Tuesday, October 8, 2024

နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းသစ်ရှာဖွေနေမှုနှင့်ပတ်သက်ပြီး 7EAO Alliance ဘာပြောလဲ

Must read

NCA အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၇) ဖွဲ့၏ စုဖွဲ့မှုပုံစံသစ်ဖြစ်သည့် 7 EAO Alliance မဟာမိတ်အဖွဲ့ ဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးကို အွန်လိုင်းဖြင့် စက်တင်ဘာ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပပြီးစီးခဲ့ရာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းသစ်ကို ရှာဖွေနေသည်ဟု ဆိုပါသည်။

အစည်းအဝေးနှစ်ရက်တာအတွင်း ဆွေးနွေးခဲ့သည့် အကြောင်းအရာများ၊ စစ်ကောင်စီနှင့် နိုင်ငံရေးပါတီ အစုအဖွဲ့တို့ တွေ့ဆုံမှုအခြေအနေများ၊ လက်နက်ကိုင်ပဋိပက္ခအကျပ်အတည်း ကျော်ဖြတ်ရန် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုလမ်းကြောင်းသစ် ရှာဖွေနိုင်မည့်အခြေအနေများကို 7 EAO Alliance ပြောရေးဆိုခွင့်ရှိသူ KNU/KNLA (PC) မှ ဗိုလ်မှူးကြီးစောကျော်ညွန့်ကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းခွမ်မိန်း က ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ 7 EAO Alliance ဦးဆောင်အဖွဲ့အစည်းအဝေးကို အွန်လိုင်းကနေ ကျင်းပပြုလုပ်ခဲ့တာတွေ့ရပါတယ်။ ဒီအစည်းအဝေးကို ဘယ်သူတွေ၊ ဘယ်အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ပါလဲ။

ဖြေ ။ ။ စက်တင်ဘာ ၁၀ ရက်၊ ၁၁ ရက်မှာ 7 EAO အဖွဲ့ရဲ့ ဦးဆောင်အဖွဲ့အစည်းအဝေးပေါ့။ ဒါ ဒုတိယအကြိမ်ပါ။ 7 EAO Alliance စုဖွဲ့မှုနောက်ပိုင်း ဦးဆောင်အဖွဲ့အစည်းအဝေးက ၆ လ တကြိမ်လုပ်ရတော့ မနေ့က လုပ်တာက ဒုတိယအကြိမ်ပေါ့။ တက်ရောက်တဲ့အဖွဲ့ကတော့ 7 EAO Alliance မှာ ပါဝင်တဲ့အဖွဲ့အစည်းတွေ အားလုံး တက်ရောက်ပါတယ်။ ALP၊ DKBA၊ KNU/KNLA (PC)၊ LDU၊ NMSP၊ PNLO နဲ့ RCSS အဲ့ဒီမှာပါဝင်တဲ့ ခေါင်းဆောင်တွေအကုန်လုံး တက်ရောက်ပါတယ်။

မေး ။ ။ အစည်းအဝေးမှာ ဘယ်အကြောင်းအရာတွေကို အဓိကထား ဆွေးနွေးခဲ့ပါလဲ။

ဖြေ ။ ။ အစည်းအဝေးရဲ့ အစဉ်အလာအရပါပဲ၊ ၆ လတာ အတွင်းမှာ 7 EAO Alliance စုဖွဲ့မှုရဲ့ အတွင်းရေးမှူးအဖွဲ့ကနေပြီးတော့ နိုင်ငံရေးအစီရင်ခံစာတင်တယ်။ ပြီးတော့ လုပ်ငန်းအစီရင်ခံစာ တင်တယ်၊ အဲ့ဒီစုဖွဲ့မှုထဲမှာပါတဲ့ လုပ်ငန်းကော်မတီတွေပေါ့။ အဲ့ဒီအပေါ်မှာ အကြံပြုချက်တွေ၊ ဆွေးနွေးမှုတွေ၊ အပြန်အလှန် သုံးသပ်ပြီးတော့ ဆွေးနွေးမှုတွေများတာပေါ့။

မေး ။ ။ 7 EAO Alliance ပြန်လည်စုဖွဲ့မှုကလည်း ၆ လကျော်ထဲရောက်ပြီ။ NCA လက်မှတ်ထိုးထားတာဆိုရင်လည်း လာမယ့်အောက်တိုဘာလထဲ ၉ နှစ်ပြည့်မှာပေါ့။ ဒီဟာတွေအတွက် ဘာတွေလုပ်ဆောင်နေပါလဲ၊ ရှေ့လုပ်ငန်းစဉ်ကရော ဘာတွေရှိလဲ။

ဖြေ ။ ။ ရှေ့လုပ်ငန်းစဉ်အနေနဲ့ကတော့ 7 EAO Alliance ဆိုတာကလည်းပဲ PPST ကနေ ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ စုဖွဲ့မှုပဲလေ။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် နောက်ပိုင်းကစပြီးတော့ NCA လမ်းကြောင်းအရ နိုင်ငံရေးတွေ့ဆုံမှု တွေက အကုန်လုံးရပ်တန့်သွားတယ်။ အဲ့လို ရပ်တန့်သွားတဲ့အခါကြတော့ ကျနော်တို့ (၇) ဖွဲ့အနေနဲ့က NCA လမ်းကြောင်းအတိုင်း မဟုတ်ဘဲနဲ့ NCA ရဲ့ အနှစ်သာရ (၃) ချက်အပေါ်မှာ အခြေခံပြီးတော့ တွေ့ဆုံဆွေးနွေးမှု တွေဖြစ်အောင် ကြိုးပမ်းဆောင်ရွက်မှုတွေရှိတယ်။ ခုနက (၃) ချက်ကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးပြီးဖြေရှင်းရေး၊ သက်ဆိုင်သူများအားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေး၊ ပြီးတော့အရပ်သားများ အကာအကွယ်ပေးရေးပေါ့လေ။ အဲ့ဒါကလည်း ဆောင်ရွက်လာတာ အချိန်ကာလအားဖြင့် (၂) နှစ်နီးပါးလောက်ရှိတယ်။ သို့သော်လည်းပဲ ဒီလိုမျိုး စစ်ရေးဘောင်ကကျယ်ပြီးတော့ နိုင်ငံရေးဆွေးနွေးမှုဘောင်က အင်မတန်ကျဉ်းမြောင်းတဲ့ အောက်မှာတော့ ရိုးရိုးသားသားပြောရမယ်ဆိုရင် ကျနော်တို့က မျှော်မှန်းသလောက် ခရီးမပေါက်ခဲ့ပါဘူး။

ဒါကြောင့်မလို့ ပြီးခဲ့တဲ့မနေ့တနေ့ နှစ်ရက်တာအစည်းအဝေးကနေပြီးတော့ ကျနော်တို့ကလမ်းကြောင်းအသစ်တစ်ခုကို ရှာတာပေါ့လေ။ လမ်းကြောင်းအသစ် ရှာတယ်ဆိုတာကလည်း အဓိက ရည်ရွယ်ချက်ကတော့ လက်ရှိ ကျနော်တို့နိုင်ငံမှာ နေ့ဒဓူဝကြုံတွေ့နေရတဲ့ ပြည်သူလူထုတွေရဲ့ သေကြေပျက်စီး၊ နေအိမ်မီးလောင်ဆုံးရှုံး စသည်ဖြင့် ဒီလက်နက်ကိုင်ပဋိပက္ခ အကျပ်အတည်းကနေ ကျော်ဖြတ်နိုင်ဖို့အတွက် စကားပြောဖို့လိုအပ်တယ်။

ဒီဟာတွေက နိုင်ငံရေးပြဿနာကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်တယ်။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ အဖြေရှာရမယ်။ သို့သော်လည်းပဲ ဒီအချိန်မှာက ကျနော်တို့ရဲ့ပကတိ နိုင်ငံရေးအခြေအနေအရ နိုင်ငံရေးဆွေးနွေးမှုဘောင်က တော်တော်လေး ကျဉ်းမြောင်းတဲ့ကာလမှာ တော်တော်လေးတော့ အခက်အခဲအများကြီးရှိတယ်။ ရှိတဲ့အတွက်မလို့ ကျနော်တို့အရင်က လုပ်ခဲ့တာတွေကလည်း ထင်သလောက်ခရီးမပေါက်ဘူး။ ပြီးခဲ့တဲ့ နှစ်ရက်တာအစည်းအဝေးမှာ ကျနော်တို့ လမ်းသစ်တစ်ခုကို စဉ်းစားကြိုးပမ်းကြည့်ဖို့ အဲ့လိုမျိုး ဆွေးနွေးမှုတွေ ရှိတယ်။

လမ်းသစ်ဆိုတာကလည်းပဲ တခြားတော့ မဟုတ်ပါဘူး၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုပါပဲ။ အဲ့လို တွေ့ဆုံဆွေးနွေးတဲ့ အခါကြရင် အလွတ်သဘော စတင်ပြောဆိုကြမယ်။ အလွတ်သဘောပြောဆိုပြီးမှ နှစ်ဘက်စလုံး အဆင်ပြေတဲ့ အချိန်၊ နှစ်ဘက်စလုံး အဆင်ပြေတဲ့နေရာ၊ နှစ်ဘက်စလုံးအဆင်ပြေတဲ့ Agenda တွေပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့နှစ်ဘက်စလုံး လိုက်ပါနိုင်တဲ့ အခင်းအကျင်းနဲ့ ဆွေးနွေးပွဲတွေ လုပ်မယ်ဆိုရင် အကျိုးသက်ရောက် မှုလည်း ကောင်းမယ်။ ထိရောက်မှုလည်း ရှိမယ်ထင်တဲ့အတွက် ကျနော်တို့စဉ်းစားတဲ့ လမ်းသစ်ကို ၂ ရက်တာ အစည်းအဝေးမှာ ဆွေးနွေးဖြစ်ခဲ့တယ်။ ဆွေးနွေးမယ့် အကြောင်းအရာတွေကလည်း လက်ရှိ ဖြစ်ပေါ်နေတဲ့ ကျနော်တို့နိုင်ငံရဲ့ ပကတိအနေအထားအရ ဟိုဘက်ဒီဘက်ပေါ့ပေါ့ပါးပါးနဲ့ လိုက်ပါဆောင်ရွက်လို့ရအောင် ကျနော်တို့ EAO ၁၂ ဖွဲ့က သဘောတူထားပြီးသားဖြစ်တဲ့ ဖက်ဒရယ်အခြေခံမူ ၂၄ ချက်ကို ဆွေးနွေးဖို့ စဉ်းစားထားတယ်။

ပြီးတော့ လက်ရှိ ပကတိအခြေအနေအရ ကျနော်တို့ဟာ ဆွေးနွေးတာနဲ့ပဲ အချိန်ကုန်တာ မဟုတ်ဘဲနဲ့ လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့အတွက် ပြည်နယ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရနဲ့ပူးတွဲပြီးတော့ ပြည်နယ်အုပ်ချုပ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေကိုလည်း အဲ့လိုပြောရင်ကောင်းမလား၊ အဲ့လိုဆွေးနွေးရင် ကောင်းမလားဆိုတဲ့ စဉ်းစားချက်တွေ ရှိတယ်။ နောက်တချက်ပေါ့လေ မြန်မာနိုင်ငံတနံတလျားမှာ အများကြီးထွက်ပေါ်လာနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အနာဂတ်ကာလအတွက်ပေါ့လေ။ ကျနော်တို့နဂိုစဉ်းစားချက်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် တည်ဆောက်ရေးအတွက်ကိုလည်း စတင်ပြီးတော့ စဉ်းစားပြောဆိုကြရင်ကောင်းမလားလို့ အဲ့လိုမျိုး စဉ်းစားချက်တွေ ဆွေးနွေးချက်တွေတော့ ရှိပါတယ်။

မေး ။ ။ 7 EAO Alliance အနေနဲ့ မကြာခင်ကာလမှာ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (NSPNC) အပြင် နိုင်ငံရေးပါတီ အစုအဖွဲ့တွေနဲ့ တွေ့ဆုံမယ်လို့လည်း သတင်းထွက်ပေါ်နေတာ ကြားရတယ်။ ဒီဟာနဲ့ပတ်သက်ပြီး ဘယ်လိုအကြောင်းအရာမျိုးရှိနေလဲ။

ဖြေ ။ ။ အဲ့ဒါကတော့ ကျနော်ကတော့မကြားမိပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ဩဂုတ်လ ၂၃ ရက်နေ့တုန်းက နေပြည်တော်မှာ တွေ့ဆုံမှုတခုရှိခဲ့တာတော့ မှန်တယ်။ ဒါပေမယ့် 7 EAO Alliance အနေနဲ့ တွေ့ဆုံတာတော့ မဟုတ်ပါဘူး။ တစ်ဖွဲ့ချင်းစီကို ဖိတ်တယ်၊ တစ်ဖွဲ့ချင်းစီရဲ့ ဆုံးဖြတ်ချက်နဲ့ သွားတက်ရတာပေါ့ဗျာ။ ဆိုတော့ အဲ့ဒီအချိန်တုန်းကတော့ နိုင်ငံရေးပါတီအပါအဝင် အချိန်ခဏတာ တွေ့ဆုံမှုရှိခဲ့တယ်လို့ ကြားရပါတယ်။ အဲ့ဒီမှာ အစည်းအဝေးအရဆိုရင်တော့ လာမယ့်အောက်တိုဘာလကျရင် နောက်တကြိမ်ပြန်လည်တွေ့ဆုံဖို့ အဲ့လိုမျိုး မှတ်တမ်းတင်ထားတာတို့ ရှိပါတယ်။

မေး ။ ။ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့မှာ NSPNC နဲ့ တွေ့ဆုံခဲ့တယ်ဆိုတော့ ဘယ်အဖွဲ့အစည်းတွေက တက်ရောက်ခဲ့တယ်ဆိုတာ သိခွင့်ရနိုင်လား။

ဖြေ ။ ။ ဟုတ်ပါတယ်၊ တစ်ဖွဲ့ချင်းစီကို ဖိတ်တယ်။ တစ်ဖွဲ့ချင်းစီရဲ့ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်နဲ့ တက်တဲ့ အခါကြတော့ ကျနော်တို့ 7 EAO Alliance (၇) ဖွဲ့ထဲမှာကတော့ RCSS တစ်ဖွဲ့တော့ မတက်နိုင်ခဲ့ဘူး။ ကျန်တဲ့ ၆ ဖွဲ့စလုံးက တက်ဖြစ်ပါတယ်။ NSPNC နဲ့ တွေ့ဆုံတာ မှန်ပါတယ်။ တွေ့ဆုံမှုကလည်းပဲ ၂ ပိုင်း ရှိတာပေါ့။ ၂၃ ရက် နေ့ မနက်ပိုင်းကြတော့ NSPNC နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ၂ ပွင့်ဆိုင် အစုအဖွဲ့နှစ်ခု ဆွေးနွေးပြောဆို ကြတယ်။ ညနေပိုင်းကြတော့ သုံးပွင့်ဆိုင်ဖြစ်လာတယ်၊ ခုနက NSPNC ရယ်၊ EAO ရယ်၊ နိုင်ငံရေးပါတီနဲ့ စသည် ဖြင့်ပေါ့လေ။ အဲ့ဒီတစ်ရက်တည်းမှာပဲ ရှိတဲ့အခင်းအကျင်းကို ပြန်ပြောပြတာပါ။

မေး ။ ။ လာမယ့်တွေ့ဆုံဆွေးနွေးမှုက NCA စာချုပ် လက်မှတ်ရေးထိုးခြင်း (၉) နှစ်ပြည့် အခမ်းအနားနဲ့ရော တိုက်ဆိုင်နေမလား။

ဖြေ ။ ။ အမှန်မှာကတော့ အောက်တိုဘာလ (၁၅) ရက်နေ့ ဆိုတာကတော့ ကျနော်တို့ရဲ့ NCA စာချုပ် လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည်အခမ်းအနား ရှိပါတယ်။ မနှစ်က ပြီးခဲ့တဲ့ (၈) နှစ်မြောက်ဆိုရင်လည်းပဲ အဲ့လိုမျိုး တွေ့ဆုံမှုတွေရှိတယ်။ သို့သော်လည်းပဲ ဒီနှစ် (၉) နှစ်မြောက် အခမ်းအနားကြတော့ ဘယ်လိုလာမလဲ ဆိုတာကိုတော့ ကျနော်လည်း အတိအကျတော့ ပြောလို့မရသေးဘူး၊ မသိသေးဘူးပေါ့နော်။ ဆိုလိုတာကတော့ ကျနော်အခုနကပြောသလိုပဲ ကျနော်တို့တဘက်ထဲကပဲ ဖြစ်ချင်နေတာကိုပဲ ပြောလို့ အဆင်မပြေဘူးလေ။ တဖက်ကလည်း အဆင်ပြေတဲ့အချိန်အခါ ဖြစ်ရမယ်။ တဘက်ကလည်း အဆင်ပြေတဲ့နေရာ ဖြစ်ရမယ်၊ အဆင်ပြေတဲ့ Agenda ဖြစ်ရမယ်ဆိုတဲ့ အလွတ်သဘောဆွေးနွေးမှုကနေပြီးတော့ လုပ်ကိုင်ဆောင်ရွက်ကြမယ်။ တွေ့ဆုံကြမယ်ဆိုရင်တော့ ပိုပြီးတော့အနှစ်သာရရှိမယ်လို့ ခံယူထားတယ်၊ နားလည်ထားတယ်။

အဓိကတော့ ကျနော်တို့ပြောချင်တာကတော့ NCA ရဲ့ Joint Ownership ကို ဆက်လက်ထိန်းသိမ်းချင်တယ်။ NCA စာချုပ်ကို ကြည့်လိုက်မယ်ဆိုရင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက တဘက် အဲ့လိုမျိုး ၂ ဘက်စလုံးက ပိုင်ဆိုင်တယ်။ နှစ်ဘက်စလုံးကနေ ပါဝင်မှုရှိတဲ့ အခင်းအကျင်းအပေါ်မှာ ကျနော်တို့က ခုနကပြောတဲ့ Joint Ownership၊ Joint Process တစ်ခုကို ထိန်းသိမ်းပြီးတော့ နှစ်ဘက်စလုံး အတွက် အဆင်ပြေပြေနဲ့ လိုက်ပါဆောင်ရွက်နိုင်တဲ့ အခင်းအကျင်းတို့ အချိန်အခါ၊ နေရာဒေသတို့ အကြောင်းအရာတို့အပေါ်မှာ လုပ်နိုင်တယ်ဆိုရင်တော့ ရှေ့ဆက်ခြေလှမ်းကောင်း ရှိမယ်လို့ အဲ့လိုပဲနားလည်ပါတယ်။

မေး ။ ။ တခြား ဖြည့်စွက်ပြောဆိုချင်တာရှိရင် ပြောပေးပါဦး။

ဖြေ ။ ။ ပြောချင်တာကတော့ ၂၀၂၁ ကတည်းက NCA လမ်းကြောင်းအတိုင်းလုပ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ရပ်တန့်သွားတယ်။ လက်ရှိ ကျနော်တို့နိုင်ငံမှာဖြစ်နေတဲ့ အကျပ်အတည်းလို့ပဲပြောပြော၊ ပဋိပက္ခလို့ပဲပြောပြော၊ အခက်အခဲလို့ပဲပြောပြော ဒါဟာနိုင်ငံရေးကြောင့်ဖြစ်ပေါ်လာတဲ့ ပြဿနာတွေဖြစ်လို့ အဆုံးတနေ့မှာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းပေါ်မှာ မလွဲမသွေစကားပြောဆိုဖို့ လိုအပ်တယ်လို့ ကျနော်တို့က နားလည်ထား တယ်။ မြန်မြန်ပြောနိုင်လေ ကျနော်တို့ ပြည်ထောင်စု၊ ကျနော်တို့နိုင်ငံရဲ့ ထိခိုက်နစ်နာမှုက နည်းမှာဖြစ်တဲ့ အတွက် 7 EAO Alliance အနေနဲ့ကတော့ ၂၀၂၂ ကနေပြီးတော့ လက်ရှိ မြန်မာနိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားသွားနိုင်ဖို့ သက်ဆိုင်သူများအားလုံး ပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ဆိုတာ တစိုက်မတ်မတ် ကြိုးပမ်းလာတာရှိတယ်။

သို့သော်လည်း ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ခရီးပေါက်သလား ဆိုရင်မပေါက်ပါဘူး။ ဒီအချိန်မှာ စစ်ရေးဘောင်က အရမ်းကိုကျယ်ပြန့်ပြီးတော့ နိုင်ငံရေးဆွေးနွေးမှုဘောင်က ပိတ်လုပိတ်ခင် ကျဉ်းမြောင်းနေတဲ့ အချိန်မှာ ကျနော်တို့လုပ်နေတဲ့သက်ဆိုင်သူများအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာ အခက်အခဲ၊ စိန်ခေါ်မှုတွေ အများကြီးရှိနေတယ်ဆိုတာ ပကတိအရှိတရားပါ။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် ဒီဟာကို တနေ့မဟုတ်တနေ့ မလွဲမသွေ ဖြတ်ကျော်ရမှာဖြစ်တဲ့အတွက် ပြည်ထောင်စုအကျိုး၊ နိုင်ငံသူနိုင်ငံသားတွေကို ရှေ့ရှုပြီးတော့ ကျနော်တို့အနေနဲ့က ဝေဖန်ကဲ့ရဲ့မှုတွေလည်းရှိတယ်။ ပြစ်တင်ရှုံ့ချမှုတွေ၊ အမြင်မတူတာတွေ၊ သဘောထားမတိုက်ဆိုင်တာတွေ အများကြီးရှိနေတဲ့ကြားကပဲ ရှိသမျှအင်အားနဲ့ ဆက်လက်ပြီးတော့ ကြိုးပမ်းဆောင်ရွက်ဖို့ သန္နိဋ္ဌာန်ရှိတယ်။ ရှိတဲ့အင်အားနဲ့ ဆက်လက်ရုန်းကန်နေမယ်လို့ နိဂုံးချုပ်အနေနဲ့ ပြောလိုပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article