စစ်အာဏာရှင် ခေတ်အဆက်ဆက် ကျင့်သုံးခဲ့သော သမဝါယမ စနစ်ကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြန်လည်ကျင့်သုံးမည်ဟု ပြောဆိုပြီးနောက် မန္တလေးမြို့တွင် စက်သုံးဆီများ စတင်ပြတ်လပ်နေကြောင်း စုံစမ်းသိရသည်။
သမဝါယမစနစ်ကို ပြန်လည်ကျင့်သုံးမည်ဟု အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်မှ ဇူလိုင် ၂၉ ရက် နေပြည်တော် အစည်းအဝေးတွင် ပြောဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ ပြောဆိုပြီးနောက်ပိုင်း မန္တလေးတွင် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာပြီး အကန့်အသတ်ဖြင့် ရောင်းချခြင်း၊ အချို့ဆိုင်များတွင် ပိတ်ထားကြောင်း မန္တလေးမြို့ ဒေသခံအမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ဆီတစ်ခါ ဖြည့်မယ်ဆိုရင် ကားက ၅သောင်းပဲ ရတယ်။ ဆိုင်ကယ်တွေဆိုရင် ၅၀၀၀ ကျပ်ပဲ ရတယ်။ ဆီဖြည့်ဖို့လည်း ကားတန်းအရှည်ကြီးပဲ။ ၁ ရက်လောက်ကို အချိန်ပေးပြီး ဖြည့်ဖို့ စောင့်ရတယ်။ ဆိုင်ကြီးတွေတောင် ဆီတွေ စပြတ်နေပြီ။ မြင်ရတာ တစ်မြို့လုံးကို ဖြစ်နေတယ်။ သမဝါယမ စနစ်လို ဟိုအနှစ် ၄၀ လောက် ပုံစံ ပြန်ရောက်သွားသလိုပဲ”ဟု မန္တလေးမြို့ ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။
လက်ရှိ စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေပြီး စက်သုံးဆီ 92 တစ်လီတာလျှင် မြန်မာကျပ်ငွေ ၅၁၀၀ ထိရှိနေပြီး စက်သုံးဆီဆိုင်ကြီးများလည်း ဆီများ စတင်ပြတ်လပ်နေကြောင်း ဒေသခံများက ပြောသည်။
အလားတူ သျှမ်းပြည်တဝှမ်းရှိ မြို့နယ်များတွင်လည်း စက်သုံးဆီများ စတင်ပြတ်လပ်နေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။












Leave a Comments