သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာနှင့်မကျီးရေ ကျေးရွာတို့တွင် စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီနှင့်တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA ) တို့ကြား တိုက်ပွဲ ပြင်းထန် ဖြစ်ပွားနေကြောင်း သိရသည်။
ယမန်နေ့ ညနေပိုင်း (၄နာရီ ၁၀မိနစ်) အချိန်ခမရ ( ၆၀၄) စစ်ကောင်စီတပ်စခန်းနှင့် တစ်နာရီကျော်အချိန်တွင် တောင်ခမ်းကျေးရွာ၊ မကျီးရေ ကျေးရွာရှိ စစ်ကောင်စီ ခမရ (၃၅၄) တပ်စခန်းတို့တွင် တိုက်ပွဲဖြစ်ခဲ့ကြောင်း သတင်းနှင့် ပြန်ကြားရေးဌာန(TNLA )မှ ဩဂုတ်လ ၂၅ ရက်နေ့ ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။

“ တိုက်ပွဲက ခုထိဖြစ်နေတုန်းပဲ။ နေ့ရော ညရော လက်နက်ကြီးပစ်နေတယ်။ တိုက်ပွဲဖြစ်ပွားနေတော့ ဘယ်သူမှသွားမကြည့်ရဲတော့ သေဆုံးမှု ရှိ၊ မရှိတော့ မသိရသေးဘူး။ အခုတော့ စစ်ရှောင်နေရတယ်။”ဟု နောင်ချိုဒေသခံ တစ်ဦးက ဆိုသည်။
တောင်ခမ်းရွာနှင့် မကျီးရေရွာတို့တွင် စစ်ကောင်စီ ( ၉၀၂)တပ်စခန်းတိုက်ပွဲ အတွင်း၌ စစ်ကောင်စီတပ်မှ Y12 ဖြင့် (၃)ကြိမ်လာရောက်ဗုံးကြဲသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုအတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေ့သည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အလုပ်သင် သတင်းးထောက် နန်းလရောင် ရေးသားသည်။












Leave a Comments