Friday, November 1, 2024

မိုင်းဖုန်းဆရာ‌တော်တည်ထားသော ဓာတ်တော်စေတီနှင့် ဘုရားရုပ်ပွားတော်များ ဖျက်ဆီးခံရ

Must read

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာအုပ်စုတွင် မိုင်းဖုန်းဆရာတော် တည်ထားသော ဓာတ်တော်စေတီနှင့် ဘုရားရုပ်ပွားတော်များကို အမည်မသိ လူတစ်စုက ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာလ တတိယပတ်အတွင်း တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာအုပ်စု နယ်မြေ (က) ရှိ မိုင်းဖုန်းဆရာတော် တည်ထားသော ဓာတ်တော်စေတီရှိ ထီးတော်များကို အမည်မသိ လူတစ်စုက ချိုးဖျက်ခဲ့သည့်အပြင် ဘုရားရုပ်ပွားတော်များကို ခေါင်းဖြတ်ခဲ့ကြောင်း မိုင်းဖုန်းကျေးရွာရှိ ဦးပဉ္ဇင်းတစ်ပါးက သျှမ်းသံတော်ဆင့်ကို မိန့်ကြားသည်။

“မိုင်းဖုန်းမြို့ထဲက ဆရာတော်တည်ထားတာကို လိုက်ဖျက်ဆီးထားတာပါ။ ဘယ်သူလုပ်တာလဲ ဆိုတာကိုတော့ မသိထားရသေးဘူး။ တောတောင်တွေထဲမှာ ရှိတာကိုလည်း သူတို့ ဖျက်ဆီးထားတာက။ သူတို့က ဖျက်ဆီးချင်လို့ ဖျက်ဆီးတာလား၊ ဆေးကြောင်ပြီး လုပ်ကြတာလား အဲ့လိုတော့ ထင်စရာရှိတာပေါ့”ဟု မိုင်းဖုန်းမှ ဉီးပဉ္ဇင်းတစ်ပါးက မိန့်ကြားထားသည်။

ဖျက်ဆီးခံရသည့် မိုင်းဖုန်းဆရာတော်တည်ထားသည့် ဘုရား

ယခုဖျက်ဆီးခံရသော ဓာတ်တော်စေတီ ထီးတော်နှင့် ဘုရားရုပ်ပွားတော်များကို အခြားနေရာ များတွင်လည်း သယ်ယူစွန့်ပစ်ထားပြီး ဘုရားဆင်းတုတော် ပျောက်ဆုံးနေခြင်းလည်း ရှိကြောင်း မိုင်းဖုန်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဘုရားတွေကိုလည်း ခေါင်းတွေ ဖျက်ထားတာ တစ်နေရာထဲမဟုတ်ဘူး။ တချို့ထီးတော်တွေကို လွှင့်ပစ်တယ်။ ဘုရားရုပ်ပွားတော်တွေကိုလည်း ရေကန်ထဲပစ်ထားတယ်၊ ပြီးတော့ ဘုရား ၃ ဆူက ပျောက်နေတာ။ ကြေးနဲ့ လုပ်ထားတာတွေကော၊ ကျောက်နဲ့ လုပ်ထားတာကော ပျောက်။ ထီးတော်က ရှိတဲ့စိန်တွေလည်း ယူတယ်”ဟု မိုင်းဖုန်းမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဖျက်ဆီးခံရသည့် မိုင်းဖုန်းဆရာတော်တည်ထားသည့် ဘုရား

ဖျက်ဆီးခံလိုက်ရသည့် ဓာတ်တော်စေတီ ထီးတော်နှင့် ဘုရားရုပ်ပွားတော်များကို ပြန်လည် ပြုပြင်ပေးရန် ဘူတန်နိုင်ငံတွင် တရားကျင့်ကြံနေသည့် မိုင်းဖုန်းဆရာတော်မှ မိန့်ကြားထားကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“မိုင်းဖုန်းဆရာတော်ကတော့ ပျက်ဆီးသွားတဲ့ဟာတွေကို ပြန်ပြီးပြုပြင်ဖို့ လုပ်ဖို့တော့ မှာကြားထားတယ်။ အရင်လို ပြန်ဖြစ်အောင် လုပ်ဖို့ပြောတာပေါ့။ ကျောက်ရုပ်ပွားတော်ကတော့ ၃ ဆူ ပျောက်နေတာ၊ ပြန်လုပ်ဖို့ကလည်း မလွယ်ဘူး။ လုပ်ဖို့လည်း ကျောက်မရှိတော့ဘူး၊ ပြန်လုပ်ဖို့လည်း မလွယ်တော့ဘူး”ဟု ၎င်းအမျိုးသားက ဆက်ပြောသည်။

ထို့အပြင် မိုင်းဖုန်းဒေသရှိ အုပ်ချုပ်ရေးတာဝန်ရှိသူများအနေဖြင့် ကျူးလွန်သူများကို စုံစမ်းရှာဖွေဖော်ထုတ်ပြီး ဥပဒေအရ ပြင်းထန်သော အပြစ်ပေးမှုများ ချမှတ်ဆောင်ရွက်ရန်လည်း မိုင်းဖုန်းဆရာတော်မှ မိန့်ကြားထားကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ တတိယပတ်ကလည်း ဖယ်ခုံမြို့နယ် လအိကျေးရွာရှိ စေတီတစ်ဆူမှ ဘုရားဆင်းတုတော်များကို အမည်မသိလူတစ်စုမှ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article