သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ တိုက်ပွဲများ အတွင်း ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းများ အနက် ဒဏ်ရာရထားသည့် စစ်သား ၄၅ ဦးနှင့် စစ်တပ် မိသားစုဝင် ၂၈၆ ဦး၊ စုစုပေါင်း ၃၃၁ ဦးကို ယမန်နေ့ ကိုးကန့်တပ်-MNDAA က ထပ်မံ လွှတ်ပေးခဲ့ကြောင်း သတင်းရင်းမြစ်က ယနေ့ (ဩဂုတ်လ ၁၂ ရက်) တွင် ပြောသည်။
လားရှိုးမြို့ ရမခ တိုက်ပွဲများ အတွင်း ဖမ်းဆီးရမိထားသည့် ကလေး၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အို အများစု ပါဝင်သည့် စစ်တပ် မိသားစုများကို ကိုးကန့်တပ်က ပြန်လွှတ်ပေးနေရာ ယခု (၅) ကြိမ်မြောက်တွင် ဒဏ်ရာရ စစ်သုံ့ပန်း ၄၅ ဦးကိုပါ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

“အခုပြန်လွှတ်ပေးတာ (၅) ကြိမ်မြောက်ပေါ့။ ဒဏ်ရာရထားတဲ့ စစ်သုံ့ပန်း ၄၅ ဦးနဲ့ဆို အားလုံး ၁၈၀၇ ဦးရှိပြီ ပြန်လွှတ်တာ” ဟု သတင်းရင်းမြစ်က ဆိုသည်။
ယင်းကဲ့သို့ ပြန်လွှတ်ပေးရာတွင် အဆင်ပြေစေရေး သျှမ်းတော်လှန်ရေးတပ် SSPP က ကူညီပေးနေကြောင်း သိရသော်လည်း မည်သို့လက်ခံ နေရာချထားသည်ကို စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။
ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့က လားရှိုး ရမခ ကို သိမ်းပိုက်ပြီးနောက် ဖမ်းဆီးရမိသည့် စစ်တပ် မိသားစုဝင် များကို ကိုးကန့်တပ်က ပြန်လွှတ်ပေးလျက်ရှိရာ ဩဂုတ်လ ၆ ရက်နေ့တွင် ၃၈၅ ဦး၊ ၇ ရက်နေ့တွင် ၄၄၅ ဦး၊ ၈ ရက်နေ့တွင် ၃၀၈ ဦး၊ ၉ ရက်နေ့တွင် ၃၃၈ ဦးနှင့် ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နေ့တွင် ဒဏ်ရာက စစ်သား ၄၅ ဦး အပါအဝင် ၃၃၁ ဦး ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။












Leave a Comments