ထိုင်းနိုင်ငံ၊ ချိုင်နတ်ခရိုင်ရှိ Chai Nat Narenthorn Hospital ၌ ယနေ့ (ဩဂုတ် ၁၀ ရက်) ဆေးဝါးထုတ်ယူသည့် နေရာတွင် ဆေးစောင့်ယူနေသည့် သံဃာတစ်ပါး၏ သင်္ကန်းအတွင်းမှ သေနတ်ပုံစံ အရာတစ်ခု ပြူးထွက်နေသည်ကို တွေ့ခဲ့သဖြင့် ဆေးရုံလာရောက်ပြသသည့် လူနာများ အထိတ်တလန့် ဖြစ်ပွားခဲ့ကြောင်း Khaosod သတင်းတွင်ဖော်ပြသည်။
အဆိုပါ သံဃာ၏ သင်္ကန်းအပြင်ဘက် အိတ်ကပ်အတွင်းမှ သေနတ်၏ အနက်ရောင် လက်ကိုင်နှင့် တူသော အရာတစ်ခု ထွက်နေသည်ကို ဆေးရုံရှိ လူအများက သတိပြုမိခဲ့ပြီးနောက်၊ အကြမ်းဖက်မှု သို့မဟုတ် အန္တရာယ်ရှိသည့် အခြေအနေဟု ထင်မှတ်ကာ ရဲတပ်ဖွဲ့ထံ ချက်ချင်း ဖုန်းဆက် အကြောင်းကြားခဲ့ကြခြင်း ဖြစ်သည်။
သတင်းရရှိသည်နှင့် ရဲအရာရှိများ ဆေးရုံသို့ ချက်ချင်း သွားရောက် စစ်ဆေးခဲ့ပြီး ထိုပစ္စည်းမှာ သေနတ်အစစ် မဟုတ်ဘဲ မိုဘိုင်းဖုန်းကာဗာတွင် တပ်ဆင်ထားသည့် ပလတ်စတစ် သေနတ်တုတစ်ခုသာ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။
ရဲတပ်ဖွဲ့က ၎င်းဖုန်းကာဗာကို သိမ်းဆည်းလိုက်ပြီး မကောင်းသော ရည်ရွယ်ချက်မရှိသော်လည်း ယခုကဲ့သို့ အများပြည်သူဆိုင်ရာ နေရာများတွင် ကိုင်ဆောင်ခြင်းသည် စိတ်ခြောက်ခြားမှုနှင့် ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်စေနိုင်ကြောင်း သံဃာအား အသိပေး သတိပေးခဲ့သည်။
စစ်ဆေးမေးမြန်းချက်များအရ ချိုင်နတ်ခရိုင်၊ နိန်းခမ်း (Noen Kham) မြို့နယ်ရှိ ကျောင်းတိုက်တစ်ခုမှ ကြွရောက်လာသော ၎င်းသံဃာက ထိုသေနတ်ပုံစံဖုန်းကာဗာကို ကိုင်တွယ်ရသည်မှာ အဆင်ပြေ/ကိုင်လို့ကောင်းသောကြောင့် TikTok မှတစ်ဆင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့သို့ မိန့်ကြားခဲ့သည်။
ထို့အပြင် ဆေးရုံသို့ ရက်ချိန်းပြရန်နှင့် ဆေးဝါးထုတ်ယူရန်အတွက်သာ ရောက်ရှိလာခြင်းဖြစ်ပြီး အများပြည်သူကို ထိတ်လန့်စေရန် ရည်ရွယ်ခြင်း မရှိပါကြောင်းနှင့် နောက်နောင်တွင် ယခုကဲ့သို့ ဖုန်းကာဗာမျိုး သုံးစွဲမည်မဟုတ်ကြောင်းလည်း ခံဝန်ကတိပြုခဲ့သည်။
ကိုးကား – Khaosod English








Leave a Comments