သျှမ်းပြည် နမ့်ခမ်းမြို့ပေါ် လူနေရပ်ကွက်အတွင်း လူအိပ်မောကျချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးအပါအဝင် စုစုပေါင်း (၁၁) ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။
ယနေ့ (စက်တင်ဘာလ ၆ ရက်) နံနက် ၁ နာရီခွဲခန့် လူအိပ်မောကျချိန်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ ပေါက်နေနှင့် ဟိုကတ်ရပ်ကွက်အတွင်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး(၂) လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေး အပါအဝင် သေဆုံးသူ (၁၁) ဦးထက်မနည်း ရှိလာပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

“ပန်ပွဲ ဇာတ်ခုံအနောက်က အိမ်နားရယ်၊ ဟိုကတ်ရပ်ကွက် ပညာရာမ ဘုန်းကြီးကျောင်းနား ၄/၅ အိမ်လောက် ထိတယ်။ လူတော်တော်များများ ထိတယ်၊ အခု ကြားရတာတော့ ဟိုကတ်မှာ ၄ ယောက် သေတယ်။ ပန်ပွဲနားက ဘယ်နှယောက် သေတယ်တော့ မကြားသေးဘူး၊ အဲ့မှာ ပိုများမယ်ထင်တယ်”ဟု နမ့်ခမ်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
နမ့်ခမ်းမြို့မှ ဂရုဏာ ပရဟိတအသင်းဝင်တစ်ဦးလည်း လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပြီး ဟိုကတ်ရပ်ကွက်တွင် မိသားစုလိုက် သေဆုံးမှု ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းအတွင်း TNLA တပ်ဖွဲ့မှ နမ့်ခမ်းမြို့ကို ထိန်းချုပ်နိုင်ပြီးနောက်ပိုင်း (၆) လခန့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိဘဲ ယခုတစ်ကြိမ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပြန်လည်တိုက်ခိုက်လာခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

သျှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများတွင် ရှုံးနိမ့်မှုနှင့် နယ်မြေဆုံးရှုံးမှု ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် ညီနောင်မဟာမိတ်တပ်များကို ဩဂုတ်လ ၂ ရက်တွင် အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာခဲ့သည်။
ယင်းနောက်ပိုင်း စက်တင်ဘာလ ပထမပတ်အတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ၏ သျှမ်းပြည်တောင်ပိုင်း ခရီးစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသော နယ်မြေဒေသကို တန်ပြန်ထိုးစစ်ဆင်မည်ဟု ပြောဆိုခဲ့ပြီးနောက် ညီနောင်မဟာမိတ် ထိန်းချုပ်ဒေသများသို့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာသည်။












Leave a Comments