ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ဖွဲ့ဝင်များ၏ ဓာတ်ပုံများကို အသုံးပြု၍ ပြည်သူများအပေါ် လိမ်လည်အလှူခံခြင်းကို မသမာသူများမှ ပြုလုပ်လျှက်ရှိနေသဖြင့် အထူးသတိပြုရန် KNDF ကအသိပေးထုတ်ပြန် ကြေညာထားသည်။
KNDF ၏ ဗဟိုဌာနများ ၊ ဗျူဟာများ ၊ တပ်ရင်းများ၏ အမည်များနှင့် တပ်ဖွဲ့ဝင်များ၏ ဓာတ်ပုံများကို အသုံးပြု၍ ပြည်သူများအပေါ် လိမ်လည်အလှူခံခြင်း ၊ ဂုဏ်ပြုမှတ်တမ်းလွှာများကို အတုပြုလုပ်၍ အလှူငွေများ ရယူခြင်း ၊ KNDF အပေါ် ပြည်သူများ ယုံကြည်မှုယုတ်လျော့အောင်ပြုလုပ်ခြင်းများကို မသမာသူများမှ ပြုလုပ်လျှက်ရှိနေကြောင်း KNDF က ယမန်နေ့ (နိုဝင်ဘာလ ၆ ရက်နေ့)တွင် အသိပေးထုတ်ပြန်ကြေညာ ထားသည်။
ယင်းကဲ့သို့ လိမ်လည်မှုများရှိနေခြင်းကြောင့် KNDF တပ်ဖွဲ့ဝင် တစ်ဦးဦး၏ အမည့်ဖြင့်သော်လည်းကောင်း၊ ရဲဘော်တစ်ဦးဦးမှ သော်လည်းကောင်း လာရောက်အလှူခံမှုများရှိလာပါက သက်ဆိုင်ရာ ဗဟိုကော်မတီဝင်များ၊ ဗဟိုဌာနမှူးများ၊ ဗျူဟာမှူးများ၊ တပ်ရင်းမှူးများအား အကြောင်းကြားအတည်ပြုရန် အသိပေးထားသည်။
KNDF တပ်ဖွဲ့ဝင်များ၏ ဓာတ်ပုံများအပြင် စစ်ဘေးရှောင်များ၏ ဓာတ်ပုံများကိုပါ အသုံးပြု၍ အွန်လိုင်းပေါ်မှာ အလှူခံခြင်း ပြုလုပ်မှုများ ရှိနေသောကြောင့် သတိပြုကြရန်လည်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“အခုအွန်လိုင်းပေါ်မှာ တပ်ရင်း၊ တပ်ဖွဲ့ နာမည်တွေ၊ စစ်ရှောင်ပုံတွေသုံးပြီး အမျိုးမျိုးလိမ်လည်အလှူခံနေတာ တွေ့ရပါတယ်။ သေချာစိစစ်ဖို့လိုပါမယ်” ဟု ၎င်းကပြောသည်။
ထို့အပြင် KNDF တပ်ရင်းနာမည်များဖြင့် မူမမှန်သည့် အလှူငွေလာရောက်တောင်းခံမှုများရှိပါက သက်ဆိုင်ရာ တပ်ရင်း Facebook page ၏ messenger တွင် လာရောက်မေးမြန်းအတည်ပြုနိုင်သည်ဟု ဆိုထားသည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်း ကရင်နီ (ကယား) ပြည် ဖရူဆိုမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများအား လှူးဒါန်းရန်ဟုဆိုကာ စစ်ရှောင်ကလေးများ၏ ပုံများကိုအသုံးပြုပြီး Facebook Group များအတွင်း လိမ်လည်အလှူခြင်းများ ရှိခဲ့သည်။