သက်ဦးဆန်ပိုင် ဘုရင်စနစ်၏ ပြရုပ်ဖြစ်သည့် နန်းမြို့ရိုးသည် ချိနဲ့စ ပြုနေလေပြီ။ အကျည်းတန်ခဲ့သည့် အတိတ်ကာလ အချို့ကို ဖယ်ရှားကြည့်မြင်ပါမူ ယဥ်ကျေးမှု မြို့တော်သည် တည်ငြိမ်ရင့်ကျက်လှပေသည်။
နိုင်ငံ၏အလယ်ပိုင်း အချက်အခြာ ဒေသဖြစ်သည့် မန္တလေး လွင်ပြင်သည် ကုန်းဘောင်ခေတ်၏ အာဏာဗဟိုချက် ဒေသ ဖြစ်ခဲ့သည်။
ထို့အတူ စစ်အာဏာရှင်တို့သည်လည်း မန္တလေး နန်းမြို့ရိုး အတွင်း အခြေစိုက်၍ ဗမာပြည် အလယ်ပိုင်း ဒေသကို ထိန်းချုပ် စိုးမိုးနေသည်မှာ ယနေ့တိုင် ဖြစ်သည်။
လက်ရှိ အချိန်တွင်မူ သျှမ်းမြောက် တစ်ခုလုံးနီးပါး တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသကဲ့သို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) ကလည်း မန္တလေးမြို့၏ အရန်မြို့ တချို့ကို တိုက်ခိုက် သိမ်းပိုက်ထားပြီ ဖြစ်သည်။
သို့ဖြစ်ရာ မန္တလေး လွင်ပြင်ဒေသသည် စစ်ရေးအရ အဆုံးအဖြတ်ပေးနိုင်ခြင်း ရှိမရှိမှာ များစွာ စိတ်ဝင်စားဖွယ် ကောင်းလှသည့် အခြေအနေ ဖြစ်သည်။
စစ်မြေပြင် အနေအထား
လက်ရှိ စစ်မြေပြင် အနေအထားအရ မန္တလေး လွင်ပြင်နှင့် ဆက်စပ်နေသည့် သျှမ်းမြောက်ဒေသများကို ညီနောင် မဟာမိတ်တပ်များ သိမ်းပိုက်ထားပြီး မြို့တော် မန္တလေး၏ အရန်မြို့များဖြစ်သည့် သပိတ်ကျင်းနှင့် စဥ့်ကူးမြို့ကို မန်း PDF က သိမ်းပိုက်ထားကာ မတ္တရာဒေသကို စိုးမိုးထားပြီး ဖြစ်သည်။ ယင်းဒေသများသည် မန္တလေးမြို့နှင့် မိုင် ၅၀ အဝန်းအဝိုင်း အတွင်း ဖြစ်သည်။
ထို့အတူ သျှမ်းတောင်နှင့် သျှမ်းမြောက်ဒေသ၏ အဆက်ဖြစ်သည့် တောင်ခမ်းဒေသရှိ မဟာဗျူဟာ အမြောက်စခန်းများကို TNLA က တိုက်ခိုက်သိမ်းပိုက်နေပြီ ဖြစ်သည်။
ယင်းဒေသသည် စစ်တပ်မြို့တော် ပြင်ဥ◌ီးလွင်မြို့ကို ဖြတ်တောက်ရန်သာမက သျှမ်းတောင်နှင့် မန္တလေး လွင်ပြင် အတွက်ပါ အရေးပါသည့် ဒေသဖြစ်သည်။
ထို့အပြင် သျှမ်းတောင် ရပ်စောက်နှင့် ကျောက်ဂူ ဒေသတွင်လည်း တော်လှန်ရေးတပ်များ လှုပ်ရှားနေသည်ကို တွေ့ရသည်။ ရပ်စောက်ဒေသသည် မန္တလေး လွင်ပြင်နှင့် ဝေးကွာလှသည်ဟု ယူဆနိုင်သော်လည်း ရွာငံ-ကျောက်ဆည်လမ်းအား စိုးမိုးထားနိုင်မည် ဆိုပါမူ များစွာ ဝေးကွာလှသည်ဟု မဆိုနိုင်ပေ။
မန္တလေး လွင်ပြင်၏ အနောက်ဘက်ဟု ဆိုရမည့် ငါးဇွန်း၊ နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာ ဒေသတွင်လည်း တော်လှန်ရေးတပ်များ စိုးမိုးထားသည်ကို တွေ့ရပြီး ယင်းဒေသများ၏ ဧရာဝတီမြစ် တဖက်ကမ်းကိုလည်း စိုးမိုးထားပြီး ဖြစ်သည်။
မြို့တော် မန္တလေးနှင့် ဆက်စပ်နေသည့် စစ်ကိုင်းသည်လည်း အားကေင်းလှသည့် တော်လှန်ရေးတပ်များနှင့် လက်မလည်သည့် အခြေအနေဖြစ်ရာ စစ်ကိုင်းတံတားကို ကျော်ဖြတ် ကူညီနိုင်မည့် အခြေအနေ နည်းပါးလှသည်။
သို့ဖြစ်ရာ မန္တလေးမြို့ကို အလယ်ဗဟိုထား၍ ကြည့်မည်ဆိုပါက မြေပုံပေါ်တွင် မိုင် ၅၀ မှ မိုင်တရာ ပတ်လည် အတွင်း တော်လှန်ရေးတပ်များ ဝန်းရံထားသည့် အခြေအနေကို တွေ့ရမည် ဖြစ်သည်။
ယင်းအကွာအဝေးသည် တပ်များ ချီတက် ပြောင်းရွှေ့ရန် လွန်စွာလွယ်ကူနေသည့် ယနေ့ကာလတွင် ဝေးလွန်းလှသည် မဟုတ်ပေ။
တော်လှန်ရေးတပ်များ၏ အနေအထား
ညီနောင် မဟာမိတ်တပ်များ အနေဖြင့် သျှမ်းမြောက် တခုလုံးနီးပါး သိမ်းယူထားသည့် နည်းတူ သျှမ်းတောင်တွင်လည်း အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် ၂ ဖွဲ့ အနေဖြင့် တတ်နိုင်သမျှ စစ်ပွဲကို ရှောင်ရှား၍ နယ်မြေချဲ့ထွင်နေသည့် အနေအထား ဖြစ်သည်။
မန္တလေး လွင်ပြင် မြေပြန့်ဒေသတွင်မူ PDF များ အားကောင်းသည်ဟု ဆိုနိုင်သော်လည်း ထောက်ပံ ့ပို့ဆောင်ရေးနှင့် တကွ မကြေလည်သေးသည့် နိုင်ငံရေး ပြဿနာများ၏ အကျိုးဆက် အဖြစ် စစ်ပွဲ ဆင်နွှဲနိုင်သည် အထိ အုပ်ချုပ်မှုနှင့် တကွ လက်နက်ခဲယမ်း ပြည့်စုံလှသည် မဟုတ်ပေ။
ထို့အတူ တောင်ပေါ်ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင်များ အနေဖြင့်လည်း အစဥ်အလာ အားဖြင့်သော်လည်းကောင်း၊ နယ်မြေ ပြဿနာပေါ်မည်ကို စိုးရိမ်၍သော်လည်းကောင်း မြေပြန့်လွင်ပြင်ဒေသသို့ ဆင်း၍ အင်အားအလုံးအရင်း အသုံးပြု တိုက်ခိုက်ခြင်း မပြုသည်မှာ သေချာပြီး ဖြစ်သည်။
သို့သော် စစ်ကောင်စီ မပြိုကျသရွှေ့ ၄င်းတို့၏ ကိုယ်ပိုင် အနာဂတ် အိမ်မက် အချိန်ပြည့် ခြိမ်းခြောက် ခံနေရမည် ဖြစ်ရာ စစ်ကောင်စီ ပြိုကျရေး လွင်ပြင်ဒေသ တိုက်ပွဲသည် ၄င်းတို့အတွက် သွယ်ဝိုက်၍ အရေးကြီးလှပေသည်။
သို့ဖြစ်ရာ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ အနေဖြင့် စနစ်တကျ လေ့ကျင့်ထားပြီး အောင်ပွဲများ ဆက်တိုက်ရနေကာ စိတ်ဓာတ် အမြင့်ဆုံး ရောက်နေသည့် မန္တလေး PDF ကို ကူညီသင့် ကူညီထိုက်သည်သာ ဖြစ်သည်။
စစ်ကောင်စီတပ် အနေအထား
စစ်မီးဝိုင်းနေသည့် စစ်ကောင်စီတပ် အနေဖြင့် ပြီးခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကာလ လောက်ကိုင် ဒစက လက်နက်ချသည့် စိတ်ဓာတ်ရေးရာ ဒဏ်ရာဒဏ်ချက်သည် လားရှိုး ရမခ လက်နက်ချမှုနှင့် အတူ ပိုမို နက်ရှိုင်း ဆိုးဝါးလာသည်ကို တွေ့ရသည်။
ထို့အတူ အင်အားပြုန်းတီးမှုများကြောင့် ဥပဒေ အမျိုးမျိုးပြဌာန်း၍ အရေးပေါ် အင်အားစုဆောင်းနေရသည် ဖြစ်ရာ ရေရှည်ဆိုပါမူ တိုက်ရည်ခိုက်ရည် ညံ့ဖျင်းပြီး ပိုမို၍ ပြိုကွဲလွယ်သည့် တပ်များ ဖွဲ့စည်းနေသည်နှင့် တူလှပေသည်။
လက်ရှိ အခြေအနေအရ တောင်ခမ်းဒေသ ခံစစ် ပြိုကွဲပါက သျှမ်းတောင်၏ အခြေမဏ္ဏိုင် နေရာဖြစ်သည့် တောင်ကြီးခရိုင် အတွင်း စစ်မီးတောက်မည့် အခြေအနေ ဖြစ်သည်။ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ တောင်ကြီးဒေသ ပြိုကွဲပါမူ သျှမ်းတောင်နှင့် တကွ သျှမ်းအရှေ့ဒေသပါ အလိုအလျှောက် ပြိုကွဲမည့် အခြေအနေ ဖြစ်သည်။
သို့သော် နှုတ်ဆိတ်နေဆဲ ဒေသတွင်း အင်အားကြီး သျှမ်းတော်လှန်ရေးတပ် ၂ ခု အနေဖြင့် မည်သို့ရပ်တည်မည်မှာ စစ်ကောင်စီ အတွက် များစွာ အရေးပါနေသည်ကို သတိမူရန် လိုအပ်လှသည်။
တဖက်တွင်လည်း ကချင် စစ်မျက်နှာနှင့် ရခိုင် စစ်မျက်နှာ ပြိုကွဲမှုကို ကျားကန်နေရပြီး စစ်ကိုင်းတိုင်း အထက်ပိုင်းတွင်လည်း တပ်များစွာ အသုံးပြုနေရသည်။
အဆိုပါ စစ်မျက်နှာများသို့ သျှမ်းတောင်၊ သျှမ်းအရှေ့၊ ဧရာဝတီတိုင်းနှင့် မိတ္ထီလာတို့မှတပ်များ ဆွဲထုတ် ပို့ဆောင်နေသည့် နည်းတူ လက်ရုံးတပ်များနှင့် အဓမ္မ စုဆောင်းထားသည့် တပ်သားသစ်များပါ ပို့ဆောင်နေရသည့် အခြေအနေ ဖြစ်သည်။
ယင်းအခြေအနေကို ကျော်လွှားနိုင်ရန် စစ်ကောင်စီ အနေဖြင့် သျှမ်းမြောက်နှင့် ရခိုင်ဒေသတွင် အကျိုးမဲ့ ခုခံနေသည့် တပ်များအား ဆွဲထုတ် ကယ်တင်၍ လည်းကောင်း၊ သျှမ်းတောင်နှင့် သျှမ်းအရှေ့ဒေသတွင် ဖြန့်ကျက်ထားသည့် တပ်များအား ဆုတ်ခွာ၍ လည်းကောင်း တောင်ကြီး- တာချီလိတ် လမ်းမကိုသာ အခိုင်အခံ့ ကာကွယ်ပါက ပိုမို ကျစ်လစ်၍ ထုဖြင့် ခံစစ်ဆင်နိုင်မည်ဖြစ်ပြီး အချိန်ဆန့်နိုင်မည် ဖြစ်သည်။
သို့သော် အမှန်တရာကို လက်ခံနိုင်စွမ်း မရှိသည့် စစ်ခေါင်းဆောင်များသည် ပြဿနာများကို တန်ပြန်ထိုးစစ် ဆင်ခြင်းဖြင့် ဖြေရှင်းနိုင်မည်ဟု ယုံကြည်နေဆဲ ဖြစ်သည်ကို တွေ့ရသည်။
စစ်မျက်နှာများအား ခြုံငုံ သုံးသပ်ရသော် စစ်ကောင်စီ၏ အနေအထားသည် တင်းလွန်းသည့် ကြိုးကဲ့သို့ ဖြစ်နေပြီး အချိန်မရွေး ပြတ်သွားနိုင်သည့် အနေအထား ဖြစ်နေသည်ကို တွေ့ရမည် ဖြစ်သည်။
မန္တလေးလွင်ပြင်သည် အဆုံးအဖြတ်လော
ခေတ်အဆက်ဆက် ဗမာ ဘုရင်တို့၏ အာဏာဗဟိုချက်သည် အလယ်ပိုင်း လွင်ပြင် ဒေသ ဖြစ်သကဲ့သို့ လက်ရှိ စစ်ကောင်စီ၏ အာဏာ ဗဟိုချက်သည်လည်း အလယ်ပိုင်း လွင်ပြင်ဒေသသာ ဖြစ်သည်။
သျှမ်း၊ ကချင်၊ ကရင်နီ၊ ရခိုင်၊ ကရင် စသည်ဖြင့် တိုင်းရင်းသား ဒေသများ ဆုံးရှုံးခြင်းသည် စစ်ကောင်စီကို ကိုင်လှုပ်သကဲ့သို့ ဖြစ်နိုင်သော်လည်း ၄င်းတို့ အနေဖြင့် ကိုလိုနီနယ်များ ဆုံးရှုံးရသည်သာ ဖြစ်ပြီး အလယ်ပိုင်း လွင်ပြင်ဒေသကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခြင်းဖြင့် ခရီးဆက်မည်သာ ဖြစ်သည်။
ထိုသို့ ပင်လုံစာချုပ်ဖြင့် ကိုလိုနီပြုထားသည့် နယ်မြေများ ဆုံးရှုံးမှုကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြုတ်ကျနိုင်သော်လည်း စစ်အာဏာရှင် ယန္တရားမှာမူ ဆက်လက် လည်ပတ်နေမည်မှာ သေချာလှသည်။
သို့ဖြစ်ရာ မန္တလေးလွင်ပြင်ဒေသတွင် အဆုံးအဖြတ် အောင်ပွဲရရန် တော်လှန်ရေးတပ်များ အတွက် အရေးကြီးလှသည့် အခြေအနေ ဖြစ်သည်။
ထို့အတူ စစ်ခေါင်းဆောင်များ၏ နိုင်ငံတဝှမ်း ပြန်လည် ထိန်းချုပ်ရေး အိပ်မက်သည်လည်း လွင်ပြင် တိုက်ပွဲပေါ်တွင် မူတည်နေပြန်သည်။
စစ်ကောင်စီတပ် အနေဖြင့် ပြိုကွဲနေပြီဟု ဆိုနိုင်သော်လည်း လွင်ပြင်ဒေသ တိုက်ပွဲများ အတွက် များစွာ ထိရောက်သည့် လေကြောင်း တိုက်ခိုက်မှုနှင့် တကွ ယန္တရားတပ်များအား ထုဖြင့် အသုံးချနိုင်မှုတွင် များစွာ အားသာချက် ရှိနေသည်ကို တွေ့ရသည်။
တော်လှန်ရေးတပ်များ အနေဖြင့် လွင်ပြင်ဒေသတွင် ထုဖြင့် ထိုးစစ်ဆင်မည် ဆိုပါက စစ်ကောင်စီ အနေဖြင့် လေကြောင်းနှင့် ယန္တရားတပ်များ အကြီးအကျယ် အသုံးချ၍ တန်ပြန်ထိုးစစ်ဆင်မည်မှာ သေချာလှသည်။
ယင်းအခြအနေတွင် တော်လှန်ရေးတပ်များ အရေးနိမ့်ပါက ပြန်လည် နလန်ထူရန် ခက်ခဲပြီး ကနဦး အဖြစ် အလယ်ပိုင်းဒေသ တော်လှန်စစ် အားပျော့သွားမည် ဖြစ်သည်။
သို့ဖြစ်ရာ မန္တလေးလွင်ပြင်တွင် စစ်ပွဲ ဆင်နွှဲရန်မှာ နှစ်ဖက်လုံး အတွက် သေရေးရှင်ရေး ဖြစ်သဖြင့် အမှားမခံသည့် အနေအထား ဖြစ်သည်ဟု သုံးသပ်နိုင်သည်။
မန္တလေးမြို့ကို ဝိုင်းရံခြင်း
မည်သည့်ရှူထောင့်က မဆို ကြည့်မြင်ပါက ကမ္ဘာကျော်သည့် ယဥ်ကျေးမှုမြို့တော် မန္တလေးသည် စစ်မက်ဖြစ်ပွားအပ်သည့် မြို့မဟုတ်ပေ။
ယူနန် မန္တလေးဟု အမည်ပြောင် ရထားသည့် ဤမြို့ကြီး ပျက်စီးမည်ကို သမ္မတကြီး ရဲဘော် ရှိကျင့်ဖင့် သည်လည်း လိုလားမည် မဟုတ်ပေ။
လက်ရှိ အခင်းအကျင်းအရ မကြာမီ မန္တလေးမြို့သည် ပိုမိုတင်းကျပ်စွာ (ဝါ) ပိုမို နီးကပ်စွာဖြင့် တော်လှန်ရေးတပ်များ၏ ဝိုင်းရံမှုကို မလွှဲမသွေ ခံရတော့မည်မှာလည်း အမှန်တရားသာ ဖြစ်သည်။
နိဂုံး
လက်ရှိ အခြေအနေအရ လွင်ပြင်ဒေသ စစ်ဆင်ရေးကို အဓိက တာဝန်ယူရမည့် မန္တလေး PDF သည် ၄င်း၏ မျက်နှာချင်းဆိုင်ရှိ တောင့်တင်းလှသည့် ခံစစ်ပြင်ဆင်ထားသော မန္တလေးမြို့ကို တိုက်ရိုက် ချဥ်းကပ် တိုက်ခိုက်ပါမည်လော။
သို့သော် အဆုံးအဖြတ် တိုက်ပွဲသည် လွင်ပြင်ဒေသတွင်သာ ဖြစ်နိုင်ပေသည်။
ဤသို့ အဆုံးအဖြတ်ပေးနိုင်သည့် တိုက်ပွဲ ဆင်နွှဲမှသာ ပြည်သူတို့၏ အသက်အိုးအိမ်များအား ကယ်တင်နိုင်ပေလိမ့်မည်။
ခေတ်သစ် စစ်ပွဲ အောင်မြင်မှုသည် ပြောင်းလွယ်ပြင်လွယ်ဖြစ်မှုနှင့် လျှင်မြန်စွာ စစ်ကစားနိုင်မှုအပေါ် မူတည်နေသည်။
ပထဝီ အနေအထားအရ မန္တလေး လွင်ပြင်ဟု ညွှန်းဆိုသော်လည်း ကျောက်ဆည်လွင်ပြင်နှင့် မိတ္ထီလာ လွင်ပြင်သည် အဆက်အစပ်သာ ဖြစ်သည်။
သို့ဖြစ်ရာ ဖိအားများကြားမှ မန္တလေး PDF နှင့် တကွ တော်လှန်ရေးတပ်များ အနေဖြင့် လွင်ပြင်ဒေသတွင် မည်သို့ စစ်ကစားမည် ဆိုသည်ကို မကြာမီ မြင်တွေ့ရတော့မည် ဖြစ်ရာ ဒေသခံ ပြည်သူများ အနေဖြင့် ကြိုတင် ပြင်ဆင်ထားရန်သာ ဖြစ်ပေတော့သည်။












Leave a Comments