခိုက်ခဲ့သည့် ယာဂီ မုန်တိုင်း၏ အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့ မိုးသည်းထန်စွာရွာခဲ့သည်။
ထိုအရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့ ရေကြီး ရေလျှံမှုများ၊ မြေပြိုမှုများ ဖြစ်ပေါ်ကာ လူပေါင်းရာနှင့် ချီသေဆုံးပြီး လူ ၁ သန်းခန့် ရေဘေးဒုက္ခကြုံတွေ့ခဲ့ရသည်ဟု ကုလသမဂ္ဂလူသားချင်းစာနမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီကလည်း မြန်မာပြည်တဝှမ်း ရေဘေးကြောင့် ၄၃၆ ဦး သေဆုံးပြီး ၆၆ ဦး ပျောက်ဆုံးသည်ခဲ့ဟု အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်သည်။
သို့ပေသော်လည်း ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄,၀၀၀ ကျော်ရှိသည့် တောင်ပေါ်မြို့ ထင်ရှူးမြို့ဟု ထင်ရှားသည့် ကလောမြို့တွင် တစ်မြို့လုံးနီးပါး ရေလွှမ်းခဲ့ပြီး လူဆယ်ချီသေဆုံးခဲ့ရသည့်ဖြစ်စဉ်မှာ ထူးခြားဖြစ်ရပ်လိုပင်။

ရေကြီးမှု၊ တောင်ပြိုကျမှု ဒဏ်ကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှုကို တစ်လကျော်ကြာ ရင်ဆိုင်လာခဲ့ရသော်လည်း လက်ရှိအချိန်ထိ ပြန်လည်ထူထောင်ရေး နှင့် စားဝတ်နေရေး က ဆက်လက် ခက်ခဲနေသေးကြောင်း ကလောမြို့နယ် ရေဘေးကူညီကယ်ဆယ်နေသည့် အသက် ၃၀အရွယ်ရှိ ကိုကျော်စွာ က ပြောသည်။
ကလောမြို့နှင့်တစ်နာရီခန့် ကားဖြင့်သွားရသည့် လွန်းထိုးကျေးရွာ၊ ညောင်ကုန်းကျေးရွာ နှင့် မိုင်းတောင်း ကျေးရွာသို့ သွားရန် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်နေရာဖြစ်သဖြင့် လူမှုကယ်ဆယ်ရေးများလည်း ရောက်ရှိရန် ခက်ခဲသည့် နေရာတစ်ခုဖြစ်သည်။
“ ကျနော်တို့ ရောက်တော့ အိမ်တွေ၊ဘုန်းကြီးကျောင်းတွေကစ မြေ၊ရွှံနွံတွေဖုံးလွှမ်းနေပြီ။ ဘာဆို ဘာမှ ရစရာမရှိဘူး။ သူတို့ဆီရောက်ဖို့ကလည်း လမ်းက ခက်တော့ ကားကြီးတွေမှ သွားလို့ရတယ်” ဟု ကိုကျော်စွာ က မြင်တွေ့ခဲ့ရသည့် မြင်ကွင်းကို ပြန်ပြောပြသည်။
လက်ရှိ ထိုဒေသများတွင် နေအိမ်ပြန်တည်ဆောက်ရန် ထက် စားဝတ်နေရေး အဓိက အားဖြင့် ရေခက်ခဲမှုကို ပိုပြီးကြုံနေရကြောင်း ကိုကျော်စွာက ပြောသည်။
“ တောင်ပေါ်ဒေသက ရေပြဿနာက ကြီးလေးတဲ့အရာပဲ။ အခုလို ရွှံ့နွံတွေ ဖုံးတော့ သောက်ရေ သုံးရေက ပိုခက်တာပေါ့။ ရေခက်ခဲမှုရဲ့နောက်ဆက်တွဲ ကျန်းမာရေးတွေ ဖြစ်လာနိုင်တယ်” လို့ ၎င်းက ထပ်လောင်းပြောသည်။
ကလောမြို့ သည် ရေကြီးမှုဒဏ်ကို တကြိမ်တခါမျှ မကြုံဖူးခဲ့သည့်အတွက် ကြိုတင်ပြင်ဆင်မှုမျိုးမပြုလုပ်ခဲ့ကြောင်း၊ ထိုကဲ့သို့ ဖြစ်လာမည်ကိုလည်း ထင်မှတ်မထားကြောင်းလည်း ကလောမြို့ အသက် ၄၀ကျော်အရွယ်ရှိ ရေးဘေးကြုံတွေ့ရသူ အမျိုးသားတစ်ဦးက ဆိုပြန်သည်။
“ ရေကြီး၊ အိမ်တွေပြိုတော့ ဘာပစ္စည်းမှ မသယ်နိုင်ဘူးလေ။ အကုန်ရေအောက်ရောက်ကုန်တာပေါ့။ ဘဝကို အသစ်ပြန်စရမှာပဲ” ဟု ပြောသည်။
ယခုနှစ်အတွင်း သျှမ်းပြည်တောင်ပိုင်းကလောမြို့နည်းတူ ရေကြီးမှု၏ ဒဏ်ကို ကြုံရသည့်မြို့သည် လင်းခေးမြို့နယ်၊ မိုးနဲမြို့နယ်၊ မောက်မယ်မြို့နယ်နှင့် သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်၊ မိုင်းယောင်းမြို့၊ မိုင်းဆတ်မြို့၊ တာချီလိတ်မြို့ အပါအဝင်ဖြစ်သည်။

ထိုဒေသများ၏ ရေကြီးမှုကို ကြည့်ခြင်းအားဖြင့် လူသားများသည် အခွင့်အာဏာကို အသုံးပြုပြီး သံယံဇာတကို အလွန်အကျွံ တူးဖော်ပြုလုပ်မှုကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ယခုကဲ့သို့ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှ ဒေသခံ နန်းနွန်း က ပြောသည်။
“ ကျမတို့ ဒီလိုရေကြီးမှုက တနှစ်ထက် တနှစ်ပိုဆိုးရွားလာတယ်။ ထင်မှတ်မထားတာ ဒီတနှစ်အတွင်း ရေကြီးတာ ၁၀ကြိမ်တိုင်ရှိတယ်။ မိုးတွင်းတတွင်းလုံး ဘာမှ လုပ်ကိုင်လို့မရဘူး။ မိုးရွာတာနဲ့ စိတ္တဇဖြစ်ရတယ်။ အိပ်မရ စားမရပါပဲ” ဟု နန်းနွန်းက မိုးရွာသီ ရေကြီးမှုတွင်ကြုံတွေ့ရသည့် အခက်အခဲကို ရင်ဖွင့်လာခြင်းဖြစ်သည်။
သျှမ်းပြည် အတွင်း ရေကာတာ တည်ဆောက်ခြင်း၊ ကျောက်မီးသွေး တူးဖော်ခြင်း၊ သတ္တုတူးဖော်ခြင်းတို့ကို အလွန်အကျွံ တူးဖော်ရန် သစ်ပင်များခုတ်ခြင်းကြောင် မိုးရွာသည့်အချိန် ရေကိုစုတ်ယူမည့် သစ်ပင်မရှိသဖြင့် ရေကြီးမှု၊ တောင်ပြိုမှုကို ကြုံလာရခြင်းဖြစ်ကြောင်း သျှမ်းသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ မှ စိုင်းခေးဆိုင်က ပြောသည်။
“ကျနော်တို့ အမြဲတမ်းပြောခဲ့တယ်။ သစ်ပင်ခုတ်တာ ရေကာတာတည်ဆောက်တာ သတ္တုတူးဖော်တာတွေ ရွှေတူးဖော်မှုကို အခုက ဒီအကျိုးဆက်တွေကြောင့် ပြည်သူတွေပိုကြုံလာရတယ်။ ရေကြီးမှုတွေ တောင်ပြိုမှုတွေက ဒီထက်ပိုဆိုးလာမယ်” ဟု စိုင်းခေးဆိုင်က မှတ်ချက်ပြုသည်။
“ဥတု ရာသီ တောကိုမှီ” ဆိုသည့် စကားပုံအတိုင်း စီမံကိန်းကြောင့် သစ်ပင်များခုတ်ခြင်းကြောင့် ရာသီဥတုကို ထိန်းညှိပေးရန် အပြင် ရေကြီးမှုကိုထိန်းညှိပေးသည့် ဂေဟ စနစ်များလည်း ပျက်စီးနေကြောင်း စိုင်းခေးဆိုင် က ဆိုပြန်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုအများဆုံး နေရာက သျှမ်းပြည်နယ် ဖြစ်သည်ဟု ပတ်ဝန်းကျင်ပျက်စီးမှုနှင့် သစ်တောပြုန်းတီးမှုကို စောင့်ကြည့်လေ့လာနေသည့် ကမ္ဘာ့သစ်တော စောင့်ကြည့်ရေးအဖွဲ့ (Global Forest Watch) အဖွဲ့ က ထုတ်ပြန်ထားသည်။
ထိုထဲမှ ကလောမြို့နယ်ပါဝင်သည့် တောင်ကြီးခရိုင်သည် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း သစ်တောဖုံးလွှမ်းမှု ဧရိယာ ၁၁၆ ဟက်တာအထိ ပျောက်ဆုံးခဲ့သည်ဟု ဖော်ပြထားသည်။
၂၀၀၀ ခုနှစ်က ရှိခဲ့သည့် သစ်တောအခြေအနေနှင့် နှိုင်းယဉ်ပါက သစ်တောဧရိယာ ၁၂ ရာခိုင်နှုန်းအထိ လျော့ကျ သွားကြောင်း ကမ္ဘာ့သစ်တော စောင့်ကြည့်ရေးအဖွဲ့က ပြောသည်။
Global Forest Watch ၏ ဖော်ပြချက်အရ မြန်မာနိုင်ငံမှာ ၂၀၂၄ အောက်တိုဘာလတစ်လတည်းမှာတင် သစ်တော ပြုန်းတီးမှု ဧရိယာ ဧက သုံးထောင့်လေးရာကျော် (၃၄၃၄ ဒသမ ၇၆၅ ဧက) ရှိခဲ့သည်ဟု သိရသည်။
၂၀၀၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အနှစ် ၂၀ ကျော်အတွင်း သစ်တောပြုန်းတီးနေသည့် ထိပ်တန်း ၅ နေရာတွင် သျှမ်းပြည်နယ်၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကရင်ပြည်နယ်တို့ ဖြစ်သည်။ ထို ၅ နေရာပေါင်း ဧက ၉ သန်းကျော် သစ်တော်ပြုန်းတီးနေသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားသည့် ကာလမှစတင်ပြီး စစ်တပ်အာဏာသိမ်းပြီးအလွန် ကလောမြို့၏ ပတ်ဝန်းကျင် နေရာစုံတွင် အိမ်ရာစီမံကိန်း ဖော်ဆောင်ရန် သစ်တောများ ခုတ်ထွတ်ရှင်းလင်းခြင်းကြောင့် ဖြစ်သည်ဟု ကလောမြို့တက်ကြွလှုပ်ရှားသူ ကိုကျော် (အမည်လွှဲ) က ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးသည့်နောက် ငွေကြေးချမ်းသာသူများ၊ စီးပွားရေးလုပ်ငန်းရှင်များသည် စစ်ကောင်စီ လက်အောက်ခံ သစ်တော်ဦးစီးဌာနနှင့် ပူးပေါင်းပြီး အိမ်ရာစီမံကိန်းကို ကြီးကြီးကျယ်ကျယ် ဖော်ဆောင်လာနေခြင်းဖြစ်သည်ဟု ကိုကျော်က ထောက်ပြပြောဆိုသည်။
ထို့ကြောင့် သျှမ်းပြည်တဝှမ်းတွင် ယခုနှစ်ကဲ့သို့ ရေကြီး၊ မြေပြို၊ တောင်ပြိုမှု လမ်းကြောပြတ်တောက်မှုပြဿနာ ကို အကြီးမားဆုံး စတင်ကြုံတွေ့လာရသည့် နှစ်တနှစ်ဖြစ်လာသည်။
ထိုကဲ့သို့ ဖြစ်ပွားရခြင်းသည် ၂၀၂၁ခုနစ်နောက်ပိုင်း သျှမ်းပြည်တကြော ရွှေ၊ ကျောက်မီးသွေး၊ မင်ဂနီဒိုင်အောက်ဆိုဒ်၊ ခဲမဖြူ၊ အဖြိုက်နက်၊ ခနောက်စိမ်း နှင့် ကြေးနီးတို့ကို အလွန်အကျွံ ထုတ်လုပ်ပြီး အိမ်ယာစီမံကိန်းကို အကြီးအကျယ် ပြုလုပ်ခြင်းဖြစ်သည်ဟု သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် (SHRF) ကောက်ယူထားသည့် စာရင်းအရသိရသည်။
“ အခုချိန်ကတော့ အုပ်ချုပ်ရေးယန္တရားလည်း သယံဇာတ တူးဖော်မှုရော ထောက်ပြမယ်သူမရှိဘူးလေ။ ဒီနှစ် သျှမ်းပြည် ရေကြီးမှုက လူထုကို အသိပေးလိုက်တာပါပဲ။” ဟု SHRF ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန် က ထောက်ပြ ပြောဆိုလိုက်သည်။
ကိုဗစ်-၁၉ ကာလနှင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စနှင့်ပတ်သက်ပြီး ဥပက္ခာပြုခံနေရသည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို ဥပက္ခာပြုနေပါက သဘာဝတ်ပတ်ဝန်းကျင် ကလည်း လူထုကို ပြန်ပြီး ဒဏ်ခတ်မည် ဟု သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူများက ဆိုသည်။
ယခုကာလသည် အုပ်ချုပ်ရေးယန္တယားကြီး ပျက်စီးမှုနေမှုကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးအတွက် ဆက်လက်ပြီး သယံဇာတကို တူးဖော်နေမည်ဆိုပါက သျှမ်းပြည်သူ၏ အနာဂတ်သည် စစ်ပွဲကြောင့် အသက်ပေးနေရသကဲ့သို့ သဘာဝဘေးကြောင့်လည်း အသက်များဆက်လက်ပေးနေရမည်ဟု နန်းနွန်းက ပြောသည်။
“ သျှမ်းလူထုက စစ်ပွဲကြောင့်သေရသလို အခုဆိုရင် သဘာဝ ဘေးကြောင့် သေရ ငတ်ရတယ်။ သဘာဝတရားကို ဖျက်ဆီးတော့ သဘာဝ တရားက ပေးတဲ့ ဒဏ်ကို ကျမတို့ ပြန်ခံရတာပါပဲ” ဟု နန်းနွန်းက စိတ်မကောင်းစွာ ပြောဆိုလိုက်သည်။
နန်းဆိုင်နွမ်နှင့် စိုင်းဟန်လင်း ပူးပေါင်းရေးသားသည်။












Leave a Comments