Tuesday, January 27, 2026

“လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ မြို့ထဲမှာ တိုက်ပွဲပဲဖြစ်ဖြစ်၊ စစ်ဘေးရှောင်တဲ့နေရာ ဘုန်းကြီးကျောင်း Camp တွေကိုရှောင်ပေးပါ”

သျှမ်းပြည် ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းများကို “၁၀၂၇ စစ်ဆင်ရေး” နောက်ဆက်တွဲ ပြန်လည်ဖြစ်ပွားခဲ့သည့် ဇွန်လ ၂၅ ရက်မှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့သည်။

ထို့နောက် မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများကို TNLA တပ်ဖွဲ့က ထိန်းချုပ်နိုင်ပြီးနောက် တိုက်ပွဲတစ်လနီးပါး ဇူလိုင်(၂၀)ရက်အထိ သျှမ်းသံတော်ဆင့် ကောက်ယူထားသည့်စာရင်းအရ အရပ်သားသေဆုံးမှု (၈၀) ဦးထက်မနည်း ရှိလာပြီး မြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာတွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၁၅,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါး အကူအညီများ အရေးပေါ် လိုအပ်လျက်ရှိသည်။

ထို့ကြောင့် စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနေသည့် လူမှုကူညီရေးအသင်းများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲ စိန်ခေါ်မှုများနှင့် ပတ်သက်ပြီး ကျောက်မဲမြို့ရှိ လူမှုကူညီရေးအသင်းတွင် ပါဝင်ကူညီနေသူတစ်ဦးကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ ကျောက်မဲမြို့မှာ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေကို ပြောပြပေးပါဦး။

ဖြေ ။ ။ သူတို့ အပစ်ရပ်ကြေညာပြီး မြေပြင်မှာ အပစ်အခတ် မရှိဘူး ဆိုပေမယ့်လည်း ဒီရက်ပိုင်းမှာ အပေါ်ကနေ လေယာဉ်ကော အောက်ခြေမှာ တိုက်ပွဲတွေကော ဆက်တိုက်ဖြစ်နေတယ်။ မြေပြင်မှာလည်း တိုက်ပွဲအပြင်းအထန် ဖြစ်နေတဲ့ အချိန်မှာ ပြည်သူတွေက ဘယ်ကို ပြေးလို့ ပြေးရမှန်း မသိဘူး။

စစ်ဘေးရှောင်တဲ့နေရာမှာ ဘယ်နေရာ သွားရလို့ သွားရမှန်း မသိဘူး။ ရှောင်သွားတဲ့နေရာတိုင်း တိုက်ပွဲဖြစ်နေတော့ ပြည်သူတွေလည်း ဒုက္ခရောက်တယ်။ တတ်နိုင်တဲ့လူတွေလည်း တောင်ကြီး၊ မန္တလေး အဲ့လိုသွားကြတာပေါ့။ ကျောက်မဲမြို့မှာရှိတဲ့ ပြည်သူလူထုတွေ အားလုံးကလည်း အလုပ်အကိုင် မဖြစ်ဘူး။ အလုပ်မဖြစ်တော့ လူမှုကူညီရေးအသင်းတွေကို အားထားရတာပေါ့။

ကျနော်တို့လည်း တတ်နိုင်သလောက် ဆန်တစ်ပြည်၊ ဆီတစ်ဗူး၊ ကြက်ဥတစ်ဆွဲ (၁၀) လုံးပေါ့ အခုလောလောဆယ် အဲ့တာထောက်ပံ့နေတယ်။ ထောက်ပံ့လာတာ တစ်ပတ်နီးပါး ရှိတော့မယ်။ ဒါပေမယ့် ပစ္စည်းတွေက တကယ့်ဒုက္ခရောက်တဲ့နေရာ မရောက်မှာစိုးတာကြောင့် ကားနဲ့ပတ်ပြီးတော့ တကယ့်ဒုက္ခရောက်နေတဲ့ အဖိုးအဖွားတွေဆီပဲ လှူပေးနေပါတယ်။

မေး ။ ။ တိုက်ပွဲကြားမှာ စစ်ဘေးရှောင်တွေ ထွက်ပြေးနေရတဲ့ အခြေအနေရှိတယ်၊ မြို့ထဲမှာ ကျန်နေသေးတဲ့ ပြည်သူတွေကော ဘယ်လောက်ကျန်သေးလဲ။

ဖြေ ။ ။ အခုက တိုက်ပွဲက မြို့ပေါ်နဲ့ ရွာပိုင်းမှာ ပြန်ဖြစ်နေတော့ ရွာဘက် စစ်ဘေးရှောင်သွားတဲ့လူတွေ မြို့ထဲပြန်ဝင်လာကြပြီ။ ရှောင်ပြီးတော့ အိမ်ပြန်ရောက်တဲ့အချိန် စားစရာ မရှိဘူးပေါ့နော်။ နေစရာတော့ ရှိသေးပေမယ့် စားစရာ မရှိတဲ့အတွက်ကြောင့်မလို့ ဒီအပိုင်းမှာ ဆန်တွေ လှူပေးတယ်၊ တတ်နိုင်တဲ့အပိုင်းတွေ လုပ်ပေးတယ်။

နောက်ပြီးတော့ အခုက တစ်လနီးပါး ရှိပြီ၊ ဇွန်လ ၂၅ ရက်ကတည်းကဆိုတော့ အလုပ်အကိုင် မဖြစ်ဘူး ဒါကြောင့်မလို့ လက်လုပ်လက်စားတွေက စားဝတ်နေရေး အရမ်းခက်ခဲနေတယ်။ လုံးဝ အဆင်မပြေတဲ့ အတိုင်းအတာတစ်ခုအထိ ရောက်နေတယ်။ နောက်ဆုံး ငိုယိုပြီးမှ ကျနော်တို့ကတော့ ဆန်မရှိတော့ဘူး၊ စားစရာ လုံးဝမရှိတော့ဘူး ဆိုတဲ့အပိုင်းရောက်သွားတော့ ကျနော်တို့ကနေပြီးမှ အတတ်နိုင်ဆုံးတော့ ကူညီထောက်ပံ့ပေးနေပါတယ်။

မေး ။ ။ အရင်က မြို့ထဲမှာ တိုက်ပွဲဖြစ်လို့ ရွာဘက်ကို ရှောင်သွားကြတယ်။ အဲ့တုန်းက ဘယ်နေရာတွေကို ရှောင်သွားကြတာ များလဲ၊ လက်ရှိကော ကျောက်မဲမြို့ ပတ်ဝန်းကျင်မှာ စစ်ဘေးရှောင်အရေအတွက် ဘယ်လောက်ရှိဦးမလဲ။

ဖြေ ။ ။ ပထမတစ်ခေါက် ဘုန်းကြီးကျောင်း (၂၇) ကျောင်းမှာ ကျနော်တို့ သွားကူတော့ ၁၂,၀၀၀ ကျော် စာရင်းရှိတယ်။ ဒါ ဘုန်းကြီးကျောင်း Camp ထဲမှာပဲရှိတဲ့ စစ်ဘေးရှောင်စာရင်း ဖြစ်တယ်၊ ရွာထဲမှာ အမျိုးအိမ်မှာနေတဲ့လူတွေ မပါသေးဘူး။ အခု ဆက်ပြီးကူရမှာက မြို့ထဲမှာ ရှိတဲ့ လူဦးရေက ဘယ်လောက်လဲဆိုတာ ခန့်မှန်းလို့ မရသေးဘူး။

တိုက်ပွဲက တစ်နေရာထဲ ဖြစ်နေတာ မဟုတ်ဘူး၊ မြို့အနှံ့ ဖြစ်နေတော့ ဒီနေရာ အသံကြားရင် ကြောက်တဲ့လူက ရွာကိုပြေးလိုက် ပြီးရင် မြို့ထဲ ပြန်ဝင်လာလိုက်ဆိုတော့ လူဦးရေစာရင်းက ကောက်ဖို့ တော်တော်ခဲယဉ်းသွားမယ်။

မေး ။ ။ လက်ရှိမှာ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ပေးဖို့ အကူအညီနဲ့ အလှူငွေတွေ လက်ခံရရှိမှု အခြေအနေက ဘယ်လိုရှိလဲ၊ ဒီအပေါ်မှာ ဘယ်လိုစီမံခန့်ခွဲနေလဲ။

ဖြေ ။ ။ ဇွန်လ ၂၅ ရက်နေ့ကနေ လကုန် ၁/၂ ရက်နေ့အထိတော့ ဝင်ငွေကတော့ တော်တော်များပါတယ်၊ သိန်း ၂၀၀ လောက် ဝင်လာတယ်။ဒီနောက်ပိုင်းမှာ တိုက်ပွဲက နေရာတကာ အကုန်ဖြစ်နေတော့ လာလှူတဲ့လူကလည်း ၂ ခါ ၃ ခါ မလှူနိုင်တဲ့အတွက်ကြောင့်မလို့ အသင်းမှာ ရှိတဲ့ ငွေလေးနဲ့ လှုပ်ရှားနေတာပေါ့။

အခုလောလောဆယ် အသင်းငွေ သိန်း ၂၀၀ လောက်လည်း ထပ်သုံးမိသွားတယ်၊ လက်ထဲမှာ ကျန်တာတော့ သိန်း ၂၀ လောက်ပဲ ကျန်တယ်။ အဲ့တာကုန်ရင်တော့ ခနနားမယ်လို့ စဉ်းစားထားပါတယ်။

မေး ။ ။ လတ်တလောမှာ စစ်ဘေးရှောင် အများစုက ဘယ်လိုအရွယ်တွေ များလဲ၊ စစ်ဘေးရှောင်တွေ ကြုံနေရတဲ့ အခက်အခဲက ဘာဖြစ်မလဲ။

ဖြေ ။ ။ စစ်ဘေးရှောင်တွေ ကြုံနေရတဲ့ အခက်အခဲက စိုးရိမ်ကြောင့်ကြမှုဖြစ်မယ်၊ နောက်ပြီး နေရာအတည်တကျ မရှိဘူး စားဝတ်နေရေး တအားခက်ခဲတယ်။ နောက်ပြီးတော့ သွားလာဖို့ ခက်ခဲတဲ့ သက်ကြီးရွယ်အိုတွေက လုံးဝ ရွှေ့ပြောင်းလို့မရဘူး။ ရွှေ့ပြောင်းလို့ရတဲ့ အတိုင်းအတာ တစ်ခုဆိုရင်လည်း ၂ နေရာ ၃ နေရာလောက် ရွှေ့ပြီဆိုရင် သူ့ရဲ့ခံနိုင်ရည်က မရှိတော့ဘူး၊ အဲ့တာကြောင့် ဆုံးပါးသွားတဲ့အရွယ်တွေ ရှိတယ်။

ခက်ခဲမှုကတော့ တော်တော်များပါတယ်။ ဒီမှာက စိုက်ပျိုးရေးကို အဓိက ထားတယ်၊ လက်လုပ်လက်စားတွေ များတယ်ဆိုတော့ ပြည်သူလူထုအတွက် အများကြီး အခက်အခဲဖြစ်သွားပြီ။ နောက်တစ်ခု ကျောက်မဲမြို့က တကယ့်စီးပွားရေးဇုန် မဟုတ်ဘူး၊ အဓိက စိုက်ပျိုးရေးနဲ့ မွေးမြူရေးပဲ ထွက်တယ်။

ဥပမာ – ကြက်မွေးမြူရေးဆိုရင် ကြက်ဥပေါ့ အစာတွေလည်း မရောက်တော့ အလုပ်မဖြစ်တော့ဘူး အလုပ်သမားတွေလည်း တော်တော်ခက်ခဲတယ်။ ထွက်ကုန်သွင်းကုန်လည်း မရှိဘူး၊ အဲ့တာကြောင့် စိုက်ပျိုးရေးကဏ္ဍမှာလည်း လုပ်ကိုင်စားသောက်ဖို့က ခက်ခဲတယ်။ ဘက်ပေါင်းစုံ ခက်ခဲတော့ ဝင်ငွေမရှိတော့ နီးစပ်ရာ ဆွေမျိုးဖြစ်ဖြစ်၊ အဖွဲ့အစည်းဖြစ်ဖြစ် အကူအညီ တောင်းပြီးတော့ လုပ်ဆောင်နေရတာ။

မေး ။ ။ စစ်ဘေး‌ရှောင် အများစုက အမျိုးသမီးနဲ့ ကလေးတွေ တွေ့ရတာများတယ်။ အခုက မိုးရာသီလည်းဖြစ်တော့ ကျန်းမာရေး စောင့်ရှောက်မှုတွေကော ဘယ်လိုအခြေအနေ ရှိလဲ။

ဖြေ ။ ။ အခု တိုက်ပွဲဖြစ်တဲ့အချိန်မှာ ဆရာဝန်/ ဆရာမနဲ့ ကျန်းမာရေး ဝန်ထမ်းက အစ အကုန်လုံးက နီးစပ်ရာ ဆွေမျိုးအိမ်သွားတယ်၊ ဆေးကုသမှုကတော့ လုံးဝ နတ္ထိ မရှိသလောက် ဖြစ်သွားတယ်။ အက်စီးဒင့် တစ်ခုခု ဖြစ်လာရင်လည်း သူ့ရဲ့ နီးစပ်ရာပေါ့၊ လက်လှမ်းမှီရာဆေး ဥပမာ – တိုင်းရင်းဆေးလားပေါ့။

ဝမ်းပျက်ဝမ်းလျော ရောဂါဆိုလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ကုကြတာပေါ့။ အက်စီးဒင့် အကြီးစား ဆိုရင်တော့ တောင်ကြီး၊ မန္တလေး၊ နမ့်လန် အဲ့လိုမျိုး ပို့တယ်။ ဒါကတော့ ငွေကြေးတတ်နိုင်တဲ့ အပိုင်းဖြစ်သွားတယ်ပေါ့၊ တစ်ခါပို့ရင် ကားခကလည်း ၁၂ သိန်းလောက် ကျတယ်။

မေး ။ ။ မြို့ထဲမှာ လက်နက်ကြီး ကျတာတွေကော၊ လေကြောင်းကနေ ဗုံးကြဲတာတွေကော ခံရတော့ အရပ်သား ထိခိုက်သေဆုံးမှုက ဘယ်လိုရှိလဲ။

ဖြေ ။ ။ ဒီလ ၅ ရက်နေ့အထိက စာရင်းအရ (၅၉) ယောက် ရှိသွားတယ်။ နောက်ပိုင်းက ကျနော်တို့ ကူညီမှု အပိုင်းမှာ သွားတော့ ထိခိုက်ဒဏ်ရာရတဲ့အပိုင်းကို သိပ်မသွားနိုင်တော့ဘူး။ ဒါပေမယ့် အရပ်သားသေတာက တစ်ရက်ခြား နှစ်ရက်ခြားကတော့ အမြဲတမ်း သေနေတာပဲ။
အဲ့တာကြောင့် သေဆုံးမှု ထိခိုက်မှုကတော့ စာရင်းသေချာ မကောက်နိုင်သေးဘူး၊ အခုချိန်ထိ အဆင်မပြေတဲ့ လူတွေပဲ သွားကူနေတော့လေ။

အကယ်၍ သေပြီဆိုရင်တော့ ချက်ချင်း လုပ်ပေးပါတယ်။ ထိခိုက်ရှနာဆိုရင် ကားပေါ်မှာ တင်ထားရင်လည်း ဆရာဝန်တွေဆိုရင် သူတို့အိမ်မှာ မထားချင်ဘူး၊ ကားပေါ်ကနေ ပေးမချချင်ဘူး ကားပေါ်မှာပဲ ကုတယ်။ ကားပေါ်မှာထားရင် ကားကလည်း တောက်လျှောက်မောင်းနေရတော့ ကျနော်တို့အတွက်လည်း ခက်ခဲတယ်။

မေး ။ ။ နေအိမ်ထိခိုက်ပျက်စီးမှုတွေကော ဘယ်လိုရှိလဲ။ ဥပမာ – နေအိမ်ထဲမှာ လူထိခိုက်သေဆုံးနေတာ ချက်ချင်းမဆွဲထုတ်နိုင်တာမျိုးရှိလား။ နောက်ပိုင်း သွားရောက်ကယ်ထုတ်တဲ့အချိန်မှာ ဘယ်လိုတွေ့ကြုံရလဲ။

ဖြေ ။ ။ သေဆုံးမှု ဖြစ်ရင်တော့ ကျနော်တို့ အတတ်နိုင်ဆုံး သွားပြီးတော့ ကူညီပေးတယ်၊ ဘယ်လောက်ပဲ ခက်ခဲနေပါစေ ရွာထဲမှာဖြစ်တယ်၊ မြို့ထဲမှာဖြစ်တယ်၊ အိမ်ထဲမှာ ဖြစ်တယ်ဆိုရင် အကြောင်းကြားတာနဲ့ သွားရောက်သယ်ဆောင်ပေးတယ်။ သေဆုံးဒဏ်ရာရမှုတွေကိုတော့ အချိန်မလစ်ဟင်းရအောင် သွားရောက်ကူညီပေးပါတယ်။

အခု ဒီနောက်ပိုင်းက အစားအသောက်နဲ့ စားဝတ်နေရေးကြောင့်ပဲ ပြောမလား၊ ကျန်းမာရေးကြောင့်ပဲ ပြောရမလား သွေးတိုးဆီးချိုတွေ အရမ်းများတယ်။ ဥပမာ – လက်နက်ကြီးသံဆိုရင် အိမ်ဘေးနားမှာကျရင် ရောဂါအခံရှိတဲ့လူဆိုရင် မခံနိုင်ဘူး သွေးတက်တယ်။

သွေးတက်ရင် ဆေးမသောက်နိုင်တဲ့အခါ သတိလစ် မေ့မျောသွားတယ်။ ဆေးရုံဆေးခန်းတို့ ဆရာမတို့ဆီက ဆေးဝါးမရတဲ့အခါကျရင် ဆုံးသွားတာမျိုး ဖြစ်ပါတယ်၊ အနီးဆုံးကျတဲ့နေရာတွေမှာ လေးငါးယောက် ဆုံးတာရှိပါတယ်။ အဲ့တာမျိုးကျတော့ ထိခိုက်ထားတဲ့ ဒဏ်ရာမရှိဘဲနဲ့ သေသွားတာပေါ့။

မေး ။ ။ လက်ရှိ မြို့ပေါ်မှာ ကူညီပေးနေတဲ့ အဖွဲ့တွေက ဘယ်နှဖွဲ့လောက် ရှိနေလဲ၊ ပူးပေါင်းဆောင်ရွက်မှုတွေကော ဘယ်လိုရှိလဲ။ တိုက်ပွဲကြားမှာ ကူညီနေရတော့ ဘယ်လို စိန်ခေါ်မှုတွေ၊ ဘယ်လိုအခက်အခဲတွေ ရှိလဲ။

ဖြေ ။ ။ မြို့တွင်းမြို့ပြင် ထွက်လို့ရအောင်တော့ ကျနော်တို့က အောက်ကျို့ပြီးတော့ ရအောင် သွားပေးတယ်။ သွားလို့ရတဲ့ နေရာဆိုရင် ရအောင်သွားပေးတယ်။ အသင်းတွေကတော့ သူ့နည်းသူ့ဟန်နဲ့ ကူနေတာ ရှိတယ်။ အခုလောလောဆယ် (၃) သင်းလောက်တော့ ရှိပါတယ်။

ကျနော်တို့ကတော့ ပြည်သူအတွက်ဆိုပြီးတော့ အဖွဲ့ထောင်ထားတာဖြစ်တယ်။ အခုကူညီတဲ့ နေရာမှာလည်း ဗုံးသံကြား၊ သေနတ်သံကြား တောက်လျှောက်သွားနေပါတယ်။ ကူညီမှုအပိုင်းမှာလည်း မလစ်ဟင်းအောင် ပြည်သူတွေကို မေးတယ် ဘယ်နေရာခက်ခဲနေလဲ။ အခက်ခဲဆုံး နေရာကို ကျနော်တို့ အရင်သွားတယ်။

နောက်ပြီးတော့ သက်ကြီးရွယ်အိုတွေ အပြင်မထွက်နိုင်ဘူး အဲ့လိုဆိုရင် အတတ်နိုင်ဆုံး သွားပေးတယ်။ ပြည်သူတွေ တအားခက်ခဲတယ် လုံးဝကို စားစရာ မရှိတော့ဘူးဆိုရင် ကွင်းဆင်းပြီးတော့ ကိုယ်တိုင်ကိုယ်ကျ အဖွဲ့သားတွေ ချက်ချင်းသွားကူညီပေးတယ်။

မေး ။ ။ မမေးမိဘဲနဲ့ တခြားထပ်ပြီး ဖြည့်စွက်ပြောချင်တာ ဘာတွေရှိသေးလဲ။

ဖြေ ။ ။ တစ်ခုပြောကြည့်ချင်တာက အခုတိုက်ပွဲဖြစ်တယ်၊ ပြည်သူလူထုကြားမှာ စစ်ရှောင်ကြားမှာ ဗုံးဆံတို့၊ လေယာဉ်နဲ့ ကြဲတာတို့၊ တိုက်ခိုက်မှုတို့ မြေပြင်မှာ တိုက်ပွဲဖြစ်တာတို့၊ ဝေဟင်ကနေပဲဖြစ်ဖြစ် စစ်ရှောင်တဲ့နေရာ၊ ဘုန်းကြီးကျောင်း Camp တွေကို ရှောင်ပေးပါ၊ အဲ့တာပဲ ပြောချင်တာပါ။ အခုက အားလုံးတော့ ဒုက္ခပင်လယ် ဝေနေကြတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...