သျှမ်းပြည် မောက်မယ်မြို့ရှိ ဖုန်းဆိုင်တစ်ခုကို ဝင်ရောက်ဖောက်ထွင်းခဲ့သည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ (ဇူလိုင်လ ၇ ရက်) ည ၁၀ နာရီခန့်တွင် မောက်မယ်မြို့ထဲရှိ ဖုန်းဆိုင်တစ်ဆိုင်သို့ ဝင်ရောက်ဖောက်ထွင်းခဲ့သည့် အမျိုးသားတစ်ဦးကို တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“CCTV ကနေတဆင့် ဖုန်းကို အသံပေးတော့ သူသော့ဖျက်ဝင်နေတာကို ချက်ချင်းမြင်တာပေါ့။ ဆိုင်တစ်ခုလုံးကို မွှေနှောက်ထားတာပေါ့။ အဲ့တာနဲ့ ရဲတွေကို တိုင်ပြီး ဆိုင်ကိုသွားပြီးတော့ ချက်ချင်းဝင်ဖမ်းတာပေါ့။ ရဲတွေက ဖမ်းပြီးတော့ သူ့ကိုယ်မှာ ရှာတာပေါ့၊ ဖုန်းနဲ့ ဘေကဒ်တွေကို အိတ်ထဲမှာ ထည့်ထားတာ”ဟု မောက်မယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၎င်းဖုန်းဆိုင်သို့ ဝင်ရောက်ဖောက်ထွင်းခဲ့သော အမျိုးသားသည် အသက် ၂၀ ဝန်းကျင်ခန့်သာ ရှိပြီး ယမန်နေ့တွင် တာဝန်ရှိသူများ၏ ဝင်ရောက်ဖမ်းဆီးခြင်းကို ခံလိုက်ရကြောင်း မောက်မယ်ဒေသခံများထံမှ သိရသည်။
“အရင်ကလည်း ဖောက်ခံရဖူးတယ်။ ပထမတစ်ခေါက်တော့ မဟုတ်လောက်တော့ပါဘူး။ အသက်တော့ ငယ်သေးတယ်။ မောက်မယ်ကတော့ ဒီလို ဆိုင်ဖောက်ခံရတာတော့ မကြာခဏ ဖြစ်တယ်”ဟု ၎င်းဒေသခံ အမျိုးသားက ဆက်ပြောသည်။
စစ်တပ်မှ အရပ်သားအစိုးရထံ နိုင်ငံတော်အာဏာကို အဓမ္မ သိမ်းယူပြီးနောက်ပိုင်း သျှမ်းပြည်အတွင်း ပေါက်ကွဲမှုများ၊ ပစ်ခတ်မှုများ၊ ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားလာပြီး အချို့နေရာဒေသများတွင် ဖမ်းဆီးအရေးယူ ဆောင်ရွက်ခြင်း မရှိသည့်အတွက်ကြောင့် ပြည်သူများမှာ လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေရကြောင်း သိရသည်။











Leave a Comments