“အဓိက ကတော့ စစ်အာဏာရှင်ကို တော်လှန်ဖို့၊ အာဏာရှင်တွေရဲ့ လက်အောက်မှာ မနေချင်လို့” ဟု ပြောဆိုသူကတော့ အသက် ၂၀ ကျော် လူငယ် တစ်ဦး ဖြစ်သည်။
သူ့ခံယူချက်က ရှင်းလင်း ပြတ်သားသည်။ အာဏာရှင်စနစ်ကို မလိုလား။ အာဏာရှင်စနစ် မှန်သမျှ တိုက်မည်၊ ခိုက်မည်။
သူကတော့ သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသက အသက် ၂၀ ကျော် အရွယ် ကိုဝေယံဖြိုး ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်ကစပြီး စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေ အကောင်အထည် ဖော်လိုက်ရာ အရွယ်ရောက်ပြီး လူငယ်များ အတင်းအဓမ္မ စစ်မှုထမ်းရန် စုဆောင်းခြင်း ခံရသဖြင့် ပြည်ပ နိုင်ငံရပ်ခြားသို့ ထွက်ပြေးသူများ ရှိသကဲ့သို့ လက်နက်ကိုင် တော်လှန်ရေးထဲ ပါဝင်လာသူများလည်း ရှိလာသည်။
ထိုအခြေအနေတွင် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ရေး လက်နက်ကိုင် တော်လှန်ရေးလမ်း လျှောက်လှမ်းရန် ဆုံးဖြတ်ပြီး ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်- KNDF တပ်ဖွဲ့ထဲ ဝင်ရောက်လာသည့် လူငယ်များ အနက် ကိုဝေယံဖြိုး သည်လည်း အပါအဝင် ဖြစ်သည်။
“နိုင်ငံတစ်နိုင်ငံမှာ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်တယ် ဆိုတာမျိုးတော့ မဖြစ်သင့်ဘူးလေဗျာ။ ဒါကြောင့်မို့ ကျနော်တို့ လူငယ် တစ်ယောက် အနေနဲ့ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်တာမျိုးကို လုံးဝ လက်မခံနိုင်ဘူး။ ဒါကြောင့် အာဏာရှင် မှန်သမျှကို တော်လှန်ချင်တဲ့စိတ်နဲ့ ဒီသင်တန်းကို လာရောက်ပြီး တက်ခဲ့ရခြင်း ဖြစ်တယ်” ဟု အခြေခံ စစ်သင်တန်း တက်ရောက်နေသည့် ကိုဝေယံဖြိုး က ၎င်း၏ ခံယူချက်ကို ပြောပြသည်။
စစ်တပ်အာဏာ မသိမ်းခင်က သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် အထက်တန်းကျောင်းသား အဖြစ် ပညာသင်ယူခဲ့သည့် ကိုဝေယံဖြိုး သည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်ကစ၍ အထက်တန်း ကျောင်းသားဘဝကို အဆုံးသတ်ခဲ့ရသည်။
ကျောင်းထွက်ပြီးနောက် စစ်အာဏာသိမ်းမှုကြောင့် ပညာရေးနှင့် ပိုဝေးကွာသွားပြီး အပြင်လောက၌ လက်လုပ်လက်စား နေ့စားသမား အဖြစ် တစ်နယ်တစ်ကျေး သွားရောက် အလုပ်လုပ်ခဲ့ရသည်။

အာဏာသိမ်းပြီးနောက် စစ်တပ်က ပြည်သူများ အပေါ် မတရား နှိပ်စက် သတ်ဖြတ်မှုများ မကြာခဏတွေ့ရ၊ ကြားရသဖြင့် နာကျည်းလွန်း၍ လက်နက်ကိုင် တော်လှန်ချင်ခဲ့သော်လည်း ကျန်းမာရေးကြောင့် စိတ်ကူးသက်သက်သာ ဖြစ်ခဲ့သည်ဟု ကိုဝေယံဖြိုး က ရှင်းပြသည်။
“အရင်ကတော့ လက်နက်ကိုင်ဖို့ဆိုတာ စိတ်ပဲရှိခဲ့တာပါ။ အခုလို မဟုတ်ဘူး။ အဲ့တုန်းကလည်း ကျန်းမာရေးကြောင့် ပါမယ်။ ကျနော်က အဆုတ် သိပ်မကောင်းဘူး။ အခုစစ်မှုထမ်း ဥပဒေ ထွက်ပြီး နောက်ပိုင်း ကျနော်တို့ လက်နက်ကိုင်ဖို့ ပိုပြီး တွန်းအားပေးလိုက်တာပေါ့” ဟု ကိုဝေယံဖြိုး ကပြောသည်။
လက်ရှိ KNDF က အသစ် ဖွဲ့စည်းထားသည့် ဗျူဟာ အမှတ် (၇) အတွက် ဖွင့်လှစ်သော အပတ်စဉ် (၁) စစ်သင်တန်း တက်ရောက်ပြီး တော်လှန်ရေးတွင် ပါဝင်ရန် လေ့ကျင့်နေပြီဟု သူကဆိုသည်။
အဆိုပါ သင်တန်း အတွင်း ကိုယ်ခန္ဓာ ကျန်းမာရေး မနက်အစောထ ပြေးခြင်း၊ ကိုယ်လက် လေ့ကျင်ခန်းများ ပြုလုပ်ခြင်းအပြင် ခက်ခဲ၊ ကြမ်းတမ်း၊ ပြင်းထန်သည့် သင်ခန်းစာများလည်း ပါဝင်သည်ဟု သိရသည်။
သင်တန်းကာလ အတွင်း ထင်သည်ထက် ပို၍ ပင်ပန်းသော်ငြား အာဏာရှင်စနစ်ကို တော်လှန်လိုသည့် စိတ်ကြောင့် အလျှော့မပေးခဲ့ဟု ကိုဝေယံဖြိုး ကဆက်ပြောသည်။
“မနက်ဆို ၅ နာရီခွဲ ထတယ်။ ပြီးရင် မျက်နှာသစ် ဘာညာပေါ့ဗျာ။ ပြီးရင်တော့ တန်းစီတယ်၊ PT ပြေးတယ်။ ၂ နာရီခွဲလောက် ပြေးရတယ်။ ပြေးပြီးတော့ မနက်စာ စားပါတယ်။ ဟင်းကတော့ စားနိုင်ပါတယ်။ သင်တန်း မှာတော့ စည်းကမ်းကြီးသလို သင်တန်းသားတိုင်းက အမိန့်နာခံမှု ရှိကြတာပေါ့။ ကိုယ်ထင်တာထက်တော့ ပိုပင်ပန်းပါတယ်။ ဒါပေမဲ့ လုပ်မှရမယ်ဆိုတဲ့ စိတ်ကတော့ အလျှော့မပေးဘူး” ဟု သူကဆိုသည်။

ဗျူဟာအမှတ် (၇) က ထပ်မံ လက်ခံထားသည့် တပ်သားသစ် လူငယ် ၅၀၀ ကျော်ရှိပြီး တပ်ရင်း ၄ ရင်းဖြင့် ဖွဲ့စည်းထားရာ တပ်ရင်း ၂၅၊ ၂၆၊ ၂၇ နှင့် ၂၈ တို့ ဖြစ်သည်။
စစ်မှုမထမ်းမနေရ ဥပဒေ ပြဌာန်းပြီးနောက် စစ်ကောင်စီ လက်အောက် စစ်မှုမထမ်းလိုသဖြင် လက်နက်ကိုင် တော်လှန်ရေးထဲ ဝင်လာသည့် လူငယ် အများအပြားရှိသည်ဟု KNDF သတင်းနှင့် ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုး ကပြောသည်။
“စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ကရင်နီပြည်ထဲ ရောက်လာတဲ့ တော်လှန်ရေး လုပ်ချင်သူ လူငယ်တွေ အများကြီး ရောက်လာတာ ရှိပါတယ်။ လက်ခံထားတဲ့ အရေအတွက်ကိုတော့ ကျနော်တို့ ပြောပြလို့ မရပါဘူး” ဟု သူက ရှင်းပြသည်။
အခြားလူငယ်များ ကဲ့သို့ပင် အသက် ၂၀ ကျော် အရွယ် လူငယ်ဖြစ်သူ ကိုဇေယျာဝင်း လည်း စစ်မှုထမ်း ဥပဒေ ထုတ်ပြီးနောက် လက်နက်ကိုင် တော်လှန်ရေးထဲ ပါဝင်လာခဲ့သည်။
သူသည်လည်း သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၌ နေထိုင်ပြီး စစ်အာဏာရှင်စနစ်ကို တော်လှန်ရန် ကရင်နီ (ကယား) ပြည် လွတ်မြောက်နယ်မြေသို့ ရောက်လာခဲ့သူ ဖြစ်သည်။
“အိမ်က မိဘတွေက တားသေးတယ်။ သားမသွားပါနဲ့လား ဆိုပြီး ထပ်ခါတလည်းလည်း တားခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်ရအောင် ခိုးထွက်လာခဲ့တယ်။ အခက်ခဲများစွာနဲ့ ကျော်ဖြတ်လာခဲ့တာပေါ့” ဟု ကိုဇေယျာဝင်း က ရှင်းပြသည်။

မိဘ နှစ်ပါး တားမြစ်နေသည့်ကြားက ခိုးထွက်လာခဲ့ရသည်မှာ သူ့အတွက်တော့ မလွယ်လှ။
“သင်တန်းတက်ခဲ့ရတာ ပျော်လည်းပျော်တယ်။ ဝမ်းလည်းဝမ်းနည်းရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အိမ်မှာနဲ့ မတူဘူးလေ။ အခက်အခဲတွေ အားလုံးနဲ့ ရင်ဆိုင်ခဲ့ရတယ်။ သင်တန်းကို တစ်လတိတိ တက်ခဲ့ရတယ်။ အစားအသောက်လည်း အဆင်ပြေတစ်ခါ၊ မပြေတစ်ခါပေါ့လေ။ ချိုတစ်လှည့် ခါးတစ်လှည့်ပေါ့ဗျာ။ ဒါပေမဲ့ အရာ အားလုံးကို ရင်ဆိုင်ခဲ့ပါတယ်” ဟု ကိုဇေယျာဝင်း ကပြောသည်။
စစ်ရှုံးနေသည့် စစ်ကောင်စီသည် ပြုန်းတီး စစ်အင်အား ပြန်လည်ဖြည့်တင်းရန် အတွက် အတင်းအကျပ် စစ်မှုမထမ်း မနေရ ဥပဒေ ထုတ်ပြန်လိုက်သည်မှာ လူငယ်များကို လက်နက်ကိုင် တော်လှန်ရေးထဲ တွန်းပို့သလို ဖြစ်နေသည်ဟု ကိုဝေယံဖြိုး ၏ အဒေါ် ဖြစ်သူ ဒေါ်ယု ကပြောသည်။
“ဘာပဲဖြစ်ဖြစ် ဒီစစ်မှုထမ်း ဥပဒေက လူငယ်တွေရဲ့ ရွေးချယ်မှုနဲ့ ဆုံးဖြတ်ချက်ကို ခိုင်မာပြတ်သား စေခဲ့တယ်။ တော်လှန်ရေး အင်အားတွေ တိုးလာတယ်။ စစ်ကောင်စီ ဖြစ်စေချင်သလို ဖြစ်မလာဘဲ တော်လှန်းရေးဖက်က အားသာသွားတာကို တွေ့လိုက်ရတယ်” ဟု သူက ပြောသည်။
ထို့အပြင် လူငယ်များ၏ စိတ်တွင် တော်လှန်ချင်သည့် စိတ်ဓာတ် အခြေခံရှိနေသည်ဟု သူကဆိုသည်။
စစ်ကောင်စီ၏ စစ်မှုထမ်း ဥပဒေကြောင့် ကိုယ့်မိသားစု၊ ကိုယ့်ဆွေမျိုးထဲ မည်သူ စစ်မှုထမ်းရမလဲ၊ ဘယ်အချိန် လာခေါ်မလဲ ဆိုသည်ကို နေ့စဉ်နှင့်အမျှ စိုးရိမ်နေရသည်ဟု အင်းလေး ဒေသခံ အသက် ၄၀ ကျော် အမျိုးသမီး တစ်ဦးက ပြောသည်။
“ကျမတို့တော့ နေ့စဉ်နဲ့အမျှ စိုးရိမ်ပူပန် နေရတာပေါ့။ ကိုယ့်မိသားစု၊ ကိုယ့်ဆွေမျိုးထဲက ဘယ်သူတွေများ စစ်မှုထမ်းရမလဲ၊ ဘယ်အချိန်မှာများ လာခေါ်ခံရမလဲ ဆိုပြီး စိုးရိမ်နေရတာ။ ရပ်ကွက်လူကြီးနဲ့ စစ်ကောင်စီတွေ ကလည်း အတင်းအဓမ္မ ဖိအားပေး ခြိမ်းခြောက်တာကိုလည်း ကျမတို့တွေ လည်စင်း ခံနေရတယ်” ဟု အဆိုပါ အမျိုးသမီးက ပြောဆိုသည်။
စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများ အနေဖြင့် ပျက်ကွက်ပါက အရေးယူမည်ဟု ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ အစည်းအဝေး၌ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အောင်စန်း က ပြောဆိုထားသည်။

ထို့အပြင် အပတ်စဉ် တစ်ခု သင်တန်းသား ငါးထောင် တက်ရောက်ရန် စီစဉ်ထားသော်လည်း လျာထားချက် ပြည့်မီရေး ခက်ခဲနေသည်ဟု ၄င်းကဆိုသည်။
ထိုကဲ့သို့ လျာထားချက် ပြည့်မီရေး ခက်ခဲသည့် အတွက် ပြည်သူ့စစ်မှုထမ်း အပတ်စဥ် (၂) အတွက် တပ်သားသစ် စုဆောင်းရာတွင် အတင်းအဓမ္မ ဖမ်းဆီးခြင်း၊ နေအိမ်ပေါ်တက်ဆွဲခြင်းများ စစ်ကောင်စီက ပြုလုပ်ခဲ့သည်။
မည်သို့ပင် စစ်ကောင်စီက အတင်းအကျပ် ဖိအားပေး စစ်မှုထမ်းခိုင်းစေသည်ဖြစ်စေ ငြိမ်ခံမနေနိုင်သည့် လူငယ်များက တော်လှန်နေမည်သာ ဖြစ်သည်။
“ကျနော့် ဆန္ဒကတော့ အခုလို တော်လှန်ရေးမှာ ကိုယ်တတ်နိုင်သလောက် ကြိုးစားပြီး ကူမယ်။ ပြီးတော့ ဒီတော်လှန်ရေးကြီး ပြီးသွားတဲ့ တစ်နေ့ကျရင် ရွာပြန်မယ်” ဟု ကိုဝေယံဖြိုး က သူ၏ ဆန္ဒကို ပြောပြသည်။
အိမ်ကိုလွမ်းသည်ဖြစ်စေ၊ သူငယ်ချင်းများနှင့် ချစ်ရသူကို လွမ်းသည်ဖြစ်စေ တော်လှန်ရေးကြီး ပြီးမှ အိမ်ပြန်မည်ဟု သူက ဆက်ပြောသည်။
“အိမ်ကိုတော့ အမြဲလွမ်းပါတယ်။ ဒါပေမဲ့ ကျနော် အိမ်ကို မပြန်သေးပါဘူး။ တော်လှန်ရေးပြီးတဲ့ နေ့မှ ပြန်မှာပါ။ ဘယ်လောက်ပဲ အိမ်ကိုလွမ်းနေပါစေ”












Leave a Comments