ကချင်ပြည်နယ်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်ကောင်စီ၏ လက်နက် ရိက္ခာများ တင်ဆောင်လာသည့် သင်္ဘော အုပ်စုကို KIA ပူးပေါင်း တပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်လျက်ရှိရာ သင်္ဘော ၂ စီး နစ်မြုပ်ပြီး ၄ စီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ လက်နက် ရိက္ခာ တင်ဆောင် ဆန်တက်လာသည့် စစ်ကောင်စီ၏ သင်္ဘော ၇ စီးအနက် တစ်စီးသာ ယမန်နေ့ ညနေပိုင်းက ဗန်းမော်မြို့သို့ ရောက်ရှိလာကြောင်း သတင်းရင်းမြစ်က ဆိုသည်။
“အခုထွက်လာတဲ့ဟာက (ရုပ်သံ) ၁၇ ရက်နေ့က KIA သိမ်းလိုက်တဲ့ သင်္ဘောပါ။ အဲပေါ် ဘာတွေ တင်လာတယ် ဆိုတာတော့ ထုတ်ပြန်တာစောင့်ပါ” ဟု သတင်းရင်းမြစ်က ဆိုသည်။
လူမှုကွန်ရက်တွင်ပြန့်နှံ့နေသည့် ရုပ်သံဖိုင်တွင် KIA သိမ်းပိုက်ထားသည့် သင်္ဘောပေါ် နေရာတချို့ မီးလောင်နေသည်ကို တွေ့ရသော်လည်း မည်သည့် ပစ္စည်းများ တင်ဆောင်လာသည်ကိုမူ မတွေ့ရပေ။
ကချင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်နေရာ နှစ်စဉ်ဧရာဝတီ မြစ်ရေတက်သည့် မိုးတွင်းကာလ စစ်ကောင်စီက သင်္ဘောများကို အသုံးပြု၍ လက်နက်ရိက္ခာ ဖြည့်တင်းလေ့ရှိရာ ယခုနှစ်တွင် KIA က ထိထိရောက်ရောက် ဟန့်တား ဖျက်ဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။