သျှမ်းပြည် မူဆယ်မြို့နယ် ပြည်သူ့ဆေးရုံရှိ သုံးထပ်တိုးချဲ့ဆောင် အပေါ်ထပ်တွင် ဒယ်အိုးနီဖြင့် ကြက်ဥပြုတ်ထားရင်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။
ယမန်နေ့ (အောက်တိုဘာလ ၁၇ ရက်) ည ၇ နာရီကျော်တွင် မူဆယ်မြို့ ပြည်သူ့ဆေးရုံရှိ ဆရာဝန်များ နေထိုင်ရာ သုံးထပ်တိုးချဲ့ဆောင် အပေါ်ထပ်တွင် ဒယ်အိုးနီဖြင့် ကြက်ဥပြုတ်ထားစဉ် မီးပြန်လာပြီးနောက် ရေခမ်းခြောက်ကာ မီးစတင် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“၇ နာရီကျော်လောက်မှာ မီးပြန်လာတော့ ဒယ်နီနဲ့ ကြက်ဥပြုတ်ထားတဲ့ အိုးက ရေခမ်းပြီးတော့ အဲ့ဒီကနေ မီးစလောင်တယ်လို့ သိရတယ်။ မီးလာတဲ့အချိန် လူကြီးမရှိတာလည်း ပါတာပေါ့။ ဆရာဝန်တွေ နေတဲ့ ၃ ထပ်ဆောင်ပေါ်က ဟင်းလင်းပြင်ပေါ် တိုးချဲ့ထားတဲ့ နေရာမှာ မီးလောင်တာ၊ ဝန်ထမ်းနေဖို့ သံဖရိန်နဲ့ ကာထားတဲ့နေရာ”ဟု ဖြစ်စဉ်သိရှိသူ မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မီးလောင်မှုအတွင်း လူထိခိုက်မှု မရှိဘဲ အခန်းအတွင်းရှိ အိမ်သုံးပစ္စည်းများ မီးလောင်ပျက်စီးခဲ့ပြီး မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်နေပြည်သူများမှ သုံးထပ်ဆောင်ပေါ်ရှိ ရေစည်ထဲမှ ရေများဖြင့် ငြိမ်းသတ်နိုင်ခဲ့ပြီးနောက် ည (၈) နာရီခန့်တွင် မီးငြိမ်းသွားကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၁၅) ရက်တွင် မူဆယ်မြို့နှင့် ၃ မိုင်ခန့်သာ ကွာဝေးသည့် နမ့်ခုမ်ရွာအနီးသို့ ကိုးကန့်တပ်ဖွဲ့ MNDAA မှ ချဉ်းကပ်လာစဉ် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ခဲ့ရာ နှစ်ဘက်ထိတွေ့တိုက်ပွဲ နာရီဝက်ခန့် ဖြစ်ပွားခဲ့ပြီး ပြည်သူနေအိမ် (၁) လုံး မီးလောင် ပျက်စီးခဲ့ကြောင်း မူဆယ်ဒေသခံများက ပြောသည်။
ပုံစာ – မူဆယ်ပြည်သူ့ဆေးရုံ သုံးထပ်တိုးချဲ့ဆောင်ပေါ် မီးလောင်ပျက်စီးသွားသည့် နေရာ












Leave a Comments