သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့တွင် ယခုလအတွင်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် ဆန် နှင့် စက်သုံးဆီများ စတင်ပြတ်လပ်လာကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် (စက်တင်ဘာလ ၁၀ ရက်) တွင် မိုးရွာသွန်းမှုကြောင့် မိုင်းဆက် – တာချီလိတ်သွားသည့် ဆိုက်ခေါက်တံတား နှင့် (စက်တင်ဘာလ ၁၅ ရက်) မိုင်းတုံ – တာဆန်းကို ဆက်သွယ်ထားသည့် တံတား သည် တောင်ကျရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်မှစပြီး မိုင်းတုံမြို့ကို ဆက်သွယ်သော လမ်းများ စတင်ပြတ်တောက် သွားပြီး ဆန် နှင့် စက်သုံးဆီများ စတင်းပျက်လက်နေပြီး ဈေးနှုန်းများ အဆမတန် မြှင့်တက်နေကြောင်း မိုင်းတုံမြို့ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စားသောက်ကုန် အဓိက ဆန်ကို ရှိနေရဲ့သားနှင့် မရှိဘူးဆိုပြီး သာမန်ပြည်သူတွေကို မရောင်းပေးကြတာ။ စက်သုံးဆီ လည်း အဲ့လိုပဲရှိနေတောကိ မရှိဘူးပြောပြီး တစ်ဖက်လှည့်နဲ့ တစ်ဆင့်ဆိုင်ကို ရောင်းချပြီး ဈေးမကြီးသင့်ပဲ ဈေးကြီးပေး ဝယ်နေကြရတယ်။”ဟု မိုင်းတုံမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
မိုင်းတုံမြို့တွင် စက်သုံး တစ်လီတာလျှင် ယခင် မြန်မာကျပ်ငွေ လေးထောင်ကျပ် ဝန်းကျင်သာရှိပြီး ယခုလ တစ်လီတာလျှင် မြန်မာကျပ်ငွေနှစ်သောင်း ကျပ်ထိပေးဝယ်နေရကြောင်း ၎င်းကဆက်ပြောသည်။
ထို့ပြင် မိုင်းတုံမြို့ကို ပုံမှန် ပြန်လည် လည်ပတ်နိုင်ရန် ဒေသခံများ နှင့် ကားဆရာများက ပျက်စီးနေသော လမ်းများ ကိုယ်ထူကိုယ်ထ ပြန်လည် ပြုပြင်ရန် သက်ဆိုင်ရာ အထက်တာဝန်ရှိသူများကို တောင်ဆိုသော်လည်း ခွင့်မပြုပေးကြောင်း ကားသမားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ကုန်စည်စီးဆင်းမှု ပုံမှန်ဖြစ်ဖို့ ရည်ရွယ်ပြီးတော့ ကားဆရာတွေက လမ်းပန်းဆက်သွယ်ရေးပြုပြင်ဖို့ကို မြန်အောင် စုပေါင်းပြီး မြေပြိုပျက်စီးသည့်နေရာများကို ပြုပြင်မယ်ဆိုပြီးပြီး တောင်းဆိုထားတာ အထက်က တာဝန်ရှိသူတွေက ခွင့်မပြုဘူးလို့ပဲပြောတယ်။”ဟု ၎င်းက ပြောသည်။

ထို မိုင်းတုံမြို့တွင် ၁၀ ရက်ကျော်ကြာ လမ်းပန်းဆက်သွယ်ရေးမျာ ဖုန်းလိုင်းများ ပြတ်တောက်နေသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက လာရောက်ဖြေရှင်းပေးခြင်း မရှိကြောင်း မိုင်းတုံမြို့ ဒေသခံများက ပြောသည်။
“လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတာ ၁၀ ရက်ကျော်ပြီးတာဝန်ရှိတွေက အားစိုက်ထုတ်မရှိဘူး။မြို့က ယခုချိန်ထိ ဘာလိုင်းမှ မရသေးသလို။လိုင်းသုံဖို့လည်း မိုင်း ၃၀ လောက်ဝေးတဲ့ ထိုင်းနယ်စပ်ဘက်ကို သွားပြီး ဆက်သွယ်နေရတာ။ ဆီရှားပါးနေတဲ့အချိန် ယခုလို သွားဆက်သွယ်ပြောနေရတာ ပြည်သူတွေအတွက် ခက်ခဲဖြစ်တယ်။”ဟု မိုင်းတုံ ဒေသခံအမျိုးသား တစ်ဉီးက ထပ်လောင်းပြောသည်။
မိုင်းတုံမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် စပါးခင်းနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထားသော လယ်ကွင်းများ အားလုံးနီးပါး ပျက်စီး ဆုံးရှုံးမှုရှိကြောင်းသိရသည်။
သျှမ်းပြည်အရှေ့ပိုင်းတွင် သစ်တောများ အလွန်အကျွံ ခုတ်ယူခြင်း၊ သတ္တုများ အလွန်အကျွံ တူးဖော်ခြင်းနှင့် တောတောင်တွင် သစ်ပင်များမရှိတော့သဖြင့် မိုးရွာသွန်းသည်အခါ မြေကြီးမှ ရေစုပ်ယူမှု မရှိတော့သဖြင့် ယခုကဲ့သို့ ရေကြီးရေလျှံမှု ဖြစ်ပွားလာရခြင်းဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် စောင့်ကြည့် လေ့လာသူများက ဆိုသည်။










Leave a Comments