သျှမ်းပြည် ရွာငံမြို့နယ်အခြေစိုက် ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ JPRF စခန်းကို စစ်ကောင်စီတပ်က စစ်သားနှင့်ပျူစောထီး အင်အားရာချီသုံးပြီး စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။
ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ JPRF စခန်းသို့ စစ်ကောင်စီတပ်က စစ်သားနှင့် ပျူစောထီး အင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသောကြောင့် ဇူလိုင် ၁၄ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
တိုက်ပွဲသည် လက်ရှိအချိန်ထိ ဆက်ဖြစ်နေပြီး စစ်ကောင်စီဘက်က သေဆုံးမှုများရှိကြောင်း ယမန်နေ့ (ဇူလိုင် ၁၇) ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ ထုတ်ပြန်သည့်ရုပ်သံတွင် တွေ့ရှိရသည်။

ထိုတိုက်ပွဲနှင့်ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ကို စာပို့မေးမြန်းထားသော်လည်း လက်တလောတွင် အကြောင်းမပြန်သေးပေ။
စစ်ကောင်စီဘက်လည်း ရွာငံမြို့နယ် မြေအေးတီကျေးရွာအနီး ဖွင့်လှစ်ထားသည့် ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ JPRF စစ်သင်တန်းစခန်းကို ဇူလိုင် ၁၅ ရက်ကဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လေးကျင့်ရေးလက်လုပ် သေနတ်များလည်း သိမ်းဆည်းရမိသည်ဟု စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်မှာ ဖော်ပြထားသည်။
ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ JPRF စစ်သင်တန်းစခန်း ဝင်စီးခံရသည့်ကိစ္စနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်မှ ဖော်ပြထားသော ဓာတ်ပုံများအရ M-21 (ဒင်မပါ) ၁ လက်၊ လေ့ကျင့်ရေးလက်လုပ် သေနတ် (သစ်သား) ၃၃ လက်၊ လက်လုပ်လေသေနတ် ၁ လက်၊ လေ့ကျင့်ရေး လက်လုပ်မိုင်း ၂၂ လုံး စသည့် ပစ္စည်းများအား သိမ်းဆည်းခံရပြီး ထိုစခန်းများကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း တွေ့ရသည်။
ပြီးခဲ့သည့် ဇူလိုင် ၅ ရက်တွင် ရွာငံမြို့နယ် ရေချမ်းကျေးရွာနှင့် ဝက်ကဘူးကျေးရွာ လမ်းပိုင်တစ်နေရာတွင် စစ်ကောင်စီတပ်နှင့် ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ JPRF တို့တိုက်ပွဲဖြစ်ပွားခဲ့သည်။












Leave a Comments