သျှမ်းပြည် လားရှိုးမြို့တွင် လက်နက်ကြီးထပ်မံကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ (ဇူလိုင် ၁၂ ရက်) ညပိုင်းတွင် ရပ်ကွက် (၄) ရှိ အ.ထ.က ၅ ကျောင်းဝန်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲသောကြောင့် ကျောင်းဆရာအပါအဝင် ပြည်သူ ၃ ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ ရပ်ကွက် (၂) မှ အဉ္ဇာလီလက်ဖက်ရည်ဆိုင်မှ အမျိုးသား ၁ ဦး ကျည်စထိမှန်သည့်အပြင် ရပ်ကွက် (၁၀)၊ မြို့ဝမ်ရေစက်အနီး လက်နက်ကြီးသုံးလုံးထပ်ကျရာ ပြည်သူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းက ပြောသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရသူ ပြည်သူ ၄ ဦးကို လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး နောက်ထပ်ဒဏ်ရာရသူ ပြည်သူ ၂ ဦးကိုလည်း နေအိမ်သို့ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း လူမှုကူညီရေးအသင်းက ၎င်းလူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။
ထို့အပြင် ရပ်ကွက် (၁) ဗျူဟာလမ်းတွင်လည်း လက်နက်ကြီးကျ၍ နေအိမ်တစ်လုံး မီးလောင်သွားခဲ့သည်ဟု ဆိုသည်။
အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ လားရှိုးမြို့အား သိမ်းပိုင်နိုင်ရေးအတွက် တအာင်းတပ်ဖွဲ့ TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့က ထိုးစစ်ဆင်တိုက်ခိုက်နေသလို စစ်ကောင်စီဘက်ကလည်း သျှမ်းမြောက်မကျဆုံးရှုံးရေးအတွက် စစ်ဌာနချုပ် (ရမခ) ကို နောက်ဆုံးခံစစ်အနေဖြင့် ပြင်းပြင်းထန်ထန် ခုခံနေသည်။
တိုက်ပွဲအတွင်း နှစ်ဖက်တပ်ဖွဲ့က လက်နက်ကြီးဖြင့်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ကြသောကြောင့် လူနေအိမ်နှင့် ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲကာ ပြည်သူ ၃၀ ကျော်သေဆုံးပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာရှိနေပြီဖြစ်ကြောင်း သိရသည်။












Leave a Comments