ပြည်သူ့အသက်ကို ဝါးမြိုနေတဲ့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု

လူအများ အိပ်မောကျချိန်တွင် လေယာဉ်သံက ခေါင်းပေါ်ကနေ ဖြတ်နေသကဲ့သို ခပ်နိမ့်နိမ့် ပျံဝဲလာသည့် အသံကြောင့် ဖျတ်ခနဲ လန့်နိုးလာသည်။

အဲ့ဒီဖြစ်ရပ်က ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၄ရက်ပါ။

မရှေးမနှောင်းတွင်ပင် အုန်းခနဲ ဗုံးပေါက်ကွဲသံများ ထွက်ပေါ်လာပြီး လားရှိုးမြို့ ရပ်ကွက် (၂) ရှိ ဖူလီလိုက် ဟိုတယ်တွင် မီးခိုးတလူလူ တက်လာသည်ကို တွေ့လိုက်ရသည်။

“ညတိုင်းညတိုင်း ဒီလိုပဲ ဗုံးကြဲတော့မှာလား စိတ်ညစ်တယ်”ဟု မီးခိုးတလူလူ တက်လာသည့် ဖူလီလိုက်ဟိုတယ်ကို ကြည့်ရင်း နန်းဆိုင်က ပြောလိုက်သည်။

နန်းဆိုင်၏ ပြောစကားသည် မဆုံးလိုက်ပေ။ ဒုတိယအကြိမ် လေယာဉ်လာပြီး ဗုံးထပ်ကြဲသဖြင့် ဗုံးသံနှင့်အတူ မြေကြီးပါ တုန်ခါသွားတော့သည်။

သူ နေထိုင်သည့် လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်သည်မှာ ယခုတစ်ကြိမ်ထဲတော့ မဟုတ်ပေ။

လားရှိုးစစ်ကောင်စီလေကြောင်းဗုံးကြဲ

ပြီးခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲဖြစ်ပွားချိန်အတွင်းနှင့် တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့ ထိန်းချုပ်ထားသော ဒေသများကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လေ့ရှိသည်။

သို့သော် လားရှိုးမြို့အခြေစိုက် စစ်ကောင်စီတပ်၏ အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ်ဖွဲ့ MNDAA က သြဂုတ်လ (၃) ရက်တွင် အပြီးသတ် သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုမှာ ခပ်စိပ်စိပ် ပြုလုပ်လာသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်ကလည်း တိုင်းရင်းသားလက်နက်ကိုင်အချို့ သိမ်းယူထားသော ဒေသတွင် တန်ပြန်ထိုးစစ်ဆင်မည်ဟု ပြောဆိုထားသည်။ ထိုအဖြစ်က နန်းဆိုင်အတွက်တော့
စိတ်ခြောက်ခြားစရာပင်။

“အရင်တုန်းက ၁၀ ရက်ခြားမှတစ်ခါ လာကြဲတာ။ နောက်တော့ တစ်ရက်ခြား တစ်ခါ၊ အခုတော့ နေ့တိုင်းလိုလို၊ ညတိုင်းလိုလို လာကြဲတော့တာပဲ” ဟု နန်းဆိုင်က ပြောပြသည်။

စိတ်ခြောက်ခြားဖွယ် ညများ

“ညညဆိုရင် ဘယ်အိပ်လို့ရမလဲ။ လေယာဉ်သံကို နားစွင့်ရတာနဲ့ တစ်ခုခုအသံကြားရင် လန့်နိုးနေပြီ”ဟု နန်းအေးက စိတ်ပျက်အားလျော့စွာဖြင့် ပြောလေသည်။

ယခုရက်ပိုင်း လေယာဉ်သံများ စဲသွားသည် မရှိ။ ဟိုရပ်ကွက်ကိုတော့ ဗုံးကြဲလိုက်ပြီ၊ ဒီရပ်ကွက်ကတော့ ဗုံးကြဲခံရပြီဆိုသည့် သတင်းကား အမြဲကြားနေရသည်။

ထိုစိတ်ကြောင့် လားရှိုးမြို့မှ ဒေသခံများ စိတ်ဂယောင်ခြောက်ခြား ဖြစ်နေကြ၏။ စစ်ကောင်စီတပ်က နေ့ဘက်တွင်လည်း တစ်ခါ၊ ညဘက်တွင်လည်း တစ်လှည့်နှင့် အချိန်မရွေး ဗုံးကြဲနေသဖြင့် ပြည်သူများက ထိတ်လန့်တုန်လှုပ် နေကြသည်။

လားရှိုးစစ်ကောင်စီလေကြောင်းဗုံးကြဲ

“ကောင်းကင်ကို မော့ကြည့် မော့ကြည့် သွားနေရတာ ခလုတ်တိုက်လှဲမှာတောင် ကြောက်ရတယ်”ဟု နန်းအေးက လားရှိုးမြို့ လက်ရှိအခြေအနေကို ပြောပြသည်။

အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ်ဖွဲ့MNDAA မှ သြဂုတ်လ (၃) ရက်တွင် စတင်ထိန်းချုပ်ခဲ့ပြီးနောက် လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ ကြိမ်ဖန်များစွာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် အရပ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)က အောက်တိုဘာလ (၉) ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ထိခိုက်ဒဏ်ရာသူလည်း (၅၆) ဦးရှိပြီး ဟော်တယ် (၇) လုံး၊ ဘုန်းကြီးကျောင်း (၂) ကျောင်းနှင့် နည်းပညာတက္ကသိုလ် အပါအဝင် အဆောက်အအုံ (၁၈၀) ကျော် ထိခိုက်ပျက်စီးခဲ့သည်ဟု SHRF ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“ပြည်သူတွေက ပြေးစရာမရှိတော့ လည်စင်းခံပေးနေသလို ဖြစ်တယ်။ ပြေးရင်လည်း စစ်ရှောင် အနေနဲ့ကြတော့ ဒုက္ခရောက်တယ်။ စစ်ကောင်စီက စစ်ရှောင်တွေ ရှိနေတဲ့မြို့၊ တိုက်ပွဲတွေ ဖြစ်နေတဲ့ မြို့ကိုမှ လေယာဉ်တွေနဲ့ ဗုံးကြဲတယ်”ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိအချိန်ထိ လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိနေခြင်းကြောင့် လားရှိုးမြို့မှ နေရပ်စွန့်ခွာ ထွက်သွားကြသူများမှာ ပြန်မလာရဲကြသေးသကဲ့သို့ ထပ်မံရှောင်တိမ်းသူများလည်း ရှိလာသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကိုးကန့်တပ်ဖွဲ့များ လှုပ်ရှားသော နေရာများ၊ လူထူထပ်သော နေရာများနှင့် ဈေးထဲသို့ မသွားရဲတော့ကြောင်း လားရှိုးမြို့ထဲ ကျန်ရစ်နေသူ နန်းဆိုင်က ထိုအဖြစ်ကို ပြောပြသည်။

“လေယာဉ်က ဘယ်မှာ ဗုံးကြဲမှာလဲဆိုတာ လူတွေကသိတယ်။ ကိုးကန့်နဲ့ နီးတဲ့နေရာ၊ အိမ်တွေ ဆိုရင်တော့ မနေရဲတော့ဘူး။ ညညဆိုရင် တခြားနေရာမှာ သွားအိပ်ကြတယ်” ဟု နန်းဆိုင်က ပြောသည်။

လားရှိုးစစ်ကောင်စီလေကြောင်းဗုံးကြဲ

အခြားတစ်ဘက်တွင် ညီနောင်မဟာမိတ် ထိန်းချုပ်ထားနိုင်သည့် ဒေသများကို လေကြောင်းဖြင့် ဗုံးမကြဲရန်အတွက် MNDAA က တရုတ်ကို ကြားဝင်စေ့စပ် ညှိနှိုင်းပေးရန် အကူအညီ တောင်းဆိုခဲ့သော်လည်း ယခုထိတိုင် ထူးခြားလာခြင်း မတွေ့ရပေ။

၎င်းနှင့် ဆန့်ကျင်ဘက် တွေ့ရသည်မှာ စစ်ကောင်စီတပ်မှ တရုတ်နိုင်ငံထံ ဝယ်ယူထားသော FTC 2000 G တိုက်ခိုက်ရေးသုံး လေယာဉ်သစ် (၆) စီးသည် သြဂုတ်လအတွင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်လေယာဉ်သစ်များကို နိုင်ငံတစ်ဝှမ်း လေကြောင်းတိုက်ခိုက်မှု အများစုတွင် အသုံးပြုနေကြောင်း အရင်းအမြစ်တစ်ဦးကို ကိုးကားပြီး BBC (မြန်မာပိုင်း) သတင်းတစ်ပုဒ်တွင် စက်တင်ဘာလ (၂၈) ရက်က ဖော်ပြထားသည်။

ဆိုလိုသည်မှာ တရုတ်အစိုးရက စစ်ကောင်စီကို ပါဝင်ထောက်ခံပြီး မြောက်ပိုင်းမဟာမိတ်ဘက်ကို ဖိအားပေးချင်သည့် သဘောဖြစ်သည်၊ (သို့မဟုတ်) စစ်ကောင်စီ၏ ပြည်တွင်းစစ်ကို တရုတ်အစိုးရက တစ်စုံတစ်ရာ တားမြစ်ခြင်းမလုပ်သည့် သဘောလည်း ဖြစ်သည်ဟု သျှမ်းနိုင်ငံရေး သုတေသီ စိုင်းဝမ်းစိုင်းက သုံးသပ်သည်။

“MNDAA က တရုတ်ကို အကူအညီတောင်းတာ အရာမရောက်ဘူးလို့ ပြောလို့ရတယ်။ အခု လောလောလတ်လတ် ဖြစ်သွားတဲ့ လားရှိုးနဲ့ နောင်ချိုကို ကြည့်ရင်သိပါတယ်။ တစ်နည်းအားဖြင့် တရုတ်က စစ်ကောင်စီကို ပါဝင်ထောက်ခံပြီ မြောက်ပိုင်းမဟာမိတ်ဘက်ကို ဖိအားပေးချင်တဲ့ သဘောလည်း ထားလို့ရတယ်။ ဒါမှမဟုတ် စစ်ကောင်စီရဲ့ ပြည်တွင်းစစ်ကို စိတ်တိုင်းကျ တိုက်နေတာကို ဘာမှတားမြစ်ဖို့ မရှိဘူးလို့လည်း သဘောထားနိုင်တယ်” ဟု သျှမ်းနိုင်ငံရေး သုတေသီ စိုင်းဝမ်းစိုင်းက ပြောသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုက ရပ်တန့်မည် မဟုတ်ကြောင်း၊ အရပ်သားများရှိသည့် နေရာများအား စစ်ကောင်စီတပ်က ဆက်တိုက်ဗုံးကြဲမည်ဟု သျှမ်းနိုင်ငံရေး သုတေသီ စိုင်းဝမ်းစိုင်းက ထပ်လောင်းပြောသည်။

“ပြည်သူလူထုနဲ့ အဆောက်အအုံတွေကို ပစ်မှတ်ထား ဗုံးကြဲတာဟာ ရုရှားက ယူကရိန်း လူနေရပ်ကွက်တွေကို ဗုံးကြဲသလိုပါပဲ။ ဒါဟာ ဖိအားပေးမှု တစ်ခုလို မြင်ရမှာပါ။ တနည်းအားဖြင့် မဟာမိတ်တပ်တွေ လုံးဝအုပ်ချုပ်လို့ မရအောင်၊ အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်အောင် လုပ်တာပါ။ စစ်ဘီလူးတွေရဲ့ လုပ်ထုံးအတိုင်း တိုင်းသူပြည်သားတွေကို ညှာတာထောက်ထားမှု ဆိုတာ မရှိပါဘူး”ဟု စိုင်းဝမ်းစိုင်းက ဆိုပြန်သည်။

သို့သော်လည်း ပြည်သူများကမူ ထွက်ပြေးစရာ နေရာမရှိ။ အထူးသဖြင့် တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း နေရပ်ပြန်လာကြသည့် မြို့ခံအများစုသည် အလုပ်အကိုင် မရှိသဖြင့် အခြားဒေသသို့ ထပ်မံ၍ မတိမ်းရှောင်နိုင်ဘဲ အသက်ကိုရင်းပြီး နေရပ်ပြန်လာကြသူများ ဖြစ်သည်။

“တစ်ခြားမြို့မှာ သွားနေရင်လည်း အဆင်မပြေဘူး။ အိမ်ငှားစားရိတ်တွေ ဘာတွေနဲ့ မလွယ်ဘူး။ ဝင်ငွေမရှိတော့ မရှောင်နိုင်ဘူး။ ဒီလိုဘဲ ကိုယ့်ကိုယ်ကို လုံခြုံအောင် သတိဝိရိယနဲ့ နေသွားရတာပေါ့” ဟု နန်းအေးက စိတ်ပျက်ဝမ်းနည်းစွာဖြင့် ပြောသည်။

လက်ရှိ လားရှိုးမြို့ အပါအဝင် TNLA နှင့် MNDAA ထိန်းချုပ်ထားသော နယ်မြေဒေသများတွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် လုံခြုံမှုမရှိကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO မှ တာဝန်ရှိသူတစ်ဉီးက ပြောသည်။

“လေကြောင်းကတော့ နေ့စဉ်နဲ့အမျှ ထိုးစစ်လာတယ်။ အထူးသဖြင့် လားရှိုးမှာ မကြာခဏ တိုက်ခိုက်မှု လုပ်နေတယ်။ အခြားမြို့နယ်တွေမှာ ဆိုရင်လည်း ညတိုင်းလိုလို လှည့်ပတ်နေတာ ရှိပါတယ်။ လုံခြုံမှုအပိုင်းတော့ ဘယ်နေရာမှ မလုံခြုံပါဘူးရှင့်။ သူတို့ဘက်က နေရာတကာ နေရာတိုင်းမှာ ဗုံးကြဲမှုတွေ လုပ်နေတယ်။ အများစုက ပြည်သူလူထုနေတဲ့ နေရာနဲ့ အများပိုင် ဆောက်အဦတွေကို ဦးတည်တိုက်ခိုက်နေတာ” ဟု TWO မှ တာဝန်ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ပြည်သူလူထုအပေါ် ဦးတည်တိုက်ခိုက်သည်ကို ကြည့်ခြင်းအားဖြင့် စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်တင်တင် ကျူးလွန်နေသည့်အပြင် နိုင်ငံတကာ ဉပဒေများကိုလည်း လေးစားမှုမရှိဘဲ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသည်ဟု TWO မှ ၎င်းအမျိုးသမီးက ဆိုသည်။

“စစ်ကောင်စီအနေနဲ့ လေယာဉ်အသုံးပြုပြီး ပြည်သူလူထုတွေကို ဦးတည်မတိုက်ခိုက်နိုင်အောင် နိုင်ငံတကာ အဖွဲ့တွေအနေနဲ့ လေယာဉ်ဆီ ရောင်းချတင်သွင်းခြင်းကို ပိတ်ပေးဖို့ တောင်းဆိုလိုပါတယ်”ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO ကလည်း တောင်းဆိုထားသည်။

လေကြောင်းတိုက်ခိုက်မှုကြား ကုန်ဈေးနှုန်း

စစ်ကောင်စီတပ်၏ နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုကြား လားရှိုးမြို့တွင် ကြက်ဥ တစ်လုံးကို ၅၀၀ ကျပ်၊ စားသုံးဆီ ၁ ပိဿာ ၂၀,၀၀၀ ကျပ်၊ ခေါက်ဆွဲ ၁ ပွဲ ၅,၀၀၀ ကျပ်၊ ကိတ်မုန့် (အလတ်) ၁ လုံး ၅,၀၀၀ ကျပ်နှင့် ကော်ဖီမှုန့် ၁ ထုပ် ၅၀၀ ကျပ် စသဖြင့် ကုန်ဈေးနှုန်း မြင့်တက်လာ၍ မြို့ခံများက ညည်းညူနေကြသည်။

“ဈေးတော့ အားလုံးတက်နေတာပဲ။ ဘာပဲ ဝယ်စားဝယ်စား အကုန်ဈေးကြီးနေတာ။ ဈေးမတက်ဖူးတဲ့ လက်ဖက် ရှူးရှဲတစ်ထုပ်ကို အခုက ၃၀၀ ကျပ်တဲ့။ အလုပ်က ရှားတဲ့ကြားထဲ၊ အခုအလုပ်မရှိလို့ ခပ်များများက ထိုင်စားနေရတာတော့” ဟု ခမ်းခေါင် (အမည်လွှဲ)က မျက်နှာရှုံ့မဲ့မဲ့ဖြင့် ပြောလေသည်။

ယခုလို ကုန်ဈေးနှုန်း မြင့်တက်လာသည်ကား –

တရုတ်နိုင်ငံဘက်မှ အာဏာပိုင်များက နယ်စပ်ဂိတ်များကို ပိတ်ထားသလို ဆေးဝါးတင်သွင်းခွင့်လည်း ပိတ်ထားခြင်းကြောင့် စားသောက်ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာသည်ဟု ဒေသခံများက ပြောကြသည်။

ပြီးခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းအတွင်းက တအာင်း(ပလောင်)တပ်ဖွဲ့ TNLA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် အာရက္ခတပ်တော် AA တို့ဖြစ်သည့် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့မှ ထိန်းချုပ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဂိတ်ရှိ၊ ကျင့်စန်းကျော့၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကြူကုတ် (ပန်ဆိုင်း)၊ ရန်လုံကျိုင်း နှင့် နမ့်ခမ်းမြို့ရှိ ကုန်သွယ်ရေးဂိတ်ဟူ၍ ရှိသည်။

ထိုဂိတ်များကို ဇူလိုင် ၉ ရက်က စတင်ပြီး တရုတ်ဘက်မှ ပိတ်ထားသောကြောင့် မူဆယ်၊ နမ့်ခမ်း၊ လားရှိုး၊ ကွတ်ခိုင် အစရှိသည့် သျှမ်းမြောက်ဒေသတွင် ဆေးဝါးများ ပြတ်လပ်မှုနှင့် ကုန်ဈေးနှုန်း မြင့်တက်မှု ကြုံနေရသည်ဟု ဒေသခံများက ပြောကြသည်။

“အခုကုန်ဈေးနှုန်းတွေ အရမ်းမြင့်ပြီး အလုပ်ကမရှိတော့ လူငယ်တွေလည်း မြဝတီဘက်ကို ပြေးကြတယ်။ ကျမလည်း ထိုင်းသွားရမလား၊ တရုတ်ပြေးရမလား မသိတော့ဘူး။ သွားဖို့က အခြေအနေက မပေးဘူး” ဟု ခမ်းခေါင်က ပြောသည်။

နယ်စပ်ဂိတ်များကို တရုတ်ဘက်က ဆေးဝါးတင်သွင်းခွင့် ပိတ်ခြင်းမှာ “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်း စတင်သည့်အချိန်မှ ဖြစ်သလို ဟိုင်ဂင် သဘောတူညီမှု ယူပြီးမှသာ ခေတ္တ ပြန်ဖွင့်ပေးခြင်း ဖြစ်ကြောင်း၊ ယခုအခါ ဒုတိယပိုင်း စစ်ဆင်ရေးတွင် ထပ်မံ၍ ပိတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တရုတ်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်ထားသော နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ပိတ်ထားသော်လည်း စစ်ကောင်စီထိန်းချုပ်ထားသည့် မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်နှင့် မန့်ဝိန်းဂိတ်တို့မှ တနိုင်တပိုင် ကုန်သွယ်မှု ခွင့်ပြုထားသည်ဟု ဒေသခံများက ပြောသည်။

သို့သော် မကြာခင်တွင် ပြည်သူလူထုမှာ စစ်ဘေးအပြင် အငတ်ဘေးပါ ကြုံရတော့မည်။ နေထိုင်စရာ ဤမြေကမ္ဘာတွင် စစ်မြေတလင်း အတိ၊ စစ်တလင်းက ဆုံးသည်မရှိ။ ရှုံးရသည်ကား လူသားရင်းမြစ် ဂေဟစနစ်တို့ ပြာပုံမီးတောက် ဖြစ်ကြသည်။

ထို့ကြောင် ပြည်သူကား စစ်ပွဲ ရပ်ရင်ရပ်၊ ဒါမှမဟုတ် စစ်အာဏာရှင်စနစ်ကို နိုင်အောင် တိုက်မှသာလျှင် ငြိမ်းချမ်းမည်ဟု မျှော်လင့်နေကြသည်။

“ဒီလက်နက်ကိုင် နှစ်ဖွဲ့ကြားမှာ တစ်ဖွဲ့ဖွဲ့က လုံးဝအင်အားမရှိ၊ မတိုက်နိုင်တော့မှဘဲ ကျမတို့တော့ စိတ်ချလက်ချ ဖြစ်မှာ။ အခုချိန်ထိ စစ်ပွဲရဲ့ရလဒ် မထွက်သေးသရွေ့တော့ ကျမတို့တော့ စိုးရိမ်မှုတွေ၊ သောကတွေနဲ့ လုံးပန်းနေရအုံးမှာပဲ”ဟု နန်းဆိုင်က တိုးတိတ်စွာဖြင့် ပြောလေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...