Wednesday, December 4, 2024

လွိုင်လင် စစ်ကောင်စီက ဆေးသမားများကိုဖမ်းဆီး မြို့အဝင် ဂိတ် ကင်းစောင့်ခိုင်း

Must read

သျှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နှင့် အနီးတဝိုက်တွင် စစ်ကောင်စီက ဆေးသမားများကို ဖမ်းဆီးပြီး မြို့အဝင်၊အထွက် ဂိတ်များတွင် ကင်းစောင့်ခိုင်းနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ဒုတိယပတ်မှ စပြီး စစ်ကောင်စီတပ်မှ ဒေသတွင်း စစ်မှုထမ်းခေါ်ယူရန် လူအင်အားနည်းလာသောကြောင့် မူးယစ်ဆေးသုံးစွဲသူများကို ဖမ်းဆီးကာ တပ်သားသစ်အဖြစ် အစားထိုးစုဆောင်းလာကြောင်း သိရသည်။

အဆိုပါ တပ်သားသစ်များသည် လွိုင်မြို့ အဝင်၊အထွက် တွင် ဆေးသမားများက လက်နက်ကိုင်ဆောင်ကာ ဂိတ်စောင့်နေကြသည်။

“စစ်မှုထမ်းအတွက် လူသစ်စုဆောင်းတာက လူမရှိတော့ဘူး။ ဆေးသုံးတဲ့သူတွေကို အကုန်လိုက်ဖမ်းတယ်။ တပ်သားလုပ်ခိုင်းတယ်။ အခုဆိုမြို့ အဝင်ထွက် ဂိတ်တွေမှာ အရင်က တွေ့ဖူးနေတဲ့ ဆေးသမားတွေက လက်နက်ကိုင်ပြီး ဂိတ်စောင့်နေတာ။” ဟု လွိုင်လင်မြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

နောက်ဆက်တွဲအနေဖြင့် အဆိုပါ ဆေးသမားများက လက်နက်ကိုင်ပြီး ဂိတ်ကြေးများပိုမိုတောင်းခံလာမည်ကို စိုးရိမ်ကြောင်း ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

စစ်ကောင်စီမှ ကျေးရွာအုပ်စုအလိုက် တပ်သားသစ်များ စုဆောင်းမှုလုပ်ဆောင်ခဲ့ပြီး ယခုတစ်သုတ်တွင် ကျေးရွာခေါင်းဆောင်များက စုဆောင်းမပေးနိုင်ကြောင်း ပြောဆိုသောကြောင့် စစ်တပ်က ရသည့်နည်းဖြင့် တပ်သားခေါ်ယူနိုင်ကြောင်း သိရသည်။

“ ကိုယ်တွေရွာမှာက ကုန်ပြီလေ။ လူငယ်တွေလည်းမကျန်တော့ဘူး။ဒါကြောင့်မို့ နောက်ထပ်လာခေါ်ရင် မပေးတော့ဘူး။ အရင်က ပါသွားတဲ့ ဒေသခံတွေကို ဟိုးအဝေး တနင်္သာရီဘက် ပို့တယ်။ မသိတဲ့ နေရာဆီကို ပို့တယ်။ သေသလားရှင်သလားတောင် မသိရဘူး။”ဟု ကျေးရွာအုပ်ချုပ်ရေးမှုး တစ်ဦးက ပြောသည်။

ပြည်သူများအနေဖြင့် အသွားလာ ဂရုစိုက်ကြဖို့နှင့် အန္တရာယ်များ ကြိုရှောင်ထားရန်လိုအပ်ကြောင်း အဆိုပါ အုပ်ချုပ်ရေးမှူးက အသိပေးပြောဆိုထားသည်။

လက်ရှိလွိုင်လင်မြို့တွင် မူးယစ်ဆေးသုံးစွဲသူ ပိုမိုများပြားလာပြီး ခိုးဆိုးလုယက် မှုများလည်း မကြာခဏ ကြုံတွေ့လာရကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

- Advertisement -spot_img

Latest article