သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို ယနေ့ (စက်တင်ဘာ ၈)ရက် နံနက် ၄နာရီကျော်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးလာကြဲသွားကြောင်း သတင်းရရှိသည်။
ယနေ့ (စက်တင်ဘာ ၈)ရက် နံနက် ၄နာရီကျော်တွင် လားရှိုးမြို့ ရပ်ကွက် (၁၂)တွင် စစ်ကောင်စီတပ်ဖွဲ့မှ လေကြောင်းဖြင့် ဗုံး (၂)လုံး လာကြဲသွားပြီး လူထိခိုက်မှုမရှိသော်လည်း နေအိမ်ထိခိုက်ပျက်စီးမှုရှိကြောင်း လားရှိုးမြို့ဒေသခံများပြောပြချက်အရသိရသည်။
” ဒီမနက် အိမ်ပျော်နေချိန်မှာ ဗုံးလာကြဲသွားတာ။ လန့်တာပေါ့။ ဗုံးက ၂လုံးချသွားတာ။ ဒုတိယတစ်လုံးမှာတော့ အိမ်နဲ့တော်တော်နီးတယ်။အိမ်ပေါ်တောင် အစလာစင်ပြီး ပြတင်းပေါက်ကွဲသွားတယ်” ဟု လားရှိုးမြို့ ဒေသခံ အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
စက်တင်ဘာ ၆ရက် နံနက် ၁နာရီတွင်လည်း တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့် နမ့်ခမ်းမြို့ ပေါက်နေနှင့် ဟိုကတ်ရပ်ကွက်ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံးကြဲချလိုက်ပြီး ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးအပါအဝင် စုစုပေါင်း (၁၁)ဦး ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
” ကျနော်တို့ ကတော့ သတိနဲ့နေ၊ သတိနဲ့အိပ်နေရတဲ့အခြေအနေပါ။ နမ့်ခမ်းဖြစ်စဉ်ကလည်းရှိတော့ ညညဆိုရင် မအိပ်ရဲဘူး၊ တခြားနေရာမှာ စစ်ရှောင်ပြီးနေရတာလည်း ပိုက်ဆံက မရှိဘူးလေ” ဟု လားရှိုးမြို့ ဒေသခံ အမျိုးသားတစ်ဉီးကပြောသည်။
လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်ကို သြဂုတ်လ ၃ ရက်တွင် MNDAA က အပြီးသတ်သိမ်းပိုက်ပြီးနောက် မြို့ကိုလည်း ထိန်းချုပ်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး မြို့ခံများထဲက အချို့နေရပ်ပြန်လာခဲ့ကြကြောင်း သိရသည်။