သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်အမျိုးသား ၅ ဦးက သေနက်ဖြင့် ခြိမ်းခြောက်ကာ ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ (ဇူလိုင် ၂ ရက်) နေ့လယ် ၂ နာရီခန့်တွင် တန့်ယန်းမြို့နယ်အတွင်း အမျိုးသား ၄ ဦး ခိုယောင်းကျေးရွာမှ လွယ်ရွဲသို့ သွားသည့်လမ်းတွင် ရွှံ့နွံများအကြား ကားခံနေချိန် အခြားအဖြူရောင် Wish တစ်စီးမှ အမျိုးသား ၅ ဦး ဆင်းလာပြီး လေသေနတ် (လက်လုပ်သေနတ်) များဖြင့် ခြိမ်းခြောက်ကာ ၄ ဦးအနက်မှ ၁ ဦးကို ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“လွယ်ရွဲစေတီနားမှာ ရွှံ့ဗွက်ထဲ ကားသွားခံနေတာ။ အဲ့ချိန်မှာ နောက်ကားတစ်စီးက ရောက်လာပြီး ၅ ယောက် ဆင်းလာတယ်၊ ပြီးတော့ သေနတ်တွေနဲ့ ချိန်ပြီး ကျနော်တို့ကို ကြိုးနဲ့ သစ်ပင်မှာ ချည်ထားတာ။ ပြီးတော့ ဘယ်သူက စိုင်းသိန်းလဲလို့ မေးပြီး ပြန်ပေးဆွဲခေါ်သွားတာ။ ရှမ်းလိုပဲ မေးတာ။ တခြားလူကို ပြန်လွှတ်ပေးပြီး စိုင်းသိန်းကို ခေါ်သွားတယ်။ ပြန်လာရွေးဖို့ ပိုက်ဆံပြင်ထားလို့ ပြောတယ်”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အမည်မသိ လက်နက်ကိုင်အဖွဲ့၏ ပြန်ပေးဆွဲခံရသည့် အမျိုးသားသည် အသက် ၃၀ ဝန်းကျင်အရွယ်ရှိ စိုင်းသိန်းဆိုသူဖြစ်ပြီး ခိုယောင်းကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း တန့်ယန်းဒေသခံများထံမှ သိရသည်။
“သူက ဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သက်တာတော့ မရှိပါဘူး။သူက မုန့်ဆိုင်ဖွင့်ထားတာ။ တစ်ခုခု ရန်ငြှိုးရှိလို့လည်း ဖြစ်နိုင်ပါတယ်။ ခုထိတော့ ပြန်ရွေးခိုင်းတာမျိုး မကြားသေးဘူး”ဟု တန့်ယန်းမြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ယခုပြန်ပေးဆွဲမှု ဖြစ်ပွားသောနေရာသည် တန့်ယန်းမြို့၏ မြောက်ဘက် ၇ မိုင်ခန့်သာ ကွာဝေးကြောင်း သိရသည်။
တန့်ယန်းမြို့နယ်ထဲတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA ၊ စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များ သွားလာလှုပ်ရှားသည့် နယ်မြေဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း တန့်ယန်းမြို့နယ် မန်ကတ်-မန်နောင်ကြားရှိ ကားလမ်းလည်း ဖျက်ထားခံရပြီး မန်ကတ်-မန်နောင်-မိုင်းတွမ်း လမ်းပိုင်းအား လက်နက်ကိုင်တပ်ဖွဲ့များက အသုံးပြုပြီး စစ်ရေးလှုပ်ရှားနေကြောင်း သိရသည်။











Leave a Comments