သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့နယ်သို့ စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ (ဩဂုတ်လ ၁၆)ရက် နံနက် ၁နာရီဝန်းကျင်တွင် စစ်ကောင်စီမှ နမ့်ဆန်မြို့နယ်အတွင်းသို့
ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ လက်ဖက်စက်ရုံဘက်သို့ ဗုံးကြဲသွားကာ လူထိခိုက်မှုမရှိကြောင်း နမ့်ဆန်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

‘’မနေ့ည ၁နာရီဝန်းကျင်အချိန်မှာ စစ်တပ်က ဗုံးလာကြဲသွားတယ် ။ လက်ဖက်စက်ရုံဘက်မှာကျသွားတယ် ။တော်သေးလို့ လူထိခိုက်တာမရှိဘူး ၊ အဝေးကနေပဲကြားရတယ် အသံတော်တော်ကျယ်တယ်’’ဟု ၎င်းကပြောသည်။
ဩဂုတ်လ ၁၂ ရက်တွင်လည်း စစ်ကောင်စီမှ ဗုံးကြဲသွားပြီးနောက် ပြည်သူအများစုက ကြိုတင်ရှောင်ထားကြောင်း၊ အိမ်စောင့်ရန်သာ ကျန်ရှိနေထားကြောင်း ၎င်းက ထပ်မံပြောသည်။
‘’အဲနေ့ကတည်းက ပြည်သူတွေအများစုက ကြိုတင်စစ်ရှောင်နေကြပြီ။ ကျန်နေရင်လည်း အိမ်စောင့်တဲ့သူတွေ အိမ်မခွဲနိုင်တဲ့သူတွေ ကျန်တယ် ။ ဒီနေ့တော့ ထပ်မံထွက်ပြေးနေကြတယ်’’ဟု ထိုမြို့နယ်ခံက ပြောသည်။
ဩဂုတ်လ ၁၂ ရက် ညပိုင်းတွင် စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။
နမ့်ဆန်မြို့ကို တအာင်း(ပလောင် )အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ၂၀၂၃ခုနစ် ဒီဇင်ဘာ ၁၅ရက်တွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည့် မြို့ဖြစ်သည်။
အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။












Leave a Comments