သျှမ်းပြည်မြောက်ပိုင်း လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကို ညီနောင်မဟာမိတ်တပ်များထံ လက်လွတ်လိုက်ရစဉ် အာဏာသိမ်း စစ်ကောင်စီက အရေးပေါ်ကာလကို နောက်ထပ် (၆) လ သက်တမ်းတိုးလိုက်ကြောင်း ကြေညာခဲ့သည်။
ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကျန်းမာရေးကို အကြောင်းပြပြီး စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ယာယီသမ္မတ ရာထူးကို ရယူပြီးနောက် ယနေ့ (ဇူလိုင်လ ၃၁ ရက်) တွင် ကျင်းပခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် အရေးပေါ်ကာလကို (၆) ကြိမ်မြောက် သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်က တရုတ်နိုင်ငံသို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ နှစ် (၇၀) ပြည့် အခမ်းအနားသို့ သမ္မတဟောင်း ဦးသိန်းစိန် သွားရောက်ခဲ့ပြီးနောက် နိုင်ငံရေးလေ့လာသူများက ကြားကာလ အစိုးရဖွဲ့စည်းမှုပုံစံ ပြောင်းလဲလာနိုင်ကြောင်း ပြောဆိုသုံးသပ်ထားသည်။
အလားတူ စစ်အာဏာသိမ်း ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းလည်း တရုတ်နိုင်ငံသို့ ထပ်မံသွားရောက်ခဲ့သေးသည်။
သို့သော် ယနေ့တွင် ယာယီသမ္မတတာဝန်ကို လွှဲယူထားသည့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် အရေးပေါ်သက်တမ်း နောက်ထပ် (၆) လ တိုးမြှင့်ကြောင်း ကြေညာခဲ့ရာ ၎င်းတို့၏ စစ်ကောင်စီ အဖွဲ့ဝင်နှင့် ပြည်ထောင်စုအဆင့် ရာထူးတာဝန် အပြောင်းအလဲများ ထပ်မံပြုလုပ်လာမည်ဖြစ်ရာ မျက်ခြည်မပြတ် ထပ်မံစောင့်ကြည့်ရမယ်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ပြောသည်။