Friday, October 11, 2024

MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ နေရပ်ပြန်ပြည်သူအသံ

Must read

လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်ကို သြဂုတ်လ ၃ ရက်နေ့မှာ ကိုးကန့်တပ်ဖွဲ့ MNDAA က အပြီးသတ်သိမ်းပိုက်ပြီးနောက် မြို့ကိုလည်း ထိန်းချုပ်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ မြို့ခံတွေထဲ တချို့ဟာ မြို့ကို ပြန်လာကြပါတယ်။

အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် (ရမခ) နဲ့ နီးကပ်တဲ့ ရပ်ကွက် (၁၂) အပါအဝင် ရပ်ကွက် (၇)၊ (၉)နဲ့ (၁၀) တို့ကလွဲပြီး ကျန်တဲ့ရပ်ကွက်တွေမှာ မြို့ခံတွေ တော်တော်များများ ပြန်လာကြတယ်လို့ နေရပ်ပြန်သွားကြည့်တဲ့ ဒေသခံတွေက ပြောပါတယ်။

အဓိကအားဖြင့် တိုက်ပွဲဖြစ်တုန်းက မသယ်နိုင်တဲ့ ပစ္စည်းဉစ္စာတွေကို ပြန်လာသယ်တာ၊ နေအိမ်တွေ ဖောက်ထွင်းခံရလို့ ပြန်လာကြည့်တာ၊ အလောင်းတွေ ပြန်လာရှင်းတာလို့ နေရပ်ပြန်သွားတဲ့ မြို့ခံတွေက ပြောပါတယ်။

လားရှိုးမြို့တွင် လက်နက်ကြီးထိမှန်သေဆုံးသူများအလောင်း လိုက်ကောက်နေစဥ်

လက်ရှိမှာ လားရှိုးမြို့ပေါ် တိုက်ပွဲငြိမ်သက်နေပေမဲ့ အတည်တကျ ပြန်လည်အခြေချ နေထိုင်ဖို့ကတော့ မဖြစ်နိုင်သေးဘူးလို့ ဆိုကြပါတယ်။

စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် MNDAA တို့ နှစ်ဘက်တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်နှင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုအပြင် ရှော့တိုက်ဒုံး၊ ဒရုန်းဗုံးများ လားရှိုးမြို့ပေါ် လူနေရပ်ကွက်များအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်နှင့် အမျိုးသမီး အပါအဝင် အရပ်သား ၃၀၀ ကျော် သေဆုံးသွားခဲ့ရတယ်လို့ လူမှုကူညီရေး ပရဟိတအသင်းထံက သိရပါတယ်။

အချို့နေအိမ်တွေလည်း မီးလောင်ပျက်စီးသွားတာကြောင့် နေထိုင်စရာ အခက်အခဲ ဖြစ်နေကြောင်း မြို့ခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေတာတစ်ကြောင်း၊ အလုပ်အကိုင် မရှိတာ တစ်ကြောင်းနဲ့ ရှေ့ဆက် ဘယ်လိုနေထိုင်သွားကြမလဲ၊ အာမခံချက်မဲ့တဲ့ ဘဝမျိုး ရောက်နေပြီလို့ နေရပ်ပြန် မြို့ခံတွေပြောတဲ့ လားရှိုးမြို့အကြောင်းကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

နန်းခမ်းအေး (လားရှိုးမြို့ ဒေသခံ)

လောလောဆယ်တော့ လားရှိုးမြို့ထဲ ပြန်သွားကြတဲ့သူတွေတော့ များတယ်ပြောရမလား၊ ၃ ပုံမှာ ၁ ပုံတော့ ရှိတယ်။ ဒါပေမဲ့ ဝမ်းရေးအတွက်တော့ အလုပ်မရှိဘူး။ ကုန်စုံဆိုင် ဖွင့်ထားတဲ့ ဒေသခံတချို့လည်း ဆိုင်ထဲက ရှိတဲ့ပစ္စည်းတွေကို ကားနဲ့သယ်ပြီး မိုင်းရယ်၊ ကျေးသီး၊ လဲချား လမ်းတလျောက် ဖြန့်ကျက်ပြီး ရောင်းနေတာတွေ ရှိသလို သူတို့ရောက်နေတဲ့ နေရာမှာ ချပြီး ရောင်းနေတာတွေလည်း ရှိတယ်။ ပစ္စည်းတွေတော့ မစုံဘူးပေါ့။

ပြီးတော့ ကုန်ဈေးနှုန်းတွေလည်း ကြီးသေးတယ်။ အသား ၁ ပိဿာကို ကျပ် ငါးသောင်းလောက် ရှိတယ်။ မီးသွေး တစ်အိတ်ကို တစ်သောင်းငါးထောင်ရှိတယ်။ ကျေးသီးမှာ မီးသွေးက တစ်အိတ်ကို တစ်သောင်းပဲ ရှိတာလေ။ စီးပွားရေး မဖြစ်တဲ့ကြားထဲ အခုကုန်ဈေးနှုန်းတွေက နှစ်ဆကနေ သုံးဆအထိ တက်လာတာ။ ကုန်ပစ္စည်းတွေ ဝယ်ရ၊ ကုန်စိမ်းတွေလည်း ဝယ်ရနဲ့။ အခုက ကုန်စိမ်းတွေလည်း စိုက်မယ့်သူ မရှိ၊ လာရောင်းတဲ့သူလည်း မရှိဘူး။ အဲ့တော့ အသင့်စား အစားအစာတွေ၊ ခေါက်ဆွဲခြောက်တွေ စားရတာပေါ့။

သန့်ရှင်းရေးလုပ်တဲ့ အပိုင်းမှာလည်း အဓိက ကိုယ့်အိမ်မှာကိုယ်ပဲ သန့်ရှင်းရေးလုပ်ကြတယ်။ တချို့ပြန်မလာနိုင်တဲ့ အိမ်တွေနဲ့ သူတို့အိမ်ဘေးတစ်ဝိုက်မှာ အပုပ်နံ့တွေရရင် ကိုးကန့်တပ်ကို သွားပြောတယ်။ သူတို့လည်း လာရှင်းပေးပါတယ်။ အလောင်းတွေတော့ အတိုင်းအတာ တစ်ခုထိတော့ ရှင်းနိုင်သလောက်ရှင်း နေကြတယ်၊ အကုန်မရှင်းနိုင်သေးဘူးပေါ့။ ပြီးတော့ လားရှိုးမြို့ကလည်း အရမ်းကျယ်တော့ အလောင်းတွေ လာရှင်းပေးဖို့ လာပြောတဲ့သူတွေ ရှိမှပဲ သွားရှင်းပေးရတာ။ ဒီအတိုင်း အလောင်းတွေ လိုက်ရှာပြီး ရှင်းပေးတာတော့ မရှိဘူး။

အခုမြို့ပေါ်မှာ လူတွေ ပြန်စည်ကားလာပေမဲ့ ဘယ်အချိန်ဘယ်အခါမှာ မိုးပေါ်ကနေ ဗုံးကျလာမယ် မသိဘူး၊ ကြောက်နေရတယ်။ သိန္နီမြို့မှာလည်း အတူတူပဲ သူတို့စိတ်ထင်သလို ကြဲတာပဲလေ။ အခုလည်း လားရှိုးမြို့ကို စစ်တပ်က ပြန်သိမ်းမယ်လို့လည်း ပြောထားတော့ ကြောက်နေရတာပေါ့။ ဒီလက်နက်ကိုင် နှစ်ဖွဲ့ကြားမှာ တစ်ဖွဲ့ဖွဲ့က လုံးဝအင်အားမရှိ၊ မတိုက်နိုင်တော့မှဘဲ ကျမတို့တော့ စိတ်ချလက်ချ ဖြစ်မှာ။ အခုကတော့ ဘယ်အချိန် တိုက်ပွဲထဖြစ်မှာလဲ မသိတော့ စိုးရိမ်နေရတယ်။

ဒီမှာ သက်ကြီးရွယ်အိုတွေ အတွက်လည်း လုံလုံလောက်လောက် ကုသမှု မရကြဘူး။ ကျန်းမာရေးအတွက် ကူညီထောက်ပံ့မှု လုံလုံလောက်လောက် မရှိဘူး။ လူငယ်တွေအတွက်လည်း အလုပ်မရှိဘူး၊ အရာရာ ခက်ခဲနေတာပေါ့ရှင်။ တချို့လည်း ထိုင်း၊ တရုတ်၊ ဖိလစ်ပိုင်တို့ သွားကြတယ်။ မြန်မာပြည်မှာ ကျားဖြန့်လုပ်ငန်းတွေလည်း ရှိတယ်ဆိုတော့ ကျားဖြန့်သွားလုပ်ကြမလား ဆိုပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ရှာကြတာလည်း ရှိတာပေါ့။ ပညာရေးလည်း ဆုံးရှုံးတယ် ကျောင်းတွေလည်း မတက်ရဘူး။ အစစ အရာရာ ဆုံးရှုံးနေတာပေါ့။

ဒီတိုက်ပွဲက တကယ်တော့ ထိခိုက်ဆုံးရှုံးမှုတွေ အများကြီးရှိတယ်။ ရုပ်ပိုင်းအပြင် စိတ်ပိုင်းဆိုင်ရာတွေပါ ထိခိုက်တယ်။ ဒါတွေကို ကုသဖို့၊ နွေးထွေးမှုရဖို့ ဆိုတာလည်း အရေးကြီးတယ်လေနော်။ လောလောဆယ် မဖြစ်လာသေးပေမဲ့ ကျမတို့ကတော့ အဖွဲ့အစည်း တစ်ခုခုကနေ လာလုပ်ပေးဖို့တော့ မျှော်လင့်နေတယ်။

အခုကုန်ဈေးနှုန်းတွေကကြီးတော့ မစားနိုင်မသောက်နိုင်ဘူး၊ မတတ်နိုင်ဘူးလေ။ ထွက်ပေါက်တွေပဲ များတယ်၊ ဝင်ငွေက မရှိဘူး။ တချို့တွေလည်း ဆွေမျိုးတွေနဲ့အတူ သွားနေရတယ်ဆိုပေမဲ့ ကြာလာရင်တော့ ဘယ်သူက တင်ကျွေးထားမလဲ။ တစ်ရက် စားသောက်စရိတ်က လေးငါးသောင်းလောက် ရှိတယ်လေ၊ ရေရှည်ဆို မခံနိုင်ဘူးလေ။

လားရှိုးမြို့ တိုက်ပွဲပြီးနောက်ပိုင်းပုံ

စစ်ဘေးရှောင်စခန်းမှာ သွားနေရတဲ့သူတွေလည်း အစပိုင်း ထောက်ပံ့မှု ရကြပေမဲ့ နောက်ပိုင်းကျရင် ထောက်ပံ့မှုတွေက မလာတော့ဘူးလေ။ အစပိုင်းတုန်းက ရှိသမျှ အလှူရှင်တွေ၊ အသိတွေ လာလှူလာပေးတာ ရှိပေမဲ့ နောက်ပိုင်းကျ မရှိတော့ဘူး။ တိုက်ပွဲတွေလည်း ငြိမ်နေပြီဆိုတော့ ဘယ်သူမှ သိပ်မလှူကြတော့ဘူး။ တချို့လည်း လယ်ယာတွေရောင်း၊ အိမ်တွေရောင်း၊ နွားတွေရောင်းကြတာပေါ့။

ပိုက်ဆံလိုချင်ရင်တော့ လယ်ယာမြေတွေ ရောင်းရတာပေါ့၊ အခုတော်တော်များများ အဲ့လိုရောင်းကြကုန်ပြီ။ ကျမတို့ဘဝက အာမခံချက် မရှိဘူး။ ဘယ်သူပဲ ထိန်းချုပ်ထိန်းချုပ်၊ သူတို့သိမ်းထားတဲ့ နေရာတွေကိုတော့ သူတို့စီမံချင်သလို သူတို့သိမ်းလို့ရတယ်ဆိုတော့ အလကား အသိမ်းခံရမယ့်အစား ရသလောက် ရောင်းကြတာပေါ့။

အခုမြေယာတွေ တော်တော်များလည်း ဟုန်ပန်းက ပိုင်ထားတယ်။ ကော်ဖီခြံတွေ၊ လိမ္မော်ခြံတွေ စိုက်ထားတာလေ။ တချို့နေရာတွေလည်း တရုတ်တွေ ပိုင်တယ်။ လယ်ယာမြေတွေတော်တော်များများက တရုတ်သူဌေးတွေက ပိုင်ထားတာ များတယ်။ နောက်ပိုင်း ကျမတို့ ရှမ်းလူမျိုး၊ တိုင်းရင်းသားလူမျိုးတွေလည်း ပြတိုက်မှာပဲ ရှိတော့မယ်။ နေစရာတွေ မရှိတော့ဘူး၊ အကုန် ရောင်းစားပစ်လိုက်ပြီ။

စိုင်းနောင့် (လားရှိုးဒေသခံ)

လားရှိုးအခြေအနေက အခု တိုက်ပွဲဖြစ်တဲ့ အပိုင်းကတော့ ပြီးသွားပြီ။ မြို့ထဲ ပြန်ဝင်တဲ့လူကတော့ ပြန်တာပေါ့၊ ဒါပေမယ့် အိမ်ပြန်ကြည့်တဲ့လူတွေမှာ ၁၀ ယောက်ဆိုရင် ၈ ယောက်လောက်က ပြန်ထွက်လာကြတယ်။ တကယ်ပြန်နေတာတော့ အနည်းစုပေါ့။ နေချင်တဲ့လူနေ၊ သွားချင်တဲ့လူသွား အဲ့လိုပေါ့၊ ကိုးကန့်တွေကတော့ ဘာမှ မပြောပါဘူး။

ကိုယ့်သဘောနဲ့ဆိုရင်တော့ အိမ်မှာ ပြန်မနေရဲသေးဘူး။ ဘာလို့လဲဆိုတော့ စစ်တပ်ကော ကိုးကန့်တပ်ကောက နှစ်ဘက်စလုံး ဆွေးနွေးညှိနှိုင်းတာ မရှိသေးဘူး။ သူတို့ကြား ဆွေးနွေးမှုတစ်ခုခု၊ သဘောတူညီမှု တစ်ခုခု မရှိသေးဘူး ဆိုရင်တော့ ဘာသတ်မှတ်ချက်မှ မရှိသေးရင်လည်း ပြန်မနေရဲသေးဘူး။ အခုတကယ်ပြန်နေတာဆိုရင် ဆယ်ပုံမှာ တစ်ပုံပဲ ရှိဦးမှာ။

အခုတော့ လားရှိုးမြို့ကို ကိုးကန့်တပ် ထိန်းချုပ်ထားတယ်လို့ပဲ ပြောရမှာ။ ပြည်သူကတော့ ကိုးကန့်အုပ်ချုပ်တာ မကြိုက်လို့ မနေဘူး၊ ကိုးကန့်အုပ်ချုပ်တာ ကြိုက်လို့ ဆက်နေမယ် ဆိုတာလောက်ပဲ ဘာမှမတတ်နိုင်ဘူး အဲ့လိုပဲ တွေးနိုင်တယ်။ တကယ်ဆိုရင် သိန္နီတို့၊ လားရှိုးတို့ဆိုတာ အထူးဒေသ (၁) နဲ့ ဘာမှ မဆိုင်ဘူး၊ ကိုးကန့်တပ်က ဒီအထိ တိုက်ပြီးတော့ ထိန်းချုပ်တယ်ဆိုတာ တကယ်စဉ်းစားကြည့်ရင် ကျူးကျော်စစ်နဲ့တော့ တူတာပေါ့။

နန်းခမ်းခေါင် (လားရှိုးမြို့ ဒေသခံ)

အခုချိန်တော့ ဘယ်သူမှ ပြန်မနေကြသေးပါဘူး၊ ပြန်တယ်ဆိုတာကလည်း ပစ္စည်းဥစ္စာတွေ ပြန်သယ်ကြတာပေါ့။ တိုက်ပွဲဖြစ်တုန်းက ဘာပစ္စည်းဥစ္စာမှ မသယ်နိုင်ဘူးလေ။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာကြရတာ။ အခုကပြန်ပြီး ပစ္စည်းဥစ္စာသယ်တယ်၊ ပြန်ထွက်လာတယ်။ ပြန်သွားပြီးနေကြမယ် ဆိုတာတော့ မရှိသေးဘူး။ ပြီးတော့ တိုက်ပွဲပြန်ဖြစ်မှာကိုလည်း စိုးရိမ်ရသေးတယ်။ လေယာဉ်နဲ့ ဗုံးကြဲလာမှာကိုလည်း ကြောက်ရသေးတယ်။ အဲ့ကျရင် နောက်ထပ်တစ်ခေါက် ထပ်ပြေးရရင် မလွယ်ဘူးလေ။ ကျမတို့မှာလည်း သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ ပြေးရတာ မလွယ်ဘူး။ ပြန်နိုင်ပေမယ့် ပြန်နေလို့တော့ အဆင်မပြေဘူး။

ပြီးတော့ အိမ်တွေလည်း မီးလောင်ပျက်စီးသွားပြီဆိုတော့ ဘယ်လိုပြန်နေကြမှာလဲပေါ့လေ။ အိမ်တွေလည်း မီးလောင်၊ ပစ္စည်ဥစ္စာတွေလည်း အကုန်မီးလောင်သွားပြီဆိုတော့ ဘယ်မှာ သွားနေကြမှာလဲ မသိတော့ဘူး။ တချို့က ပြန်သွားပြီး တစ်ညအိပ်နဲ့ ပြန်လာသလို တချို့လည်း မအိပ်ဘဲ ပြန်လာကြတာ ရှိတယ်။

အခုက အိမ်တွေသိမ်းခံရမှာကိုလည်း စိတ်မပူတော့ဘူး။ မီးလောင်သွားပြီဆိုတော့ သိမ်းစရာ အိမ်လည်း မရှိတော့ဘူး။ တိုက်ပွဲကြောင့် ထွက်ပြေးနေရတာ အခုဆို ၁ လတောင် မပြည့်သေးဘူး။ အထောက်အပံ့တွေ ရနေသေးတယ်၊ ပြန်ဖို့အိမ်လည်းမရှိတော့ဘူးဆိုတော့ လောလောဆယ် မပြန်ဖို့တော့ ဆုံးဖြတ်ထားတယ်။ အခုက စစ်တပ်ဘက် စစ်ရှုံးနေပြီဆိုပေမယ့်လည်း နောက်ပိုင်းကျရင် သူတို့လေယာဉ်နဲ့ ဗုံးလာမကြဲဘူးလို့ မပြောနိုင်ဘူးလေ။

တချို့လည်း ပြန်ချင်တယ်ပြောတယ်။ တချို့ကျတော့ တစ်လလောက် စောင့်ကြည့်အုံးမယ် ပြောတယ်။ တချို့တွေကျတော့လည်း တိုက်ပွဲတွေ လုံးဝမရှိတော့မှ ပြန်နေကြမယ် ဆိုပြီး တစ်ယောက်တစ်မျိုး ပြောနေကြတာပဲ။

နန်းဆိုင်ဟန် (လားရှိုးမြို့ ဒေသခံ ဈေးသည်)

လားရှိုးမြို့တော့ တဖြည်းဖြည်း ပြန်စည်လာပြီ။ အရင်လောက်တော့ မစည်သေးပါဘူး။ ပြန်နေကြတာ ၃ ပုံမှာ ၁ ပုံလောက်တော့ ရှိပါတယ်။ မြို့တွေက ဘာတွေ ပြောင်းလဲသွားလဲ ဆိုတာက အထင်ကရ နေရာတွေမှာ ကိုးကန့်အလံတွေ ထောင်ထားတယ်။ လမ်းမှာလည်း ကိုးကန့်စစ်သားနဲ့ ကိုးကန့်ရဲတွေ များတယ်။

ဈေးတွေလည်း နေရာပြောင်းပြီး ရောင်းကြတယ်။ အခွန်လွတ်ပေါ့၊ ဘာရောင်းရောင်း အခုလောလောဆယ်တော့ အခွန်မဆောင်ရသေးဘူး။ အဓိကရောင်းတာက စားသောက်ကုန်တွေ ရောင်းကြတယ်။ တချို့လည်း ကားပေါ်မှာရောင်း၊ တချို့လည်း မြေကြီးပေါ်မှာ ဈေးခင်းပြီး ရောင်းကြတယ်။ မန်ဆူဘုန်းကြီးကျောင်းရဲ့ ရှေ့နှစ်ဘက်လမ်းမပေါ်မှာ ရောင်းနေကြတာ။ ဆီ၊ ဆား၊ ကြက်သွန်၊ ခရမ်းချဉ်သီး၊ ဟင်းသီးဟင်းရွက်တွေ ရောင်းကြတယ်။

လားရှိုး-သိန္နီလမ်းမကြီးပေါ်တော့ သန့်ရှင်းရေး တော်တော်များများ လုပ်ဖြစ်ကြပါတယ်။ လမ်းကြိုလမ်းကြားမှာတော့ သန့်ရှင်းရေးပိုင်း မလုပ်ရသေးဘူး။ ဓာတ်တိုင်တွေလည်း ကျိုး၊ မီးကြိုးတွေ ပြတ်ကျ၊ Wifi ကြိုးတွေလည်း တွဲလောင်းကျနေတာ။ မြို့ကြီးက တော်တော်လေး ပျက်စီးသွားတာ။ အခုထိ နေထိုင်ဖို့တော့ ခက်ခဲတယ်။ မြို့ကို ပြန်လည်ထူထောင်ဖို့က အများကြီး လုပ်ရအုံးမယ်။

စားသောက်ကုန်တွေလည်း ဈေးကြီးနေတာ။ အခုက ဘာဝယ်ဝယ် အကုန်ဈေးကြီးနေတာ။ အရင်က ရွာကလူတွေကိုယ်တိုင် စိုက်ပြီး မြို့ပေါ် လာရောင်းကြတယ်။ ဝယ်စားရတာ ဈေးချိုတယ်။ အခုကတော့ ရွာကလူလည်း မြို့ပေါ် တက်မရောင်းတော့ဘူး။ မြို့ပေါ်မှာ တစ်ဆင့် သယ်လာရောင်းတဲ့ ဈေးသည်ပဲရှိတယ်။ လက်ရှိ ဒေသက ထွက်တဲ့ဟာ ဘာမှမရှိသေးဘူး။

အလုပ်အကိုင် အခွင့်အလမ်းတွေလည်း နည်းပါးတယ်။ ပြောရရင် ဘာအလုပ်မှ မရှိဘူး။ လက်ရှိ ဈေးရောင်းတဲ့ အလုပ်ပဲ ရှိတယ်။ တချို့လူငယ်တွေလည်း မြဝတီဘက်မှာ ကျားဖြန့်သွားလုပ်ကြတယ်။ ဒီမှာက လူငယ်တွေ လမ်းပျောက်နေတယ်။ ကျောင်းတွေလည်း မဖွင့်တော့ ဒီတိုင်းနေနေရတယ်။ ရရာအလုပ်တွေ လုပ်နေရတယ်။

Leave a Comments

- Advertisement -spot_img

Latest article