သျှမ်းပြည် မူဆယ်မြို့တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ကားတစ်စီးကို လိုက်လံပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။
ယမန်နေ့ (သြဂုတ်လ ၂၉ ရက်) ည ၁၁ နာရီဝန်းကျင်တွင် မူဆယ်မြို့ ကောင်းနောင်ရပ်ကွက်၊ Best House ဟိုတယ်အနီး ကားတစ်စီးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ထိုကားကို လိုက်လံပစ်ခတ်ခဲ့ပြီး အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“အမျိုးသားတစ်ယောက်တော့ အပစ်ခံလိုက်ရတာ။ သေနက်အရှည်နဲ့ ပစ်ခံရတာ။ သိရသလောက်ကတော့ ကောင်းနောင်ဖက်ကနေ တက်လာတာ ဆေးရုံသွားမလို့တဲ့။ သူတို့ကလေးကို ဆေးရုံလိုက်ပို့မယ်လို့ ပါလာတဲ့ လူကတော့ ပြောတယ်”ဟု မူဆယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ထိုကားထဲတွင် ယာဉ်မောင်းသူ အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦးနှင့် ကလေးပါလာကြောင်း သိရပြီး၊ သေဆုံးသွားသော အမျိုးသားသည် တရုတ်လူမျိုးဖြစ်ကြောင်း သိရသည်။
လက်ရှိ မူဆယ်မြို့နယ်တွင် ပြည်သူများအတွက် လုံခြုံရေး ကင်းမဲ့နေပြီး လက်နက်ကိုင်များ ပေါများနေသည့် အတွက် ဒေသခံများ စိုးရိမ်စရာ များပြားနေကြောင်း သိရသည်။
မူဆယ်မြို့သည် မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်သည့်အပြင် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တရားမဝင် လုပ်ငန်းများ စုံလင်ပေါများသည့် ဒေသဖြစ်ပြီး၊ သေနတ်ပစ်ခတ်မှု၊ ဓားပြတိုက်မှုနှင့် ပြန်ပေးဆွဲမှုများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
လက်ရှိတွင် မူဆယ်မြို့နယ်အတွင်း သွားလာလှုပ်ရှားနေသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များမှာ ကောင်းခါး၊ မြို့မ၊ ပန်းဆေး၊ လုံထန်၊ ပိန်းဆာ၊ မန်ဂျယ်၊ စိန်ကျော့၊ မန်ပြိန်း၊ ရှောက်ဟော်၊ တာမိုးညဲ၊ မုံးပေါ် စသည်ဖြင့် ၁၅ ဖွဲ့ထက်မနည်း ရှိနေသည်။
တရုတ်-မြန်မာနယ်စပ်၊ တရုတ်နိုင်ငံဘက် ရွှေလီတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်-PLA စစ်ရေးလေ့ကျင့်နေစဉ် မူဆယ်မြို့၌ စစ်ကောင်စီ လက်အောက်ခံ နမ့်ခမ်းမြို့မ ပြည်သူ့စစ်က ခံစစ် ပြင်နေသည်ဟု နယ်စပ်စစ်ရေး လေ့လာစောင့်ကြည့်နေသူ တစ်ဦးက သြဂုတ်လ ၂၈ ရက်တွင် ပြောသည်။
မူဆယ်မြို့သည် တရုတ်နယ်စပ်မြို့ဖြစ်ပြီး လက်ရှိအချိန်ထိ မူဆယ်မြို့သည် တိုက်ပွဲမဖြစ်ပွားသေးသည့် ဒေသတစ်ခုဖြစ်နေသေးကြောင်း သိရသည်။











Leave a Comments