သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီနှင့် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်လျက်ရှိရာ နှစ်ဘက်တိုက်ပွဲကြား လက်နက်ကြီးပစ်ခတ်မှုအပြင် ဒရုန်းဗုံးကြဲ တိုက်ခိုက်မှုများ ပြင်းထန်နေကြောင်း နောင်ချိုဒေသခံများက ပြောသည်။
ယနေ့ (ဇွန်လ ၂၅ ရက်) နေ့လယ်ပိုင်းအချိန်တွင် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲရှိ ခမ်းချိုဘုန်းကြီးကျောင်းဝင်းထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ ဆရာတော်တစ်ပါး ဦးခေါင်းနှင့် လက်တို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

အလားတူ အုမ္မသီးကျေးရွာတွင် ယနေ့ (ဇွန်လ ၂၅ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် နှစ်ဘက်ထိတွေ့ တိုက်ပွဲအတွင်း ကားတစ်စီး ပစ်ခတ်ခံရပြီး ကားပေါ် လိုက်ပါလာသူ၏ လည်ပင်းကို ထိမှန်ကာ ဘန့်ဘွေးကျေးရွာအရောက်တွင် ဒဏ်ရာကြောင့် သေဆုံးသွားခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ ဒေသခံများက ပြောသည်။

လက်ရှိသတင်းရေးသားနေသည့်အချိန်အထိ နောင်ချိုမြို့တွင်းရှိ စစ်ကောင်စီ၏ အထင်ကရ ဌာနဆိုင်ရာ ရုံးများဖြစ်သည့် ပြည်သူ့ဆေးရုံ၊ မီးသတ်စခန်းနှင့် ရဲစခန်းတို့က TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်ကြောင်း နောင်ချိုဒေသခံများက ပြောသည်။












Leave a Comments