ယခု ၂၀၂၄ ခုနှစ်အတွင်းမှာ ရာသီဥတု ဖောက်ပြန်တာ ပိုပြီးများလာခဲ့ပြီး နွေရာသီတွင် အရမ်းပူပြင်းပြီး အပူလိုင်းဖြတ်တာကြောင့် လူသေဆုံးမှုတွေအထိ ရှိခဲ့ပါတယ်။ အခု မိုးနှောင်းရာသီမှာလည်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် အပျက်အစီး များပြားတာ၊ လူထိခိုက် သေဆုံးတာတွေလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါကြောင့် ယခုနှစ်အတွင်း သဘာဝ ဘေးအန္တာရာယ်ကြောင့် လူသေဆုံးမှုတွေကလည်း ပိုများပြားလာခဲ့ပါတယ်။
ဒီနှစ်အတွင်းမှာ ပိုပြီးထူးခြားတာတော့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ရေကြီးရေလျှံမှုတွေနဲ့ ကြုံတွေ့နေကြရပါတယ်။ အခုလို ရေကြီးရေလျှံမှုက ဘာကြောင့် ဖြစ်လာတာလဲ၊ လာမည့် နှစ်တွေမှာကော ရေဘေးအန္တရာယ်တွေ ဘယ်လောက်ထိ ဆက်လက်ကြုံတွေ့နိုင်မလဲ စတဲ့ သဘာဝဘေးအန္တရာယ်နဲ့ သက်ဆိုင်ပြီး ကြိုတင်သိဖို့ လိုအပ်တဲ့ အကြောင်းတွေကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဆိုင်လျန် က သျှမ်းသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ စိုင်းခေးဆိုင် ကို ဆက်သွယ်မေးမြန်ထားပါတယ်။
မေး ။ ။ ပထမဆုံး မေးချင်တာကတော့ အခုတလော သျှမ်းပြည်မှာကော မြန်မာနိုင်ငံ အနှံ့အပြားမှာ ရေကြီးမှုတွေ ဖြစ်ပွားနေတယ်။ အခုလို ရေကြီးရေလျှံမှုတွေက ဘာကြောင့် ဖြစ်ရတာလဲ။ ဘာကြောင့် ရေကြီးမှုက ဒီလောက်ထိ ဆိုးရွားလာခဲ့ရတာလဲ။
ဖြေ ။ ။ အဓိကတော့ သူရဲ့ ဂေဟ စနစ်လို့ ပြောရမှာပေါ့။ အကုန်လုံး လိုက်ကြည့်ရင် ပင်လယ်ကနေ မြေပြန့် တောင်ပေါ်အထိ တစ်ခုလုံးက ဂေဟ စနစ်တွေပေါ့။ အဲ့ဒီ ဂေဟစနစ်တွေက တစ်ခုပြီးတစ်ခု အမှီပြုဖို့၊ အချင်းချင်း အမှီသဟဲ ပြုဖို့က ပျက်စီးအားနည်းနေပြီ။ များသောအားဖြင့် မိုးကြီးတာက သဘာဝအတိုင်း မိုးကြီးတာပါ။
အဓိက အကြောင်းရင်းကတော့ ချောင်းရေ တိမ်ကောတာက ပိုများတာပေါ့နော်။ ရေဝေရေလဲလုပ်တဲ့ နေရာတွေ၊ ရေနှုတ်မြောင်းတွေ အဲဒီနေရာတွေက သူက စနစ်တကျ ရှိမနေဘူး။ မြို့ပြပတ်ဝန်းကျင်ကော၊ သဘာဝ ပတ်ဝန်းကျင်ရော သူရဲ့စနစ်အတိုင်း ဖြစ်မလာတာက တစ်ခု၊ ပြီးတော့ စနစ်တကျ မလုပ်ထားတာကလည်း တစ်ခုပေါ့။

ထို့အတူ များသောအားဖြင့် မြစ်ကြီးတွေကလည်း တိမ်ကောနေတာကလည်း များတယ်။ အဲ့တာကြောင့် ရေကြီးတဲ့ရာခိုင်နှုန်းကို မြစ်ချောင်းတွေက မထိန်းနိုင်တော့တဲ့ အတွက်ကြောင့် မြစ်ချောင်းက ရေတွေ လျှံလာတာ တစ်ခုအပါအဝင်ပေါ့။
နောက်တစ်ခုကတော့ ဆည်ဆောက်ထားတဲ့ နေရာတွေက များတယ်။ ရေကြီးတဲ့ အချိန်ကျတော့ ရေတွေကလည်း ပိုများလာတာကြောင့် ကာထားတဲ့ တာတမံတွေ ပြိုကျမှာ စိုးရိမ်တာကြောင့် ရေလွှတ်လိုက်တာ။ ရေကို သိုလှောင်ထားတဲ့ဟာတွေက လွှတ်ချလိုက်တဲ့အချိန်မှာ မိုးရေကြောင့် တစ်ခုရယ်၊ ချောင်းက တိမ်ကောတာရယ်၊ ရေဝေရေလဲ မရှိတာရယ်၊ ရေနှုတ်မြောင်းတွေက စနစ်တကျ မလုပ်ဆောင်ထားတာရယ်၊ အဲဒီဟာတွေ အားလုံးပေါင်းလိုက်တဲ့ အချိန်ကျတော့ ရေကြီးမှုက တစ်နေရာနဲ့ တစ်နေရာ ဖြစ်လာတာက ပိုများလာလိမ့်မယ်။
ဒါကြောင့် အခုရေကြီးတာကို ပြန်ကြည့်မယ်ဆိုရင် နေရာနှိမ့်တာ ၊ မြင့်တာနဲ့တော့ မဆိုင်ဘူး။ မြင့်တဲ့နေရာတော့ ရေခမ်းတာ ပိုမြန်တာပေါ့။ ဘယ်လောက်မြင့်မြင့် ရေကတော့ ကြီးမှာပဲ။ ဒါပေမဲ့ ရေခမ်းမြန်တာပေါ့၊ ဥပမာ ရေကို မအိုင်ထားဘူးပေါ့။ ရေကြီးပြီးတော့ မြန်မြန်ခမ်းခြောက်တာက မြင့်တဲ့နေရာ။ ဒါပေမဲ့ အဆိုးဆုံးနေရာကတော့ နှိမ့်တဲ့နေရာပေါ့။ သူကတော့ တော်တော်နဲ့ကို ရေမခမ်းဘူးပေါ့။
ဥပမာ တာချီလိတ်ကိုပဲ ကြည့်ကြည့်။ မိုင်းဖုန်းဘက်၊ ကျိုင်းခုံဘက် နေရာတွေကော၊ တာချီလိတ်မရောက်ခင် မဲခေါင်မြစ်နဲ့ ဆက်စပ်နေတဲ့ နေရာတွေကအစ ရေက စီးလာတယ်။ အမြင့်ဘက်ပိုင်းမှာ ရေကြီးနေတဲ့ အချိန်ကျတော့ နှိမ့်တဲ့ဘက်မှာလည်း ရေကြီးတာပေါ့။ နှိမ့်တဲ့အပိုင်းတွေက ရေကိုလှောင်ထားတာ။ ဒါကြောင့် အခုရေကြီးတာက သဘာဝပတ်ဝန်းကျင် တစ်ခုထဲတော့ မဟုတ်တော့ဘူး။ အဲ့တာတွေ အားလုံးနဲ့ သက်ဆိုင်တာပေါ့နော်။
ဒီနှစ်ထဲမှာ တစ်ခုထူးခြားတာက နိုင်ငံတိုင်းလိုလိုက လှောင်ထားတဲ့ရေတွေကို လွှတ်ချတာကတစ်ပိုင်း၊ မိုးကြီးတာက တစ်ပိုင်း၊ ချောင်းတွေ တိမ်ကောနေတာက တစ်ပိုင်း၊ ပြီးတော့ ရေနှုတ်မြောင်းတွေ မထားတာက တစ်ပိုင်းပေါ့၊ နောက်တစ်ပိုင်းကတော့ သစ်တော ပျက်စီးတာ တစ်ပိုင်းပေါ့နော်။
သစ်တောက သဘာဝရေတွေကို ထိန်းနိုင်တယ်လေ။ ရေကြီးမှုကို ထိန်းနိုင်တယ်လေ။ မိုးရွာပြီဆိုရင် သူက ခြုံပုတ်တွေနဲ့ရော၊ သစ်ပင်အကြီးတွေက တစ်ခါထဲ ရေကို မလွှတ်ချဘူးပေါ့။ တစ်ဖြည်းဖြည်းနဲ့ စီးဆင်းတယ်။ အခုက သစ်တောအားလုံး ပြုန်းတီးတဲ့ အချိန်ကျတော့ ရေတွေ အများကြီး စီးဆင်းလာတာတော့ မဆန်းဘူးပေါ့။ ဒီဂေဟစနစ်က ဒီလိုမျိုးတွေ ပျက်စီးလာတော့ နေရာတိုင်းမှာ ရေကြီးမှု ဖြစ်လာတာပေါ့။
မေး ။ ။ အခု သျှမ်းပြည်အတွင်း ဖြစ်နေတဲ့ ရေကြီးမှုရဲ့ အဓိက အကြောင်းအရင်းကကော ဘာဖြစ်မလဲ။ ခုနပြောလိုက်သလိုမျိုး တာချီလိတ်ဘက်မှာ၊ သျှမ်းပြည် အရှေ့ပိုင်းဘက်မှာတွေက ရွှေတူးဖော်တာ ၊ သျှမ်းပြည် တောင်ပိုင်းနဲ့ မြောက်ပိုင်းတွေမှာဆိုရင် ကျောက်မီးသွေး တူးဖော်တာ၊ သတ္တုတူးဖော်တာတွေက အများကြီးရှိတယ်။ အခု ရေကြီးမှုက ဒါတွေနဲ့ကော သက်ဆိုင်နေပါသလား။
ဖြေ ။ ။ သွယ်ဝိုက်ပြီးတော့ သက်ဆိုင်တာပေါ့။ များသောအားဖြင့် အဲ့တာတွေကို လုပ်မယ်ဆိုရင် သစ်ပင်သစ်တောတွေကို ရှင်းရမယ်လေ။ တောင်ရှိရင် တောင်ကို ဖြိုရမယ်။ အဲလိုမျိုးဆိုရင် သစ်ပင်ခုတ်ပြီးတော့ အရင်ရောင်းရမှာပေါ့။ သစ်ပင်ခုတ်၊ တောတွေကို ရှင်းလင်းလိုက်တာက ရေကြီးမှုကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်း တစ်ခုဖြစ်တယ်။ အဲ့တာကြောင့် သစ်ပင်ခုတ်လိုက်ပြီဆိုရင် သစ်တော နေရာတွေကော၊ ရေထိန်းပေးတဲ့ နေရာတွေကော၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကိုကော၊ ရာသီဥတု မှန်ကန်မှုကိုလည်း မဖြစ်စေတော့ဘူးပေါ့။

ကျနော်တို့ စကားပုံမှာ ရှိတယ်လေ “ဥတုရာသီ တောကိုမှီ” ဆိုတာ။ ဒါကြောင့် အေးတာရော၊ မိုးရွာတာကော၊ နွေရာသီကော ဖြစ်လာတာက ဒီသစ်တောကြောင့် ဖြစ်တယ်။ အဲဒါတွေကို ပြန်ကြည့်မယ်ဆိုရင် အိမ်တွေဆောက်တာ၊ စီမံကိန်းတွေ ဆွဲပြီးလုပ်တာ စတာတွေက ဧရိယာတွေ ကြီးလာပြီဆိုတော့ တောခုတ်ရတယ်။ အဲဒီနေရာတွေကို ရှင်းရတယ်လေ။ ရှင်းတဲ့အချိန်မှာလည်း သစ်ပင်အကြီးအသေး မရွေးတော့ဘူး။ ပြောင်သလင်းခါအောင် ရှင်းပစ်လိုက်ရတယ်လေ။
သစ်ပင်တွေ ခုတ်တာများလာတော့ ရာသီဥတု ထိန်းညှိပေးဖို့အပြင် ရေကြီးတာကို ထိန်းညှိပေးတဲ့ ဂေဟစနစ်က တော်တော်များများ ပျက်စီးနေပြီ။ ဒါတွေက ကျနော်တို့ တွေ့ကြုံရတဲ့ ပြဿနာတစ်ခုပေါ့။
ဟိုအရင်တုန်းက နှစ်ပေါင်း ၄၀ လောက်က ဆိုရင်လည်း မိုးက ဒီထက်ရွာမှာပဲ။ မိုးကြီးတဲ့နှစ်လည်း ရှိမှာပဲ။ ဒါပေမဲ့ ရေကြီးမှုကတော့ ဒီလောက် မကြုံရဘူးလို့တော့ ကျနော်ထင်တယ်။ ဒါကြောင့် အခုက သစ်တောတစ်ခု ပျက်စီးသွားတော့ စီးဆင်းလာတဲ့ ရေတွေက ချောင်းတွေ တိမ်ကောသွားတဲ့အချိန် ရေတွေလျှံလာတယ်။
ကာထားတဲ့ ရေကာတာတွေက ပြိုကျမှာကြောက်လို့ ရေလွှတ်တာက တစ်ခု၊ အားလုံးကို ပူးပေါင်းလိုက်ပြီး ကျနော်တို့ လုပ်ထားတဲ့ ရေနှုတ်မြောင်းက အနိမ့်အမြင့်နဲ့ သူရဲ့ စီးဆင်းတဲ့ အရှိန်နဲ့က မမျှဘူးဖြစ်နေတယ်။ တချို့နေရာက နှိမ့်တယ်၊ တချို့နေရာက မြင့်တယ်။ မြေနိမ့်တဲ့နေရာက အမြင့်ကို ပြန်မစီးဆင်းနိုင်တဲ့ အချိန်ကျတော့ အဲဒီနေရာမှာ ရေသွားကြီးတာ။ အဲလိုနေရာတွေက မြို့ကြီးပြကြီးတွေမှာ တွေ့ရလိမ့်မယ်။
ရေကြီးတဲ့ အပိုင်းကတော့ အမျိုးမျိုး ရှိတာပေါ့။ မိုးအရမ်းရွာသွန်းမှု တစ်ခုထဲနဲ့ ရေကြီးမှု ဖြစ်လာတယ် ဆိုတာ ပြောလို့တော့ မရဘူးပေါ့။ မြို့တွေ၊ ရွာတွေမှာ လုပ်ထားတဲ့ ရေနှုတ်မြောင်းတွေ၊ ကိုယ့်အိမ်ရှေ့ သူ့အိမ်ရှေ့မှာ လုပ်ထားတဲ့ ရေနှုတ်မြောင်းတွေက မညီဘူးလေ။ အဲ့ချိန်ကျတော့ ရေတွေ ပြန်မနှုတ်နိုင်တော့ ရေကြီးမှုတွေ ဖြစ်လာတာပေါ့။ ဒီတိုင်းပဲ ဆက်သွားမယ်ဆိုရင်တော့ နောက် ၅ နှစ်ဆိုရင် ဒီထက်ပိုဆိုးလာနိုင်တယ်လို့ ကျနော်ထင်တယ်။
နောက်တစ်ခုကတော့ ဒီလိုမျိုး မိုးတအားကြီးရင် နွေရာသီကျရင် ရေခမ်းနိုင်တယ်။ ဘာလို့လဲဆိုရင် ရှိသမျှ ဓာတ်ပြုမှုနဲ့ မိုးတိမ်ကနေ ဖြစ်လာတဲ့ဟာတွေ မုတ်သုန်လေအားလုံးက ဒလဟော ရွာချလိုက်တဲ့အချိန် ဒီရေတွေက မြင့်ရာကနေ နိမ့်ရာကို အားလုံး စီးဆင်းသွားလိုက်တဲ့ချိန်မှာ အားလုံးက ပင်လယ်ထဲကို စီးဆင်းသွားတာပဲ။ ဒီလိုမျိုး မိုးတွေက နွေရာသီမှာ မရွာတော့ဘူးဆိုရင်တော့ ရေခမ်းခြောက်မှုကတော့ အမြဲဖြစ်လာနိုင်တာပေါ့။ အဲ့တာကတော့ နောက်ဆက်တွဲ ဖြစ်လာနိုင်မယ့်အရာတွေပေါ့။
မေး ။ ။ အခုလို သစ်တောပြုန်းတီးမှုတွေ ဆက်လုပ်မယ်၊ ဆက်ဖြစ်နေပြီး မထိန်းသိမ်းဘူးဆိုရင် ရှေ့နှစ်တွေမှာ သဘာဝ ဘေးအန္တရာယ်တွေက ဘယ်လောက်ထိ ဆိုးရွာလာနိုင်မလဲ။
ဖြေ ။ ။ ပြောနိုင်တာတော့ ဒီထက်တော့ ပိုဆိုးလိမ့်မယ်။ မြန်မာပြည်မှ မဟုတ်ဘူး တစ်ကမ္ဘာလုံးကို ကြည့်မယ်ဆိုရင် ဒီရာသီဥတု ပြောင်းလဲမှု ဒဏ်ကို တော်တော်များများ ခံနေရပြီ။ အဲ့တာတွေကလည်း တစ်ကမ္ဘာလုံးဆိုရင် ပူနွေးမှုတွေ ဖြစ်လာတယ်။ ရေခဲတဲ့ နေရာကျတော့လည်း ခဲတယ်။ မိုးရွာတဲ့နေရာလည်း ရွာတယ်။ မီးလောင်တဲ့နေရာလည်း ရှိတယ်။ မီးလောင်တယ်ဆိုတာ သဘာဝ မီးပေါ့။
ဥပမာ လွန်ခဲ့တဲ့ နွေရာသီတုန်းကဆိုရင် ဩစတေးလျ၊ US တို့လိုမျိုးက တောမီးလောင်တာက စဖြစ်လာတာပေါ့။ ပြီးတော့ ပြောင်းဖူးတွေ စိုက်တာကြောင့် တောတွေ မီးရှို့ရတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှ မဟုတ်ပါဘူး။ အိမ်နီးချင်း နိုင်ငံတွေလည်း ပါတာပေါ့။ အခုလို အဓိက သစ်တောပြုန်းတီးတာ၊ သဘာဝ ဂေဟစနစ်ကို ပျက်စီးအောင် ဆက်လုပ်နေမယ်ဆိုရင် နောက်ရှေ့နှစ်တွေမှာတော့ ဒီထက်ပိုပြီး ဆိုးရွာလာနိုင်မယ်လို့တော့ ကျနော်ထင်တယ်။
၂၀၀၈ ကတည်းက ကျနော်တို့ ပြောဖူးပါတယ်။ ဒါတွေကို မပြုပြင် မပြောင်းလဲဘူးဆိုရင် ဒီထက် ပိုဆိုးလာနိုင်တယ်။ သစ်ပင်တွေလည်း ခုတ်ပဲခုတ်နေမယ်၊ ရောင်းပဲရောင်းနေမယ် ဆိုရင်တော့ ပြသာနာ ပိုပြီးတက်လာနိုင်တယ်။ တစ်နှစ်ပြီးတစ်နှစ် ပိုဆိုးရွားလာနိုင်တယ်။ ၂၀၀၈ တုန်းက မြန်မာပြည်မှာ နာဂစ်ဖြစ်တယ်လေ။ အခု ၂၀၂၄ ဆိုရင် ၁၆ နှစ်ရှိပြီ။ အဲတုန်းကတည်းက ကျနော်တို့ ပြောနေပါပြီ။ ကမ္ဘာကြီး ဒီလိုတွေ့ကြုံရမယ်ဆိုတာပေါ့။
အဲ့ကတည်းက စပြီးတော့ ကျနော်တို့ နှစ်စဉ်နှစ်တိုင်း သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတဲ့ အချိန်မှာရော ၊ အင်တာဗျူးပေးတဲ့ အချိန်မှာ ကျနော်တို့ ပြောပါတယ်။ ဒီက ၅ နှစ်တစ်ကြိမ်တော့ဖြစ်လိမ့်မယ်။ ဒီထက်ပိုဆိုးလာလိမ့်မယ် ဆိုတဲ့ သတိပေးမှုကို ကျနော်တို့ လုပ်ဆောင်ပါတယ်။ နားထောင်တဲ့သူလည်း ရှိမယ်၊ နားမထောင်တဲ့သူလည်း ရှိမယ်။ အစိုးရတွေကိုကော တိုက်တွန်းပါတယ်။ ဒါပေမဲ့ အခုက စစ်တိုက်နေတယ်ဆိုရင် တိုက်တာတော့ တိုက်ပေါ့။
အခုကတည်းက မပြင်ဆင်ဘူးဆိုရင် နောင်နှစ်တွေမှာ တစ်ခုပြီးတစ်ခု ဒီထက်ပိုပြီးတော့ တွေ့ကြုံလာရပါလိမ့်မယ်။ ရေကြီးမှုတွေ၊ တောမီးလောင်တာ၊ ငလျင်လှုပ်တာကအစ ဖြစ်ပေါ်လာလိမ့်မယ်။ အဲ့တာတွေက ကျနော်တို့ တွေ့ကြုံရမယ့် သဘာဝ ဘေးအန္တရာယ်တွေပဲ ဖြစ်တယ်။
မေး ။ ။ ထိန်းသိမ်းမှုအပိုင်းမှာကော ဘာတွေလုပ်သင့်လဲ။ ပြီးတော့ ရှေ့ဆက်မှာ မဆိုးရွာလာအောင်ကော ဘာလုပ်သင့်လဲ။
ဖြေ ။ ။ လုပ်သင့်တာကျတော့ ကျနော်တို့ မြန်မာပြည်အနေနဲ့ ကြည့်မယ်ဆိုရင် အခုခေတ်မှာတော့ ကြောက်နေလို့တော့ မရဘူးပေါ့။ ကိုယ့်မြို့၊ ကိုယ့်ရွာတွေမှာ ဘာသစ်ပင်တွေ စိုက်သင့်လဲပေါ့။ ဘာစိုက်ရင် ကောင်းမလဲပေါ့။ သူများတွေက ကျွန်းသစ်တို့ အဖိုးတန်သစ်တွေကို ကြိုက်ရင် ကိုယ်က သရက်ပင်၊ ပိန္နဲပင်တို့ ၊ မန်းကျည်းပင်တို့ စိုက်ရင်တော့ ပိုကောင်းတာပေါ့ဗျာ။ အဓိကတော့ အဲ့တာတွေကို စိုက်ပြီးတော့ သစ်တောတွေကို ပြန်ထူထောင်လာရင် တစ်မျိုးတော့ ပြန်ကောင်းလာနိုင်တာပေါ့။
ဒါပေမယ့် သစ်ပင်ဆိုတဲ့ အမျိုးက ၁ နှစ်ထဲနဲ့ ကြီးလာတာတော့ မဟုတ်ဘူး။ သစ်ပင်ဆိုတာတော့ ဒီနှစ်စိုက် နောက်နှစ်သီး ဆိုတာမျိုးတော့ မရနိုင်ဘူးလေ။ နည်းနည်းတော့ အချိန်ပေးရတာပေါ့။ အဓိကတော့ သစ်တော ပြန်ထူထောင်ရမယ်။ ရေနှုတ်မြောင်းတွေ ပြန်လုပ်ရမယ်။ ကိုယ်လွတ်ရာလွတ်ကြောင်း ဖြစ်သလို လုပ်တာမျိုး မဟုတ်ပဲနဲ့ သေသေချာချာ လုပ်ရမယ်။ အနိမ့်အမြင့်ကို သေချာတွက်ကြည့်ပြီးတော့ ရေနှုတ်မြောင်းတွေ လုပ်ရမယ်။
စောင့်နေရင်တော့မရဘူး။ စောင့်မယ်ဆိုရင်လည်း ဘယ်သူ့ကို စောင့်ရမလဲဆိုတာ ရှိသေးတယ်။ နိုင်ငံရေးကလည်း ဘယ်ချိန်လောက်မှ ပြီးကြမလဲ။ ဘယ်ချိန်မှ အချင်းချင်း ပြန်ဆွေးနွေးနိုင်မလဲ ဆိုတာက ပြောရခက်တယ်လေ။ ရာသီဥတု ဖောက်ပြန်မှုကတော့ အဲ့တာတွေကို စောင့်နေမှာ မဟုတ်ဘူး။ အဲ့တာကြောင့် ကျနော်တို့ကိုယ်တိုင် တတ်နိုင်သလို အစုအဖွဲ့တွေနဲ့ စုဆောင်းပြီး ဆွေးနွေးပြီးတော့ လုပ်ဆောင်သွားမယ် ဆိုရင်တော့ ပိုကောင်းတာပေါ့။ အဲ့တာတွေကို လုပ်ဖို့တိုက်တွန်းချင်တာပေါ့။
အခုတော့ ရေကြီးတဲ့ နေရာတွေမှာတော့ ဘာမှ မလုပ်နိုင်တော့ဘူး။ ဒါပေမယ့် ရေခမ်းသွားတဲ့ အချိန်ကျရင်တော့ ရေလာလမ်းကြောင်းကို ဘယ်ကနေ လာတာလဲ ၊ ဘယ်ကနေ အလာများတာလဲ၊ ဘာကြောင့် ရေတွေက ဒလဟော စီးလာရတာလဲ။ စီးဆင်းလာတဲ့ လမ်းကနေပြီးတော့ ဘယ်လိုလုပ်ရင် ကိုယ့်မြို့၊ ကိုယ့်ရွာကို ရောက်ဖို့ အချိန်ဘယ်လောက် ကြာမလဲ။
တကယ်လို့ ရွာထဲ မြို့ထဲရောက်လာရင် ဘယ်လိုမျိုး ရေနှုတ်မြောင်း လုပ်ပြီးတော့ အထက်ကနေ အောက်ကို ရေမကြီးအောင်၊ လွှတ်ချနိုင်အောင် လုပ်မလဲဆိုတာကို ကြည့်ပြီးတော့ တွက်ချက်နိုင်တယ်။ ဒါကြောင့် အခုက အစိုးရကို စောင့်နေရင်တော့ ဖြစ်မှာမဟုတ်တော့ဘူး။ ရေကြီးပြီးတဲ့နောက်ပိုင်းမှာ အမှိုက်တွေကို ရှင်းရမယ့် အတူတူ အဲ့တာတွေကိုပါ တွက်ချက်ပြီး အနည်းဆုံး အချက်အလက်တွေကို ကောက်ထားရင်တော့ ပိုကောင်းတာပေါ့။ ဘာမှ မလုပ်နိုင်ဘူးဆိုတာတော့ မဟုတ်ဘူးပေါ့။
မေး ။ ။ ရေကြီးပြီးနောက်ပိုင်း ဘာရောဂါတွေ ဖြစ်ပွားလာနိုင်မလဲ။
ဖြေ ။ ။ ရောဂါကတော့ အရင်တုန်းက အဖြစ်များတာတော့ ပလိပ်ရောဂါပေါ့ဗျာ။
အဲတာတွေ ဖြစ်တာရှိတာပေါ့။ အခုကတော့ ရောဂါအဆန်းတွေ ရှိလာတာပေါ့။ တုတ်ကွေးဆိုရင်လည်း သွေးလွန်တုတ်ကွေးတို့၊ နှာစေးတုတ်ကွေးတို့ ဖြစ်လာတယ်။ အခုဆိုရင် ဆင်တုတ်ကွေး တို့ မျောက်တုတ်ကွေးတို့ စတဲ့ အဲ့လိုမျိုးရောဂါတွေ ပိုများလာလိမ့်မယ်။
အရင်တုန်းကတော့ ကျနော်တို့ ဖြစ်တဲ့ရောဂါတွေက ကာကွယ်ဆေးရှိခဲ့ပေမဲ့ အဲဒီရောဂါတွေက ပျောက်သွားပြီးတော့ အသစ်ပြန်ပေါ်လာတယ်။ ရောဂါကလည်း ရေနဲ့ တစ်နေရာနဲ့ တစ်နေရာကို ကူးစက်တာမျိုး ဖြစ်တယ်ပေါ့နော်။ နောက်ဆက်တွဲ ကြုံတွေ့ရမယ့် ရောဂါတွေက များတယ်လေနော်။ ရေကြီးလာပြီဆိုရင် အမှိုက်တွေက တွေ့ရမှာ ပိုများတယ်။ စားကြွင်းစားကျန်တွေကော အမှိုက်တွေ အားလုံးပဲ အများကြီးပဲပေါ့နော်။
အားလုံးက လာစုံတဲ့အခါမှာ နေအပူချိန်နဲ့ ဓာတ်ပြုလာလိမ့်မယ်။ လာစုံနေတဲ့ အမှိုက်တွေနဲ့ ရွံ့နွံတွေနဲ့ နေပူတဲ့အချိန်နဲ့ ဓာတ်ပြုပြီးတော့ အငွေ့တွေ ပျံလာမယ်ပေါ့။ ဒါဆိုရင် ရောဂါတွေကလည်း တစ်ခုပြီးတစ်ခု ဖြစ်လာနိုင်တယ်။ ရောဂါဆန်းတွေ ထပ်ဖြစ်လာနိုင်စရာ အကြောင်းတွေလည်း ရှိတာပေါ့နော်။ ဘာဖြစ်လာနိုင်မလဲ ဆိုတာတော့ ကျနော်တို့မသိဘူး။ အခုတောင် မျောက်ကျောက်ရောဂါအသစ်ပေါ်လာနေပြီ။ ရောဂါတွေက တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီးတော့ ပေါ်လာလိမ့်မယ်။
မေး ။ ။ အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။












Leave a Comments