20 August 2024 By (SHAN News+Kantarawaddy Times)
ရှမ်းပြည် နောင်ချိုမြို့နယ်မှာ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ အလံဖြူထောင်ပြီး ဆုတ်ခွာဖို့အတွက် စစ်ကောင်စီတပ်ထံ ခွင့်တောင်းခဲ့တယ်ဆိုပြီး ဖြန့်ချိနေပါတယ်။
စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ် KO CHIT (MDY) ချန်နယ်ကနေ ဖြန့်ချိခဲ့တာဖြစ်ပြီး “ နောင်ချိုမှာ ပလောင်နဲ့ လက်ပဒီးတွေ ဆုတ်လမ်းတောင်း၊ တပ်မတော်မှ အလံဖြူထောင်ပြီး ၅၀ တစ်အုပ်စု ဆုတ်လာခဲ့” လို့ (မူရင်းအတိုင်း) ရေးသားဖြန့်ဝေထားပါတယ်။
အဲ့ဒီသတင်းအမှားကို ကြည့်ရှု့သူပေါင်း ၄၅,၀၀၀ ကျော်ရှိပါတယ်။
မူရင်းလင့်ခ် – https://archive.ph/zz9GF
Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများအနေနဲ့ အဲ့ဒီအကြောင်းအရာကို စစ်ဆေးမှု ပြုလုပ်ခဲ့တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့်သတင်းအမှားဖြန်တာကို တွေ့ရပါတယ်။
သတင်း စစ်ဆေးတွေ့ရှိချက်
နောင်ချိုမြို့ကို TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ ထိန်းချုပ်ထားပြီးနောက် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေပေမဲ့ နောင်ချိုမြို့ကိုတော့ ဆက်လက်ထိန်းချုပ်ထားနိုင်တယ်လို့ ၂၀၂၄ သြဂုတ် ၁၄ ရက်နေ့က DVB သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ သတင်းအပြည့်အစုံကို ဒီလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
သတင်းလင့်ခ် – https://burmese.dvb.no/post/664721
သျှမ်းပြည်မြောက်ပိုင်း သတင်းဌာနတစ်ခုဖြစ်တဲ့ ရွှေဖီမြေသတင်းဌာနမှာလည်း “TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်နောင်ချိုမှာ တိုက်ပွဲဖြစ်ပွားမရှိဘဲ စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ဗုံး ၂ လုံးလာကြဲခဲ့တယ်” ဆိုကာ မြို့ခံတစ်ဦးကို ကိုးကားပြီး ၂၀၂၄ သြဂုတ် ၁၅ ရက်နေ့မှာ ဖော်ပြထားပါတယ်။ သတင်းအပြည့်အစုံကို ဒီလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုလိုင်ပါတယ်။
ဆက်စပ်ဖတ်ရှု့ရန် – https://shorturl.at/ThCR5
ဒါ့အပြင် နောင်ချိုမြို့ကို စစ်ကောင်စီ အင်အားမဖြည့်နိုင်ဖို့ အင်းဝိုင်းရှိ ဆင်းရွှေလီသကြားစက် အဝင်လမ်းကိုလည်း TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တွေက ဖြတ်တောက်လိုက်ကြောင်း သျှမ်းသံတော်ဆင့်သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
သတင်းလင့်ခ် – https://burmese.shannews.org/archives/43561
လက်တလော နောင်ချိုမြို့တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး မြို့ခံတစ်ဦးကို မေးမြန်းခဲ့ရာ “ ပြီးခဲ့တဲ့ ရက်ပိုင်းတွေတော့ နောင်ချိုနဲ့ ရှမ်းတောင်ကိုသွားဖက်လမ်းက တောင်းခမ်းဘက်မှာတော့ ထိတွေ့တိုက်ပွဲ ဖြစ်တယ်။ အဲ့မှာစစ်ကောင်စီအမြောက်တပ်ရှိတယ်။ ပြီးတော့ နောင်ချိုနဲ့ ပြင်ဦးလွင်သွားတဲ့ဖက် ဘန်းဘွေးဖက်မှာ ပစ်ခတ်မှုရှိတယ်။ ဒီရက်ပိုင်းတော့ ပစ်ခတ်မှုတိုက်ပွဲမကြားတော့ဘူး။ ငြိမ်နေတယ်” လို့ ပြောပါတယ်။
သုံးသပ်ချက်
နောင်ချိုမှာ TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု ရှိခဲ့တာ မှန်ပါတယ်။
TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များက နောင်ချိုမှာ အလံဖြူထောင်ပြီး ဆုတ်ခွာဖို့အတွက် စစ်ကောင်စီတပ်ထံ ခွင့်တောင်းတယ်ဆိုတဲ့ အကြောင်းအရာက မှားယွင်းနေတာတွေ့ရှိရပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချိသူတွေက TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီး TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့က အလံဖြူထောင်ပြီး လက်နက်ချသယောင် လုပ်ကြံဖန်တီးရေးသား ဖြန့်ချိနေခြင်းဖြစ်ပါတယ်။
တစ်ဖက်မှာလည်း နောင်ချိုမြို့နဲ့ အနီးအနားကို TNLA ပါဝင်တဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားနေဆဲဖြစ်သလို တိုက်ပွဲဖြစ်ပွားနေဆဲအခြေအနေမှာ အခုလို အထင်မြင်မှားလွဲစေတဲ့ သတင်းမှားတွေကို စစ်ကောင်စီ ဝါဒဖြန့်ချိသူတွေဖြန့်ချိနေတာကို လွယ်လင့်တကူမယုံဖို့ လိုအပ်ပါတယ်။
Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေနဲ့လည်း လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။
သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် https://www.facebook.com/myanmarfactcheckingnetwork
By (SHAN News+Kantarawaddy Times)












Leave a Comments