သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ အသက်ကြီးပိုင်းများကို စစ်ကောင်စီက စစ်သင်တန်းပေးခဲ့ပြီး အုပ်ချုပ်ရေးမှူး သန်းခေါင်စာရင်း ကောက်ခံသည့်နေရာတွင် လုံခြုံရေးလိုက်ယူခိုင်းကြောင်း သတင်းရရှိသည်။
အဆိုပါ အသက်ကြီးသူများသည် အသက် ၄၅နှစ်မှ အသက် ၆၅နှစ်အထိဖြစ်ပြီး စစ်ကောင်စီသည် ထိုသူများကို တစ်ပတ်သာ သင်တန်းပေးခဲ့သည်။
သင်တန်းဆင်းပြီးသူများကို အုပ်ချုပ်ရေးမှူး သန်းခေါင်စာရင်ကောက်ရာတွင် လုံခြုံရေးယူပေးရသည့်အပြင် အုပ်ချုပ်ရေးမှူးရုံး နှင့် ၎င်း၏နေအိမ်များကိုလည်း လုံခြုံရေးယူပေးနေရကြောင်း ဆီဆိုင်မြို့ မှ အသက် ၃၅နှစ်အရွယ် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
” ခုတစ်ခေါက်အသက်ကြီးသူအများစုပါတယ်။သူများဒေသ ရေကြီးနေချိန်မှာ ဆီဆိုင်မှာက စစ်တပ်က လူတွေကိုစုပြီး စစ်သင်တန်းပေးနေတာ။နှစ်သုတ်တော့ ပြီးပြီ နောက်တစ်သုတ်ထပ်ခေါ်ဖို့စာရင်းကောက်နေပြီ”ဟု ၎င်းက ဆိုသည်။
ပထမနှင့် ဒုတိယအသုတ်တွင် တစ်ရပ်ကွက်လျှင် လူ ၆ယောက်ဖြင့် စစ်သင်တန်းတက်ခိုင်းခဲ့ပြီး မသွားသောသူများကို သိန်း၁၀၀ကျော်တောင်းပြီး၊ စစ်ကောင်စီနှင့် နီးစပ်သူများသည် ငွေကြေး အနည်းငယ်သာပေးဆောင်ရကြောင်း ဆီဆိုင်ဒေသခံများကပြောသည်။
“မသွားတဲ့သူတွေကို ပိုက်ဆံအများကြီးတောင်းတယ်။ပိုက်ဆံပမာဏကအရမ်းများတော့ အကုန်ကြရတယ်။ဒါပေမယ့် စစ်တပ်နဲ့နီးတဲ့သူတွေတော့ပိုက်ဆံနည်းနည်းဘဲပေးရတယ်။စစ်သင်တန်းလည်းမတက်ရတော့ဘူး။စစ်တပ်နဲ့မရင်းနှီးတဲ့သူတော့ ဘယ်လို ညှိနှိုင်းညှိုနှိုင်းမရဘူး”ဟု ဆီဆိုင်မြို့ လူမှုပရဟိတ အမျိုးသားတစ်ဉီးက ပြောသည်။
ဆီဆိုင်မြို့တွင် စစ်ကောင်စီအပြင် PNO ပြည်သူ့စစ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLAလည်း စစ်မှုထမ်းခေါ်ယူနေခြင်းကြောင်း ဒေသခံများ အခက်ခဲကြုံတွေ့နေရသည်။












Leave a Comments