“အခုက တိုက်ပွဲကြားထဲ ကိုယ်ဝန်သည် မိခင်တွေ တော်တော်ဒုက္ခရောက်တယ်။ “

သျှမ်းပြည် သီပေါမြို့အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-(၂၃)၊ ခြေမြန်တပ်ရင်း ခမရ-(၅၀၃၊ ၅၀၄) တို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဩဂုတ်လ (၁၀) ရက်မှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး သီပေါမြို့ပေါ်ကို TNLA မှ ထိန်းချုပ်ထားနိုင်ကြောင်း ဒေသခံများက ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းတွင် သီပေါမြို့ ပတ်ပတ်လည်ရှိ အရေးပါသည့် တံတားများ မိုင်းခွဲဖျက်ဆီးခံရသည့်အပြင် စစ်ဆင်ရေး ဒုတိယပိုင်းသို့ ရောက်ရှိလာသောအခါ နောင်ချို၊ ကျောက်မဲနှင့် လားရှိုးမြို့များ တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် သီပေါမြို့သည် ကြားညှပ်လာပြီး TNLA ပူးပေါင်းတပ်ဖွဲ့မှ အလုံးစုံ ထိန်းချုပ်နိုင်ရန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

အလားတူ သီပေါမြို့နယ်အတွင်းရှိ နောင်ကော်ကြီးအခြေစိုက် စစ်ကောင်စီတပ် ခလရ-(၁၄၇) ကိုလည်း ကိုးကန့်တပ်ဖွဲ့ MNDAA က တိုက်ခိုက်သိမ်းပိုက်ထားပြီး နမ့်လန်မြို့ အနီးတဝိုက်သို့ ဆက်လက်အင်အားဖြည့်တင်းနေကြောင်း သိရသည်။

ဩဂုတ်လ (၁၀) ရက်နောက်ပိုင်း စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြန်လည် ပြင်းထန်လာခဲ့သည့် တစ်ပတ်အတွင်း လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲခံရခြင်းကြောင့် အရပ်သား (၂၀) ဦးကျော် သေဆုံးပြီး မြို့လူဦးရေ ထက်ဝက်ကျော်မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ထို့ကြောင့် သီပေါမြို့ တိုက်ပွဲအခြေအနေ၊ အရပ်သားထိခိုက်ဒဏ်ရာ ရရှိမှု၊ စစ်ဘေးရှောင်နှင့် မြို့ပေါ်ကျန်ရှိနေသူများ၏ အခက်အခဲနှင့် ပတ်သက်ပြီး သီပေါမြို့ဒေသခံတစ်ဦးကို သျှမ်းသံတော်ဆင့်မှ စိုင်းခွမ်မိန်းက ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ လက်ရှိ သီပေါမြို့ရဲ့ တိုက်ပွဲအခြေအနေက ဘယ်လိုရှိနေလဲ။ ဒေသခံတွေ ဘယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေတာ ရှိလဲ။

ဖြေ ။ ။ အခုက စစ်ကောင်စီတပ်က မြို့ပြင် နဲနဲဝေးတဲ့ နေရာမှာ ရောက်နေတယ်လို့ ပြောလို့ရတယ်။ အဲ့ဘက်မှာ TNLA နဲ့ အပြန်အလှန် ပစ်နေကြတယ်။ လက်နက်ကြီးနဲ့လည်း မြို့ထဲဘက်ကို ပစ်လာတာ ရှိတယ်။ ဗမာစစ်သားတွေက မိုးတေဘက်သွားတဲ့ ၅၀၄ တပ်ဘက်မှာ ရောက်နေတာ။ ရှေ့ရက်ကဆိုရင် အဲ့ဘက်တွေ လေယာဉ်လာတယ်။

မြို့လယ်ရပ်၊ နာရီစင်နဲ့ ဇာတ်စုရပ်တွေဘက်မှာ လက်နက်ကြီး ကျတယ်၊ တုံဆင့်ဘက်ဆိုရင် လေကြောင်းဗုံးကြဲခံရတယ်။ သီပေါကတော့ နောင်ပိန်ဘက်ကို စစ်ဘေးရှောင်တာများတယ်။ မြို့ဟောင်းဘက်မှာ လေယာဉ်ဗုံးကြဲလို့ ၄ ယောက် သေတယ်။ တိမ်တောင်ဘက်ကိုလည်း လေကြောင်းနဲ့ ဗုံးကြဲတယ်။

ပြီးခဲ့တဲ့ ရက်တွေကတော့ လေယာဉ်နဲ့ ဗုံးလာကြဲတာ။ တကယ်ပြန်နေမယ်ဆိုရင်လည်း စစ်ကောင်စီတပ်က အင်အားဖြည့်နေတုန်းပဲ။ ရဟတ်ယာဉ်နဲ့လာပြီး လေထီးနဲ့ လက်နက်တွေ၊ ရိက္ခာတွေ ထပ်လာချပေးနေတုန်းပဲ။ TNLA က မြို့ထဲကိုပဲ ထိန်းချုပ်ပြီး နေရာယူနိုင်သေးတာ။ မြို့ပြင်က ၅၀၃/၅၀၄ တပ်နဲ့ ခလရ-(၂၃) ကို မသိမ်းနိုင်သေးဘူး။

လက်နက်ကြီးကော လေယာဉ်နဲ့ ပစ်တာကောဆိုရင် ဆုံးတာ အယောက် ၂၀ ကျော် ရှိပြီ။ ရဲစခန်းနဲ့ ထောင်ကြီးနားကတော့ ပိုပြင်းတာ။ မိုးတေဘက် ထွက်သွားတဲ့ တုံဆင့်ဘက်လည်း တိုက်ပွဲပြင်းတယ်။ ဩဂုတ် ၁၁/၁၂ ရက်နေ့နောက်ပိုင်း တိုက်ပွဲပြင်းတယ်။ TNLA တွေ သီပေါမြို့ထဲ မထိန်းနိုင်ခင် သီပေါတံတားကြီးဘက်မှာ တိုက်ပွဲအရင်ဖြစ်တာ။

လက်နက်ကြီးထိမှန်သေဆုံးသွားသည့် သီပေါဒေသခံ

မေး ။ ။ အခု တိုက်ပွဲကြောင့် သီပေါမြို့ပေါ် ကျန်နေသူတွေ ဘယ်လောက်အထိ ရှိသေးလဲ၊ ဘာအခက်အခဲတွေ ကြုံနေရလဲ။

ဖြေ ။ ။ မြို့ထဲ ကျန်တာကတော့ အိမ်စောင့်တဲ့လူတွေနဲ့ သက်ကြီးပိုင်းတွေ အများစုကျန်တာ။ တချို့ကလည်း ဟိုလမ်းပိတ်တယ်၊ ဒီလမ်းပိတ်တယ် ကြားပြီးတော့ အပြင်မထွက်ရဲကြတာ ရှိတယ်။ ကျောက်မဲ၊ လားရှိုးဘက် စစ်အရင်ဖြစ်တော့ သီပေါကလူတွေလည်း ကြိုရှောင်ထားကြတာ ရှိတယ်။ သီပေါတံတားကြီးဘက် အိမ်တွေတော့ မြို့ထဲက ဘိုးတော်ကျောင်းဘက်မှာ ညလာအိပ်ကြတယ်။ ညဘက်ဆို အိမ်တွေ ဖောက်ခံရတာလည်း ရှိတယ်။

စစ်ဘေးရှောင်သွားကြတာကတော့ အများစုပါ။ ပန်းတိမ်တောင်၊ ရွှေကျောင်း၊ တောင်မြို့ ဒီဘက်တွေတော့ ဘာမှ သိပ်မဖြစ်လို့ ရပ်ကွက်ထဲ လူနေသေးတယ်။ တုံဆင့်ဘက်ကတော့ ရပ်ကွက်ထဲ လက်နက်ကြီးကျလို့ တော်တော်များများ ပြေးရတယ်။

အခုက တိုက်ပွဲကြားထဲ ကိုယ်ဝန်သည် မိခင်တွေ တော်တော်ဒုက္ခရောက်တယ်။ အရင်က ကျောက်မဲကနေ သီပေါ၊ နမ့်လန်ဘက် လှေနဲ့လာပြီး ကလေးမီးဖွားတာ ရှိတယ်။ အခုကျတော့ နမ့်လန်လည်း အခြေအနေ မကောင်းတော့ ဆေးရုံလည်း ပိတ်ပြီး ဆရာဝန်လည်း မရှိတော့ဘူး။

သီပေါမြို့ပေါ်မှာတော့ နယ်စည်းမခြား ပရဟိတအဖွဲ့က လုပ်ထားပေးတဲ့ ကလေးမီးဖွားဂေဟာပဲ ရှိတော့တယ်။ အခုတော့ အဲ့မှာပဲ ကလေးမွေးလို့ ရတော့တယ် အခက်အခဲတော့ ဖြစ်တာပေါ့။ စစ်ဖြစ်နေတော့ ကလေးမွေးပြီးတဲ့လူလည်း ထပ်ပြေးရမှာလား၊ ကိုယ်ဝန်သည်ကလည်း ကလေးမွေးမှာလား အဲ့လိုရှိတာပေါ့။

မြို့ထဲ လက်နက်ကြီး ပေါက်ကွဲသံကြားလို့ ကိုယ်ဝန်သည် မိခင်က စိုးရိမ်ကြောက်လန့်ပြီး ဗိုက်စောစော နာလာတာ ရှိတယ်။ ကြောက်လို့ စိုးရိမ်လို့ ကလေး စောစောမွေးမယ့် လက္ခဏာဖြစ်မယ် ဆိုပြီးတော့လည်း ဆရာဝန်တွေ မရှောင်ရခင်က ပြောထားတယ်။ ကိုယ်ဝန်သည် မိခင်တွေကိုလည်း ဘေးလွတ်ကင်းရာ စစ်ဘေးရှောင်ထားခိုင်းတယ်လို့ ပြောတယ်။

မေး ။ ။ သီပေါထောင်ကလည်း တိုက်ပွဲအတွင်းမှာ ပွင့်သွားတယ်လို့ ပြောတယ်၊ အဲ့တာက ဘယ်လိုအခြေအနေ ရှိလဲ။

ဖြေ ။ ။ ထောင်ကတော့ ၁၀ ရက်နေ့ကတည်းက ပွင့်သွားပြီလို့ပြောတယ်။ စစ်ကောင်စီဘက်က ဖွင့်ပေးတာတော့ မဟုတ်ဘူး၊ TNLA နဲ့ PDF ဘက်က ဖွင့်ပေးတယ်ပြောရမှာ။ ထောင်သားကော အချုပ်သားကော၊ နိုင်ငံရေးအကျဉ်းသားတွေကို ဆန်တစ်အိတ်စီ ပေးပြီး ပြန်လွှတ်ပေးတယ်လို့ ပြောတယ်။ ဆွေမျိုးတွေ သိပြီး လာကြိုသွားတာ အနည်းစုပဲ။

အမှုမျိုးစုံနဲ့ ထောင်ကျနေတဲ့ သူတွေလည်း လွတ်လာတယ်၊ ကားလည်းမရှိတော့ သူ့လမ်းကိုယ့်လမ်း ပြန်သွားကြတယ်။ အဲ့တုန်းကတည်းက မြို့ထဲမှာ ဆိုင်တွေ၊ အိမ်တွေ အကုန်ပိတ်ကုန်ပြီ။ အခုကတော့ ဖုန်းလိုင်းတွေလည်း ပြတ်ကုန်ပြီ။

ထောင်ကနေ လွတ်လာတဲ့ တချို့ကတော့ ဘယ်မှ သွားစရာ ရှိမှာမဟုတ်သေးဘူး။ ဘာလို့လဲဆိုတော့ ဖုန်းလိုင်းလည်း မရှိတော့ ဆက်သွယ်လို့ မရဘူး၊ လိုင်းကားလည်း မရှိဘူးလေ။ အဲ့လိုလူ ဆိုရင်တော့ သီပေါပတ်ဝန်းကျင်မှာပဲ ရှိဦးမှာ။

နမ့်လန်ဘက်မှာတော့ လားရှိုးဘက်က လာတဲ့ စစ်ရှောင်တွေ ကြားထဲမှာ သူခိုးဖမ်းမိတာ၊ ဒေသခံတွေ ဝိုင်းဖမ်းတာ တစ်ရက်တည်းကို ၃၀ ကျော် ရှိတယ်။ အစပိုင်း ၂ ယောက်ကို အရင်ဖမ်းမိတာ၊ ထပ်စစ်တော့ ၃၀ ကျော်အထိ ကွင်းဆက်ဖမ်းမိတာ။ သူခိုးတွေက အုပ်စုလိုက်လာတတ်တော့ အိမ်စောင့်ကျန်ခဲ့သူဆိုရင် ဘာမှ မတတ်နိုင်ဘူး။ အဲ့တာကြောင့် လူကြီးတွေက ဘယ်ကိုမှ မပြေးချင်ကြတာ နောက်ဆံတင်းကြတာပေါ့။

မေး ။ ။ တိုက်ပွဲပြင်းထန်တာက ဘယ်နားလေးတွေလဲ၊ တိုက်ပွဲကြား ထိခိုက်သေဆုံးတာကော ဘယ်လောက်ထိ ရှိလာပြီလဲ။

ဖြေ ။ ။ မြို့လယ်ရပ်၊ ဇာတ်စုရပ်နဲ့ တုံဆင့်ဘက်မှာ တိုက်ပွဲပြင်းတာ။ တာပုတ်၊ ဇာတ်စုရပ်နဲ့ တဆက်တည်း ထောင်ကြီး၊ ရဲစခန်း၊ လဝကရုံးတွေက နီးနီးလေး ကပ်လျက်ပဲ ရှိတာ။ ဩဂုတ် ၁၀ ရက်နေ့က ထောင်ကြီးနဲ့ ရဲစခန်းကို ရပြီးတော့ TNLA စစ်သား အင်အား ၂၀၀ လောက်က ဘော်လုံးကွင်းဘက် မြို့ထဲ လမ်းလျှောက်တက်လာတာ။

ထောင်ဖွင့်ပြီးတဲ့နောက်ပိုင်း ခဏလေးပဲ လူစည်တတ်တဲ့ နာရီစင်ဘက် မြန်မာ့ရှေ့ဆောင်ဘဏ်နား လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်။ အဲ့နောက်ပိုင်း မြို့ထဲ လူတော်တော်များများ မနေရဲတော့ဘဲ ထပ်ပြီး ထွက်ပြေးကြတယ်။

သီပေါကတော့ လေယာဉ်ပျံနဲ့ ဗုံးလာကြဲတာ၊ လက်နက်ကြီးကော သေနတ်သံကော အဆက်မပြတ် ကြားရတယ်။ သေတာလည်း နေ့တိုင်းရှိနေတယ်၊ မြို့ဟောင်းထဲ လူထိခိုက်တာ များတယ်။ တချို့လည်း မထွက်ပြေးနိုင်ကြသေးဘူး။ တိုက်ပွဲဖြစ်နေတာ မြို့ထဲ မန်မိုင်၊ ကျောင်းစု၊ တုံဆင့်နဲ့ စစ်တပ် ခလရ-၂၃ နား ပြင်းတယ်။

ဩဂုတ် ၁၀ ရက်နေ့နောက်ပိုင်း လေးငါးရက်လောက်ကို လေယာဉ်နဲ့ နေ့ခင်းတစ်ပိုင်းလုံး ပြီးတော့ တစ်ညလုံးပဲ ဗုံးလာကြဲတာ။ တုံဆင့်ဘက်က နားခဲဘက်ကို စစ်ဘေးရှောင်တယ်၊ တချို့လည်း ဘော်ကြိုဘုန်းကြီးကျောင်းကို ရှောင်ကြတာ ရှိတယ်။ တစ်မြို့လုံးနီးပါးပဲ စစ်ရှောင်ကြတာ၊ မြို့ဟောင်းဘက် ထွက်မပြေးနိုင်တဲ့လူတော့ လက်နက်ထိပြီးတော့ ဒဏ်ရာရတာ သေတာ ရှိတယ်။

တုံဆင့် ဘက်က မသန်စွမ်း ရှိတဲ့ အိမ်တွေဆိုရင် တချို့က ပစ္စည်းတွေ အရင်သယ်ထုတ်သွားပြီး လူကို နောက်မှ လာကယ်မယ်ပေါ့၊ ပြန်လာတော့ မြို့ထဲ ဝင်လို့မရတော့တာလည်း ရှိတယ်။ အခု အိမ်မှာ ကျန်ခဲ့တဲ့ မသန်စွမ်းမိဘတွေက သေလားရှင်လား မသိနိုင်တော့ဘူး။

ထိခိုက်သေဆုံးတာကတော့ အရပ်သား (၂၀) လောက်တော့ ရှိတယ်။ မြို့တွင်းထဲလည်း တကယ်သွားလာလို့ မရသေးတော့လေ၊ အိမ်ထဲမှာ ဆုံးနေပြီး ပုပ်ပွနေတာတွေလည်း ရှိတယ်။ ဒဏ်ရာရတာကတော့ ၅၀ ကျော် ရှိမယ်။ ဆုံးသွားတဲ့ လူတွေရဲ့ အလောင်းတွေဆိုလည်း သွားမကောက်နိုင်တော့ အိမ်ထဲမှာပဲ ပုပ်ပွနံစော်ပြီး ဒီတိုင်းထားရတာ။ နမ္မတူမြစ်နဲ့ နီးတဲ့အိမ်နားဆိုရင် စစ်သားအလောင်းတွေကို မြစ်ထဲ ပစ်ချရတယ်လို့ မြင်ခဲ့တဲ့လူတွေက ပြောပြတာ။

မေး ။ ။ သီပေါမြို့အနေနဲ့ အရင် စစ်ဆင်ရေး ပထမပိုင်းကတည်းက မြို့ပတ်ပတ်လည်မှာ ရှိတဲ့ တံတားတွေ အားလုံးနီးပါး ချိုးခံလိုက်ရတော့ အခုတစ်ခေါက် စစ်ထပ်ဖြစ်တာ စစ်ဘေးရှောင်ဖို့ ဘယ်လိုအခက်အခဲ ရှိလဲ။

ဖြေ ။ ။ အခက်အခဲကတော့ စစ်မဖြစ်ခင် ရက်ပိုင်းက ဘော်ကြိုကနေ လှေစီးပြီး တာလုံဘက် လာကြတယ်၊ ကားတွေဆိုရင် စက်လှေနဲ့ ကမ်းကူးပြီး နမ့်လန်ဘက်ကို စစ်ရှောင်ကြတယ်။ အဲ့တုန်းက ကျောက်မဲမှာလည်း တိုက်ပွဲပြင်းထန်နေတော့ အဲ့ဘက် မသွားရဲဘူး။ အဲ့ကနေမှ တခြားမြို့ရွာ ဆက်သွားကြတယ်။

မြို့ဟောင်းဘက်က လူတွေတော့ ကုန်းသာဘက်ကို ပြေးကြတယ်။ တချို့လဲ ဘော်ကြိုဘက်အနေ လှေနဲ့တဆင့်၊ နမ့်ဟူးနွဲ့နားလေးကနေဆင့် နမ့်လန်ဘက်ကို လာတယ်။ မြို့ထဲကို လူကြိုချင်တယ်ဆိုလည်း TNLA က ကားပေးမဝင်ဘူး၊ ဘော်ကြိုကနေ ဆိုင်ကယ်ငှားပြီး မြို့ထဲ ပေးဝင်တယ်။ ဘော်ကြိုမှာ တားထားတာရှိတယ်၊ နောက်ပြီး နမ့်ဟူးနွဲ့ ဂေါ်ဒန်ကျောက်စခန်းနားလည်း တစ်နေရာ ဂိတ်တားထားတာ ရှိတယ်။

ဒီနောက်ပိုင်း သီပေါတံတားကြီးမှာ စစ်ကောင်စီတပ်လည်း မရှိတော့ တံတားကြီးဘက်ကနေ ထွက်ပြီး နမ့်လန်သွားတဲ့ လူတွေလည်း ရှိတယ်။ ဆွတ်လန်းမှာတော့ MNDAA ဂိတ်ဖြတ်ရင် မိန်းကလေးတွေကို မဖွယ်မရာ လုပ်တာလည်း ရှိတယ်။ စစ်ဘေးရှောင်မယ်ဆိုရင် အမျိုးသားနဲ့ အတူလာကြဖို့ အဖော်နဲ့ လာကြဖို့ ပြောချင်တယ်။

အခြေအနေ မကောင်းတဲ့ မြို့လယ်ရပ်၊ ဇာတ်စုရပ်ကနေ နောင်ကတ်ဘက် အရင်ထွက်လာရတယ်။ ရွှေကျောင်းတွေဘက်မှာ ရောက်နေကြတာ များတယ်၊ အဲ့က ဘုန်းကြီးကျောင်းတွေမှာ တစ်ညအိပ်ပြီးမှ နောင်ပိန်ဘက် ထွက်လာရတာရှိတယ်။

နမ့်လန်ကနေလည်း လက်နက်ကြီးတွေ နေ့တိုင်းပစ်တာ ရှိတယ်၊ နောင်ကော်ကြီးက ခလရ-၁၄၇ တပ်ကို ပစ်ကူတာ။ နမ့်လန်မြို့ ပတ်လည်မှာတော့ SSPP တပ်ဖွဲ့တွေ နေရာယူထားတာ ရှိတယ်။ သတင်းထွက်တာတော့ နမ့်လန်မြို့ကို SSPP မဝင်ရင် ကိုးကန့်တပ်က ဝင်မယ်ဆိုတော့ ပြည်သူတွေက ကြောက်လန့်ပြီး ထပ်ပြေးကြတယ်။ အဲ့နောက်ပိုင်း စစ်ကောင်စီတပ်ဘက်က ခိုလမ်ကနေ နမ့်လန်ကို စစ်ကား ၁၁ စီးနဲ့ အင်အားဖြည့်လာတယ်။

မေး ။ ။ တိုက်ပွဲပြင်းထန်ပြီး ပြန်ငြိမ်နေတဲ့အပေါ်မှာ ဘယ်လိုစိုးရိမ်မှုတွေ ရှိလဲ။ ထိခိုက်ပျက်စီးမှုတွေက ဘယ်လောက်အထိ များနေလဲ။

ဖြေ ။ ။ စိုးရိမ်တာကတော့ လေယာဉ်နဲ့ ဗုံးထပ်လာကြဲမှာပေါ့။ တကယ်ပြန်နေဖို့လဲ မရဲသေးဘူး။ TNLA တွေလည်း မြို့ထဲနေလို့ ဗုံးကြဲခံရလည်း အရပ်သားတွေရဲ့ အိုးအိမ်နဲ့ အသက်ပဲ ဆုံးရှုံးရတာ။

အခုကတော့ ဘာအလုပ်မှ လုပ်မရတော့ ရှိတာလေးနဲ့ပဲ ခြစ်ကုတ်စားသောက်ရတာ။ တချို့လည်း ရှောင်လို့မရတာတွေ ရှိတယ်၊ အခက်အခဲ မျိုးစုံဖြစ်တာပေါ့။ မြို့ပြင်မထွက်နိုင်တဲ့လူတွေ လေးပုံတစ်ပုံလောက် မြို့ထဲကျန်နေတာ ရှိမယ်။ စားဖို့သောက်ဖို့ ကျန်းမာရေးကအစ အကုန်ခက်ခဲနေတာ အခုက။

မေး ။ ။ အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

သီပေါမြို့နယ်တွင် MNDAA က ရွှေတူးဖော်ရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းနှင့် နမ့်ပေါင်ချောင်းဆုံရာ အနီးတစ်ဝိုက်တွင် ကိုးကန့်တပ် (MNDAA) က ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလလယ်ခန့်မှ စတင်ကာ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စု နောင်နွေးကျေးရွာ အရှေ့ဘက်ရှိ ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုးမြေတူးစက်များနှင့် ရွှေကျင်စက်ပစ္စည်းများကို...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...