ကရင်နီပြည်၊ ဖယ်ခုံမြို့နယ် လအိကျေးရွာတွင် ဗုဒ္ဓဘာသာကိုယ်ကွယ်ထားသော ဘုရားဆင်းတုတော်များ ဖျက်ဆီးခံရသည်ဟု စုံစမ်းသိရသည်။
လအိကျေးရွာတွင် ပြီးခဲ့သည့် (စက်တင်ဘာလ ၅ ရက်)နေ့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးတဲ့နောက်တွင် ရွာခံအားလုံးနီးပါး စစ်ရှောင်နေရသည်။
ယခင် (စက်တင်ဘာလ တတိယပတ်)လောက်သာ ဘုရားဆင်းတုတော်များ ဖျက်ဆီးခံရတာကို သိရပြီး (အောက်တိုဘာ ၂ရက်)နေ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာများပေါ် ပျံ့နှံ့လျက်ရှိကာ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်၏ စစ်ဗျူဟာအမှတ်(၁)နှင့် စစ်ဗျူဟာအမှတ်(၈)တို့က ဖြစ်ရပ်ကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချသည်ဟု ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“စက်တင်ဘာလ တတိယအပတ်မှာပဲ ဘုရားဆင်းတုတော်ဖျက်ဆီးခံရတာကို ရွာကလူတွေပဲသိတာ။ ယမန့်နေ့ကတော့ ဖေ့စ်ဘွတ်ခ်စာမျက်နှာများပေါ် ပျံ့နှံ့လာတယ်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကကျူးလွန်သူတွေကို စုံစမ်းရှာဖွေဖော်ထုတ်ပြီး ဥပဒေအရ ပြင်းထန်တဲ့ အပြစ်ပေး ချမှတ်သွားမယ်လို့ အောက်တိုဘာလ ၂ရက်က သတိပေးထုတ်ပြန်ထားတယ် “ဟု ၎င်းကပြောသည်။
ထို့အပြင် ဗုဒ္ဓဘာသာများ၏ အထွက်အမြတ်ထား ကိုးကွယ်ရာ ဘုရားဆင်းတုတော်များကို ယခုကဲ့သို့ ဆိုးရွားစွာ ဖျက်ဆီးခံရခြင်းသည် ကရင်နီပြည်တွင် နိုင်ငံရေးမှတဆင့် ဘာသာရေး ပဋိပက္ခများဖြစ်ပွားစေရန် ဦးတည်ဖန်တီးလုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးကသျှမ်းသံတော်ဆင့်ကို ပြောသည်။
“အခုလို ဘုရားခေါင်းဖြတ်တာလည်း သွေးခွဲအောင်လုပ်နိုင်တဲ့ လက်တန်တခုဖြစ်တယ်။ လအိရွာမှာ ကရင်နီနဲ့ ပအိုဝ့် မျိုးနွယ်တွေ နှစ်ပေါင်းများစွာ ချစ်ခင်ရင်းနှီးစွာ နေထိုင်ကြတဲ့ရွာဖြစ်တယ်။ အခုလိုပြုလုပ်တာ လူမျိုးရေး ပဠိပက္ခများနဲ့ အမုန်းပွားစေအောင်လုပ်တယ်။ အထွေထွေ အတွင်းရေးမှူးဟောင်း၊ ဗကသများအဖွဲ့ချုပ်၊ အလယ်ပိုင်းတိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေ ဆက်လက်စုံစမ်းနေတယ်” ဟု ၎င်းကပြောသည်။
လအိကျေးရွာရှိ အုပ်ချုပ်ရေးတာဝန်ခံနှင့် ပူးပေါင်းတပ်များသည် ဖြစ်ရပ်ကျူးလွန်သူများကို စုံစမ်းရှာဖွေဖော်ထုတ်ပြီး ဥပဒေအရ ပြင်းထန်သော အပြစ်ပေးမှုများကို ချမှတ်ဆောင်ရွက်သွားမည်ဟု ဒေသခံပြောပြချက်အရ သိရသည်။
စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဖယ်ခုံမြို့နယ် အပါအဝင် ကရင်နီဒေသအတွင်းရှိ ခရစ်ယာန်ဘုရားကျောင်း ၇ ကျောင်း ပျက်စီးသွားကြောင်း တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု က ၂၀၂၁ခုနစ် နိုဝင်ဘာတွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်နှင့် ၎င်၏လက်အောက်ခံ အဖွဲ့အစည်းများက မီးရှို့မှုကြောင့် နေရာပေါင်း ၂၅၄ နေရာက လူနေအိမ်ခြေပေါင်း ၉,၁၈၇ လုံး ပျက်စီးခဲ့ကြောင်း Data for Myanmar က ၂၀၂၂ခုနစ် ဧပြီလတွင် ထုတ်ပြန်ထားသည်။
အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။












Leave a Comments