Saturday, September 14, 2024

ဗုံး၊ကျည်သံကြား ရက်သားကလေးနဲ့ မိခင် လမ်းခရီးကြမ်း

Must read

“တဒုန်းဒုန်း တဒိုင်းဒိုင်း” ပစ်ခတ်သံတွေကို ဂရုမစိုက်နိုင်လောက်အောင် ကြောက်စိတ်တွေ၊ စိုးရိမ်မှုတွေက အသက်ကိုပါ မမှုဘဲ မလှိုင်လှိုင်မျိုး တစ်ယောက် ကလေးကို ရအောင် မွေးဖွားနေပါတယ်။

နောက်ဆုံးတော့ ကျယ်လောင်နေတဲ့ လက်နက်ကြီးသံနဲ့အတူ ကလေးကို ကောင်းမွန်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။

မလှိုင်လှိုင်မျိုးဟာ အသက် ၃၅နှစ်အရွယ်ရှိပြီး၊ ဇူလိုင်လ ၁၅ ရက် ည ၉ နာရီခွဲအချိန် လားရှိုးမြို့မှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် (MNDAA) တို့ စစ်ရေးပဋိပက္ခ လက်နက်ကြီးသံတွေကြား တတိယသမီးလေးကို အောင်မြင်စွာ ဖွားမြင်နိုင်ခဲ့ပါတယ်။

“သေနတ်သံတွေ လက်နက်ကြီးသံတွေက ဆေးရုံနဲ့နီးတော့ အသံက ပိုပြီးကျယ်သေးတယ်။ အဲ့ချိန်တုန်းက ကြောက်တာ စိုးရိမ်တာတော့ မရှိတော့ဘူး၊ ကောင်းကောင်းမွန်မွန် မွေးထွက်လာဖို့ပဲ ရှိတော့တယ်”လို့ မလှိုင်လှိုင်မျိုး က စစ်ပွဲကြား ကလေးမွေးဖွားလာတဲ့ အတွေ့အကြုံကို ပြောပြလာပါတယ်။

သူ ကလေးမွေးဖွားပြီး နှစ်ရက်အကြာမှာတော့ တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်လာပြီး၊ လားရှိုးမြို့ နေရာအနှံ့မှာ လက်နက်ကြီးကျ မီးလောင်မှုတွေ ရှိလာပြီး လုံခြုံမှုမရှိတော့တာကြောင့် ဆေးရုံကနေ ဆင်းခဲ့ရပါတယ်။

မလှိုင်လှိုင်မျိုး တို့ မိသားစုဟာ မန္တလေးမြို့ ဇာတိဖြစ်ပြီး၊ ဝမ်းရေးအတွက် လားရှိုးမြို့သို့ လာရောက် အလုပ်လုပ်ကိုင်တဲ့သူတွေ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကလေးမီးဖွားပြီး နှစ်ရက်အကြာ စစ်ရေးတွေကလည်း တစ်နေ့ထက် တစ်နေ့ ပိုပြီးကျယ်ပြန့်လာသလို လေကြောင်ဗုံးကြဲမှုတွေနဲ့ အရပ်သား ထိခိုက်သေဆုံးမှု ထင်တာထက် ပိုပြီး များလာတဲ့အတွက် ဇာတိမြေကို ပြန်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။။

မလှိုင်လှိုင်မျိုးကတော့ မွေးကင်းစ ရက်သား သမီးလေးကို ရင်ခွင်မှာ ပိုက်ပြီး၊ အမျိုးသားဖြစ်သူကတော့ ဆိုင်ကယ်မောင်းကာ ဇာတိမြေကို ဆိုင်ကယ်တစ်စီးနဲ့ အတူ ခရီးနှင်လာခဲ့ပါပြီ။

“ကျမ ကလေးကို ရိုးရိုးမွေးတာ။ ၂ ရက်လောက် အနားယူပြီး တောလမ်းကနေပဲ စစ်ရှောင်တာ၊ရွှံနွံတွေနဲ့ပေါ့။ လမ်းခရီးကတော့ တော်တော်ဒုက္ခရောက်တယ်။ ကျည်ထိပြီးသေမယ့်တူတူ အသက်စွန့်ပြီး ထွက်လာတာပေါ့” လို့ မလှိုင်လှိုင်မျိုးက ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲကို ရင်ဖွင့်လာပါတယ်။

မိုးရွာတစ်လှည့် နေပူတစ်လှည့်နဲ့ နေဒဏ်မိုးဒဏ်ကြောင့် ရက်ပိုင်းသာ ရှိသေးတဲ့ မွေးကင်းစ ကလေးငယ်ရဲ့ ကျန်းမာရေးကို စိုးရိမ်ခဲ့ရပေမယ့် သေနတ်သံ၊ ကျည်သံတွေကြောင့် သွေးနုသားနု မလှိုင်လှိုင်မျိုး တစ်ယောက် ပိုကြောက်နေပြီး၊ အရပ်လေးမျက်နှာ ရမ်းသမ်းပစ်ခတ်နေတဲ့ လက်နက်ကြီးဒဏ်ကို ကြောက်ရွံ့နေတဲ့အတွက် စွန့်ခွာလာရခြင်း ဖြစ်ကြောင်းလည်း ရင်ဖွင့်ပြောဆိုလာပါတယ်။

ကလေးမီးဖွားပြီးခါစ နို့တိုက်မိခင်တွေဟာ ကလေးမွေးဖွားပြီး နှစ်ပတ်တာ သုံးပတ်တာ လုံလုံလောက်လောက် အနားယူသင့်ပြီး အဟာရပြည့်ဝတဲ့ အစားအစာတွေ စားသုံးသင့်ကြောင်း သားဖွားမီးယပ် ဆရာဝန်တစ်ဦးက မှတ်ချက်ပြုပါတယ်။

“မီးဖွားပြီးခါစ ကလေးမိခင်တွေဟာ သွေးသားအသစ်၊ အရမ်းနုနယ်သေးတယ်။ ထိလွယ်ရှလွယ်တဲ့ အချိန်ပေါ့။ နှစ်ပတ်တာ သုံးပတ်တာက ဘာမှမလုပ်ဘဲ အနားယူရတာ။ ကလေးရော မိခင်ရော သွေးသားနုချိန်က အရမ်းကို ဂရုစိုက်ရတဲ့ အချိန်ပါ”ဟု ၎င်းဆရာဝန်က ဆိုပါတယ်။

အရင် “၁၀၂၇ စစ်ဆင်ရေး” မစခင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက် မတိုင်ခင် တိုက်ပွဲတွေ မဖြစ်ပွားသေးခင်မှာတော့ လားရှိုးနဲ့ မန္တလေးမြို့ကို ငါးနာရီ နီးပါးခန့်သာ လမ်းခရီး ကားစီးရပါတယ်။ လက်ရှိမှာတော့ လားရှိုးနဲ့ မန္တလေးကို ၁၀ ရက်တိတိ ဆိုင်ကယ်နဲ့ ခရီးနှင်ခဲ့ရကြောင်း မလှိုင်လှိုင်မျိုးက စိတ်ပျက်စွာနဲ့ ပြောလာပါတယ်။

“မန္တလေးရောက်ဖို့ အထိတော့ ၁၀ ရက်လောက် သွားရတယ်။ ကျမတော့ ကိုယ်လက် မလှုပ်နိုင်တာတော့ဖြစ်တာပေါ့။ ခန္ဓာကိုယ် ကိုက်ခဲတာ ၊ ခေါင်းမူးပြီး မသွားနိုင်တော့တာတွေ ဖြစ်ပါတယ်။ ကျေးသီးမှာ ၂ ညလောက် နားခဲ့သေးတယ် ။ ကလေးလည်း ဒုက္ခရောက်တာပေါ့”လို့ သူက တုန်ရီတဲ့လေသံနဲ့ ကြုံတွေ့လာတာကို ပြောပြပါတယ်။

မန္တလေးမြို့သို့ ဆိုင်ကယ်နဲ့ ခရီးနှင်ခဲ့ရာ လမ်းတလျှောက် ရက်သားကလေးရဲ့ ငိုသံတွေဟာ မလှိုင်လှိုင်မျိုးအတွက် တစ်ဘက်မှာ စိတ်ခွန်အားဖြစ်သလို တစ်ဘက်မှာလည်း စိုးရိမ်မှုနဲ့ သောကကို ဖြစ်စေခဲ့ပါတယ်။

မလှိုင်လှိုင်မျိုးနဲ့ သူ့အမျိုးသားဟာ ကိုဗစ်-၁၉ ရဲ့ ရိုက်ခတ်မှုနဲ့ စစ်အာဏာသိမ်းမှုတွေကြောင့် အလုပ်လက်မဲ့ ဘဝကနေ ရုန်းထွက်ဖို့အတွက် လားရှိုးမြို့ကို ရောက်လာပြီး ပန်းရံလုပ်သားအဖြစ် လာလုပ်ကိုင်ကြပါတယ်။

နိုင်ငံရေးရဲ့ လှည့်ကွက်တွေ စစ်ရေးပဋိပက္ခတွေကြောင့် ငွေကြေးကို ထင်သလို မစုဆောင်းနိုင်ခဲ့ပဲ လားရှိုးမြို့ပေါ်မှာ မငတ်ရုံတမယ် နေ့စားအလုပ် လုပ်ရင်း ဖြေရှင်းခဲ့ကြသူတွေ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဇာတိမြေကို ပြန်တဲ့အခါမှာ ရက်သား ကလေးအတွက် ကားငှားပြီး ပြန်တာ၊ ကိုယ်ပိုင်ကားနဲ့ နေရပ်ကိုပြန်ချင်ပေမယ့် တောင်ကြီးမြို့ထိ တစ်ဦးလျှင် ကားခ မြန်မာကျပ်ငွေ ဆယ်သိန်း (၁၀သိန်း) အထက် ရှိပါတယ်။

သူတို့လင်မယားဟာ ကားခ မတက်နိုင်တဲ့အတွက် ခြစ်ကုတ်ပြီး စုဆောင်းဝယ်ယူထားတဲ့ ဆိုင်ကယ်နဲ့ မိသားစုလိုက် ကလေးကို စိတ်မကောင်းစွာနဲ့ ပြန်ခေါ်လာခဲ့ရပါတယ်။

“မန္တလေးထိ ဆိုင်ကယ်နဲ့ပဲ။ ကားနဲ့ပြန်ရင် စျေးအရမ်းကြီးတယ်။ ကျမတို့ ပိုက်ဆံအများကြီး မရှိဘူး။ ဆိုင်ကယ်နဲ့ဆိုရင် ၃ သိန်း၊ ၄ သိန်းလောက်နဲ့လည်း ခရီးရောက်တယ်။ သမီးအတွက်တော့ စိတ်မကောင်းဘူး။ စိတ်လည်း ပူတာပေါ့”လို့ သူက တိုးတိတ်စွာနဲ့ ပြောပြလာပါတယ်။

လားရှိုးမြို့တွင်း တိုက်ပွဲဟာ တစ်နေ့ထက်တစ်နေ့ ပိုပြင်းထန်လာသလို စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ဗုံးကြဲမှုတွေ၊ လက်နက်ကြီးတွေနဲ့ ဦးတည်ရာမဲ့ ဗရမ်းဗတာ ပစ်ခတ်မှုတွေကြောင့် သျှမ်းသံတော်ဆင့်ရဲ့ စာရင်းပြုစုချက်အရ အရပ်သား သေဆုံးသူဦးရေ ၃၀ ကျော်အထိ မြင့်တက်လာပြီး၊ ထိခိုက်ဒဏ်ရာ ရရှိသူတွေတော့ ရာနဲ့ချီ ရှိနေပါတယ်။

နေ့စဉ်နဲ့အမျှ သေဆုံးသူဦးရေ၊ ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်တွေဟာ မြင့်တက်လာတဲ့အတွက် လားရှိုးဒေသခံ အသက်အရွယ်စုံ၊ လူမျိုးဘာသာစုံ၊ ကိုယ်ဝန်သည်တွေကအစ ဘေးလွတ်ရာသို့ အသက်လုပြီး ထွက်ပြေးတိမ်းရှောင်နေ ကြရပါတယ်။

“ကျမတို့ ပြေးလာတုန်းက ဒုက္ခကတော့ ပေါင်းစုံပဲ၊ အဓိက အမျိုးသမီးနဲ့ ကလေးငယ်တွေ၊ ကိုယ်ဝန်သည်တွေပေါ့။ စစ်ပြေးတော့ တောလမ်းတွေ ခရီးကြမ်းတွေပြေးရ၊ သေနတ်သံ လက်နက်ကြီးသံ လေကြောင်းဗုံးကြဲသံကြား ပြေးရတော့ ငါဘယ်ချိန်သေမှာလဲပေါ့”လို့ လားရှိုးမှ တောင်ကြီးမြို့သို့ စစ်ဘေးရှောင်လာတဲ့ နန်းအေးခမ်း က ပြောပြပါတယ်။

နန်းအေးခမ်းကလည်း အသက် ၇ နှစ် အရွယ် သားတစ်ယောက်နဲ့ အသက် ၄နှစ်အရွယ် သမီးတစ်ဦးတို့ကို လက်တွဲပြီး မိသားစုလိုက် ကားငှားလို့ ထွက်ပြေးလာတဲ့သူတွေ ဖြစ်ပါတယ်။

သေနတ်သံ၊ ဗုံးသံကြား ထိတ်လန့်စွာ ထွက်ပြေးလာရပြီး ထွက်ပြေးလာချိန် မိသားစုဝင်တစ်ဦးဦး ကို ကျည်ထိမှန်မှာ စိုးရိမ်ကြောက်လန့်ခဲ့ကြောင်း၊ လမ်းခရီးကြား ခက်ခဲကြမ်းတမ်းခဲ့ပေမယ့် စစ်ပွဲ မဖြစ်တဲ့နယ်မြေ ရောက်တော့မယ်ဆိုတဲ့ အတွေးနဲ့ အရဲစွန့် စိတ်ဖြေဖျောက်ပြီး လာခဲ့ရကြောင်း နန်းအေးခမ်းက တိုက်ပွဲကြား ဖြတ်သန်းခဲ့ရတဲ့ အခြေအနေကို ပြောလာပါတယ်။

“အစကတော့ ကျမတို့ မပြေးသေးဘူး။ ကိုယ့်ရှေ့ မှာ ကျည်ထိမှန်ပြီး သေတာတွေ နောက် လေယာဉ်နဲ့ ဗုံးကြဲတာတွေ ဖြစ်လာတယ်။ ဒီတိုင်းဆက်နေရင် ငါတို့ သေလိမ့်မယ်ဆိုပြီး ထွက်ပြေးတာပေါ့။ ရှေ့ဆက် ဘာဖြစ်ဦးမယ် မသိဘူး၊ အသက်ရှင်နေသရွေ့တော့ လုပ်စားလို့ ရသေးတယ်လေ”လို့ သူက ဝမ်းနည်းတဲ့လေသံနဲ့ ဆိုလာပါတယ်။

ဒီ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းဟာ ဘက်ပေါင်းစုံက ပေးဆပ်မှု ကြီးမားပေမယ့် တော်လှန်ရေးအင်အားစုတွေ ဖြစ်ကြတဲ့ တအာင်း(ပလောင်၀ အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ကလည်း နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်နဲ့ လားရှိုးမြို့တွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

“၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းမှာတော့ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ခဲ့တဲ့ ဒေသတွေဟာ စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် အပျက်အစီးများခဲ့ပြီး ငွေကြေး တတ်နိုင်တဲ့ ဒေသခံပြည်သူ ထောင်နဲ့ချီကတော့ သျှမ်းပြည်တောင်ပိုင်းနဲ့ မန္တလေးဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

ငွေကြေး မတတ်နိုင်သူတွေကတော့ တိုက်ပွဲကြားမှာ အသက်ကို ဖက်နဲ့ထုပ်ကာ ဆုတောင်းပြီး ဆက်လက်နေထိုင်နေရဆဲပါ။

“ကျမတို့က ကလေးအတွက်ကို ကြည့်ပြီး ပြေးလာတာ။ ကျမရဲ့ ကလေးမွေးဖွားထားတဲ့ ဒဏ်ကလည်း နာကျင်ပေမယ့် ကလေးအသက် ရှင်သန်ဖို့အရေးပဲ တွေးခဲ့တာ”လို့ မလှိုင်လှိုင်မျိုးက ပြောပါတယ်။

စစ်ပွဲပဋိပက္ခအကြား စိတ်ဒေါသတွေ ဝမ်းနည်းပူဆွေးမှုတွေ အစစအရာရာ နာကျင်မှုတွေ များပေမယ့် အသက်ရှင်သန်ဖို့ဟာ အရေးကြီးတဲ့အရာ ဖြစ်ကြောင်း၊ စစ်ပွဲမှာ ပါဝင်ပတ်သက်နေတဲ့ လက်နက်ကိုင်တွေဟာ ပြည်သူတွေကို ထိခိုက်နစ်နာမှု နည်းအောင် ပြုလုပ်သင့်ကြောင်း သူက ဆိုပါတယ်။

“နာကျင်မှုတွေ မအောက်မေ့သလို စိတ်ဆိုး၊ ဝမ်းနည်းမှုတွေ ရှိတယ်။ ကလေးရဲ့ ရှေ့ရေးနဲ့ ကျန်းမာရေး ကောင်းအောင်ဆိုပြီး အားတင်းကာ ဇာတိမြေကို အရောက်ပြန်နိုင်ခဲ့ပေမယ့် ကျမလို မိခင်တွေအားလုံးလည်း ပြည်သူတွေအားလုံး စစ်ပွဲကနေ လွတ်မြောက်နိုင်ဖို့ပဲ”လို့ မလှိုင်လှိုင်မျိုးက ဆုတောင်းလျက်ပါ။

Leave a Comments

- Advertisement -spot_img

Latest article