မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နန်းတော်ပေါက် ဂိတ်တွင် တစ်ခါသုံးကဒ် တန်းစီနေစဉ် လူငယ်တစ်ဦး ဓားထိုးခံရကြောင်း စုံစမ်းသိရသည်။
ယနေ့ (စက်တင်ဘာ ၃) ရက် နေ့လည် ၁၂ နာရီခွဲတွင် မူဆယ်မြို့ရှိ နယ်စပ်ဖြတ်သန်းရေးဂိတ်ဖြစ်သည့် နန်းတော်ပေါက်ဂိတ်တွင် တရုတ်ပြည်ထဲဝင်ရန် တစ်ခါသုံးကဒ်( တစ်ပတ်ကဒ်) ပြုလုပ်နေစဉ် နေရာရောင်းစားသူတစ်ဉီး နှင့် စကားများပြီး ဓားထိုးမှုဖြစ်ပွားခဲ့ကြောင်း မေတ္တာပန်းခင်း လူမှုကူညီရေးအသင်းထံမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

မူဆယ်မြို့သည် တရုတ်မြန်မာနယ်စပ် ဖြတ်သန်းသွားလာနေကြသည့် အဓိကမြို့ဖြစ်ပြီး တရုတ်ပြည်ထဲ အလုပ်ဝင်လုပ်ရန် တစ်ခါသုံးကဒ်အတွက် တန်းစီနေသည့်သူ များပြားကြောင်းသိရသည်။
“ လူငယ်ကတော့ ၂၀ ကျော်လေးပဲရှိသေးတာ။ တစ်နေ့တစ်နေ့ တန်းစီတဲ့သူကအများကြီးပဲ။ ဓားထိုးခံရတဲ့သူက အခု ဓာတ်မှန်ရိုက်နေတုန်းပဲ။ ဓားထိုးတဲ့သူက ထွက်ပြေးသွားပြီ။” ဟု မေတ္တာ ပန်းခင်း လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
အဆိုပါ ဓားထိုးခံရသည့် လူငယ်ကို မေတ္တာပန်းခင်း ပရဟိတအဖွဲ့မှ မူဆယ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
ထိုကဲ့သို့ ဖြစ်စဉ်များမှာ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး တာဝန်ယူဖြေရှင်းပေးမည့်သူများ မရှိသောကြောင့် ခိုးဆိုးလုယက်မှုများ ဒုစရိုက်မှုများ ဖြစ်လေ့ရှိသည့်မြို့ဖြစ်သည်။
မူဆယ်ဖြတ်သန်းရေး ဂိတ်များဖြစ်သည့် နန်းတော်ပေါက်ဂိတ်နှင့် ဆင်ဖြူပေါက်ဂိတ်တို့တွင် တစ်ခါသုံးကဒ် ( တစ်ပတ်ကဒ်) ပြုလုပ်ရန် တန်းစီနေစဉ် လူများလွန်းသဖြင့် သတိလစ်မှုးလဲမှု ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့သည်။
အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။











Leave a Comments