သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် အတွင်း တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီ လက်နက်ကြီး တဖက်သတ် ပစ်ခတ်မှုကြောင့် ဗန်းမောက်ကျေးရွာ ဒေသခံ တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကောင်စီသည် စက်တင်ဘာ ၁၇ရက်တွင် ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာအတွင်းသို့ တဖက်သတ်ပစ်ခတ်ပြီးနောက် အသက် ၃၀ အရွယ်ရှိ ခွန်ဇော်လေးသည် ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း ဗန်းမောက်ကျေးရွာနေ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“တိုက်ပွဲဖြစ်ပွားတာမရှိပါဘူး။စစ်ကောင်စီက တမင်သက်သက် လာပစ်တာ။ရွာထဲကျတယ်။ဒဏ်ရာရတဲ့သူ လက်တစ်ဖက်ရစရာကိုမရှိတော့ဘူး။အခု (စက်တင်ဘာ ၂၁)ရက်ထိ လက်နက်ကြီးပစ်နေတုန်း”ဟု ၎င်းက ပြောသည်။

ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာသည် ပြီးခဲ့သည့် မတ်လတွင် စစ်ကောင်စီနှင့် တော်လှန်ရေး တပ်ပေါင်းစုကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒေသခံများ ပထမအကြိမ်ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
ထို တိုက်ပွဲများငြိမ်သွားပြီးနောက် ဒေသခံများသည် နေရပြန်ခဲ့ပြီး ယခု (စက်တင်ဘာလ)အတွင်း စစ်ကောင်စီ လက်နက်ကြီး တဖက်သတ်ပြန်လည် ပစ်ခတ်မှုကြောင့် ဒုတိယအကြိမ် ထပ်မံထွက်ပြေး တိမ်းရှောင်နေကြရသည်။
” ကျနော်တို့ စစ်ရှောင်နေရတာ နှစ်ခါရှိပြီး၊ ခုက စိုက်ပျိုးချိန် လယ်ယာသိမ်းချိန်ဖြစ်တော့ ရှောင်နေရတာ အဆင်မပြေဘူး။ တိုက်ပွဲပြန်ဖြစ်မှာဆိုလို့အကုန်ရှောင်နေရပြန်တယ်။ လယ်တွေကို ကြွက်တွေ ငှက်တွေက ဖျက်ဆီးကုန်တယ်။” ဟု အသက် ၂၅နှစ်အရွယ် အမျိုးသားတစ်ဉီး က ဆိုပြန်သည်။
ပြီးခဲ့သည့်မတ်လတိုက်ပွဲအတွင်းတွင် ဗန်းမောက်ကျေးရွာ အရပ်သား၅ဉီး သေဆုံးခဲ့ပြီး နေအိမ်များစွာ ပျက်စီးခဲ့ကြောင်းသိရသည်။












Leave a Comments