သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ကျောင်းသွားရန် ဆိုင်ကယ်မောင်းနှင်နေသည့် ညီအစ်ကို နှစ်ဦးကို အမည်မသိလက်နက်ကိုင် အမျိုးသားနှစ်ဦးက သေနက်ဖြင့်ထောက်၍ ဓားပြတိုက်ကာ ဆိုင်ကယ်လုယက်ခဲ့ကြောင်း စုံစမ်းသိရသည်။
ယနေ့ (စက်တင်ဘာလ ၂၆ ရက်) နံနက် ၁၁ နာရီခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်အတွင်း ကျောင်းသွားရန် ဆိုင်ကယ်မောင်းနှင်နေသည့် ညီအစ်ကို ကျောင်းသားနှစ်ဦးကို အမည်မသိ လက်နက်ကိုင် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ခြိမ်းခြောက်ကာ ဆိုင်ကယ်နှင့် ဖုန်းကို ဓားပြတိုက် လုယက်သွားကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ညီအစ်ကို နှစ်ယောက်က ဆိုင်ကယ်စီးပြီး ကျောင်းသွားနေတာ၊ ဓားပြနှစ်ယောက်ကလည်း ဆိုင်ကယ်စီးပြီးတော့ သေနတ်နဲ့ ထောက်ပြီး ဆိုင်ကယ်နဲ့ ဖုန်းကို ဓားပြတိုက်သွားတာ။ ပြီးတော့ အနောက်မှာထိုင်တဲ့ သူ့ညီက ဓားပြတိုက်သွားတဲ့လူကို ပြန်လိုက်တာ၊ ဟိုဓားပြတွေက သေနတ်နဲ့ ပြန်ပစ်တော့ ထိသွားတာ”ဟု မူဆယ်ဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ထို အမည်မသိလက်နက်ကိုင် အမျိုးသားနှစ်ဦး၏ သေနတ်ပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ် အရွယ် ကျောင်းသား၏ ခြေထောက်ကို ထိမှန်ပြီး ဒဏ်ရာပြင်းထန်မှုကြောင့် လက်ရှိတွင် ရွှေမူဆယ်ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသနေရကြောင်း သိရသည်။
ယခုကဲ့သို့ သေနတ်ပစ်ခတ်ကာ လုယက်မှုဖြစ်ပွားခြင်းနှင့် ပက်သက်ပြီး မူဆယ်မြို့၏ လက်ရှိအခြေအနေများသည် အိမ်အပြင်ထွက် သွားလာခြင်းအပြင် အိမ်တွင်းရှိနေသော်လည်း လုံခြုံမှု မရှိသလို ခံစားနေရကြောင်း မူဆယ်မြို့ပေါ်ရှိ ရပ်ကွက်နေ ပြည်သူများက ပြောသည်။
အလားတူ စက်တင်ဘာလ ၁၇ ရက်ကလည်း နေ့ခင်းအချိန်တွင် မူဆယ်မြို့ မင်္ဂလာမူဆယ် အိမ်ယာတွင် နေထိုင်သည့် အမျိုးသားတစ်ဉီးကို အမည်မသိလက်နက်ကိုင်အဖွဲ့မှ အမျိုးသား ၃ ဦးက ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
လတ်တလောတွင် စက်တင်ဘာလ (၂၃) ရက်မှ စတင်ပြီး တရုတ်နိုင်ငံ၏ ဖိအားကြောင့် မူဆယ်မြို့ စစ်ကောင်စီတပ်သားများနှင့် ၎င်းလက်အောက်ခံ ရဲများမှ အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ကိုင်သူများ နေထိုင်သည့် နေအိမ်၊ တိုက်ခန်းများကို ဝင်ရောက်ဖမ်းဆီးပြီး မြန်မာလူငယ်များကို တစ်ဦးလျှင် တရုတ်ယွမ်ငွေ (၂) သောင်းဖြင့် ပြန်လည်ရွေးထုတ်ခိုင်းနေကြောင်း ဒေသခံများက ပြောသည်။
မူဆယ်မြို့နယ်အတွင်း သွားလာလှုပ်ရှားနေသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များသည် ကောင်းခါး၊ မြို့မ၊ ပန်းဆေး၊ လုံထန်၊ ပိန်းဆာ၊ မန်ဂျယ်၊ စိန်ကျော့၊ မန်ပြိန်း၊ ရှောက်ဟော်၊ တာမိုးညဲ၊ မုံးပေါ် စသည်ဖြင့် ၁၅ ဖွဲ့ထက်မနည်း ရှိသည်။
မူဆယ်မြို့သည် တရုတ်နယ်စပ်မြို့ဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲမဖြစ်ပွားသေးသည့် ဒေသတစ်ခု ဖြစ်နေသေးကြောင်း သိရသည်။











Leave a Comments