ကွတ်ခိုင်မြို့နယ် ကာလိုင်စာသင်ကျောင်းမှ ဆရာ/မများကို TNLA မောင်းထုတ်ပြီး ကျောင်းကိုပါချိတ်ပိတ်

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ ကာလိုင်စာသင်ကျောင်းကို တအာင်း(ပလောင်) အမျိုးသားလွတ်‌မြောက်ရေး တပ်မတော် TNLA က ကျောင်းတံခါးများကို သစ်သားဖြင့် ကြက်ခြေခတ် သံရိုက်နှက်ပြီး ချိတ်ပိတ်လိုက်ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇွန်လ ၂၃ ရက်) ည ၉ နာရီကျော်ခန့်တွင် ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာရှိ စာသင်ကျောင်းသို့ TNLA တပ်သား ၄၀ ခန့်သည် ကား ၃ စီးဖြင့် ရောက်ရှိလာပြီး စာသင်ကျောင်းအတွင်းရှိ ဆရာ/မများကို မောင်းထုတ်၍ ကျောင်းတံခါးများကို သစ်သားဖြင့် ကြက်ခြေခတ် သံရိုက်နှက်ပြီး သော့ခတ်ချိတ်ပိတ် ထားလိုက်ကြောင်း ကာလိုင်ဒေသခံ ကျောင်းသားမိဘများက ပြောသည်။

“ဆရာ/မတွေကို မောင်းထုတ်ပြီးမှ အကုန်လုံး ချိတ်ပိတ်သွားတဲ့ ပုံစံပေါ့နော်။ ကျောင်းဝင်းအတွင်းထဲ တံခါးတွေ အကုန်လုံး ကြက်ခြေခတ်ရိုက် ကပ်သွားတယ်၊ ရွာသူကြီးလာတာတောင်မှ ပေးမဝင်ဘူး။ အစက ဆရာမတွေကိုလည်း ခေါ်သွားမယ်လို့ ပြောတာ၊ ကလေးတွေလည်း ပါနေလို့ မခေါ်တော့ဘူး။ ကျောင်းဖွင့်ချင်ရင် သူတို့နဲ့ လာညှိနှိုင်းပါ ဆိုပြီးမှ ကချင်အမျိုးသားအလံ ထောင်ထားတာလည်း ဖြုတ်သွားတယ်” ဟု ကာလိုင်ကျေးရွာမှ ကျောင်းသားမိဘတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကာလိုင်စာသင်ကျောင်းဝင်းအတွင်း နေထိုင်သည့် ဆရာ/မ မိသားစု (၃)ခုကို TNLA တပ်သားများက မောင်းထုတ်ခဲ့စဉ် မည်သည့်ပစ္စည်းမှ မယူလိုက်ရကြောင်း သိရပြီး လက်ရှိတွင် ကျေးရွာအတွင်းရှိ ကျောင်းကော်မတီတစ်ဦး၏ နေအိမ်တွင် သွားရောက်နေထိုင်ရကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။

ယခင်က ကာလိုင်စာသင်ကျောင်းဝင်းအတွင်း တပ်စွဲနေထိုင်သည့် TNLA တပ်သားများလည်း ယမန်နေ့ (ဇွန်လ ၂၃ ရက်) ညအချိန်တွင် ကျောင်းကို ချိတ်ပိတ်လိုက်ပြီးနောက် မရှိတော့ကြောင်း ကာလိုင်ဒေသခံများက ပြောသည်။

ကာလိုင်ကျေးရွာ အလယ်တန်းကျောင်းမှ ဆရာ/မများကို မောင်းထုတ်ပြီး စာသင်ခန်းများကို TNLA တပ်သားများက ပျဉ်ပြားဖြင့် ကြက်ခြေခတ် သံရိုက်နှက်၍ ချိတ်ပိတ်လိုက်ခြင်းနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ TNLA သတင်းနှင့် ပြန်ကြားရေးဌာနထံ ဆက်သွယ်မေးမြန်းခဲ့ရာ တအာင်းပြည်ပညာရေးကောင်စီ TLEC ထံသို့ ဆက်သွယ်မေးမြန်းရန်သာ ပြန်လည်ဖြေကြားခဲ့သည်။

ကျေးရွာကျောင်းကော်မတီအနေဖြင့် ကာလိုင်စာသင်ကျောင်း ဖွင့်လှစ်ခြင်းနှင့် ပတ်သက်ပြီး ကွတ်ခိုင်မြို့ပေါ်ရှိ TNLA တပ်ဖွဲ့၏ ခရိုင်ရုံး၌ ဇွန်လ (၅)ရက်နှင့် (၇)ရက်နေ့များတွင် နှစ်ကြိမ်တိုင်တိုင် သွားရောက်တွေ့ဆုံ ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့ဘဲ ဇွန်လ (၈) ရက်နေ့တွင် ကျောင်းပိတ်သိမ်းရန် TNLA တပ်ဖွဲ့မှ စာပေးပို့ခဲ့ကြောင်း သိရသည်။

“ကာလိုင်က KIA နဲ့ အရင်ဆုံး ချိတ်ဆက်ပြီး အခုလည်း KIO ပညာရေးဌာနနဲ့ ကြီးကြပ်နေတဲ့ ကျောင်းဖြစ်တယ်။ အဲ့တာကြောင့် ကျနော်တို့မှာလည်း ဒီဟာကျတော့ သူတို့အဖွဲ့က ခွင့်မပြုဘူးဆိုရင် ခင်ဗျားတို့ရဲ့ တောင်းဆိုချက်ကို ကျတော်တို့ မလုပ်ပေးနိုင်ဘူး၊ တကယ်လို့ ခွင့်ပြုရင်တော့ ကျနော်တို့ လုပ်ပေးနိုင်တယ် ဆိုပြီးမှ ပညာရေးပဲလုပ်တာ ဘာနိုင်ငံရေးမှလည်း လုပ်တာမဟုတ်ဘူး ကျောင်းက ဘယ်သူမဆို တက်လို့ရတယ်”ဟု ကာလိုင်ကျောင်းကော်မတီ တာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ဇွန်လ (၁၈) ရက်ကလည်း TNLA တပ်ဖွဲ့၏ ရဲတာဝန်ခံ ဆိုသူများကလည်း ကာလိုင် စာသင်ကျောင်းမှ ဆရာ/မများ၊ ကျောင်းတာဝန်ခံများ၏ အမည်၊ ဓာတ်ပုံ၊ နေရပ်လိပ်စာ အတိအကျနှင့် ကျောင်းသား/သူ စာရင်းများကို လာရောက်တောင်းဆိုခဲ့သော်လည်း လုံခြုံရေး စိုးရိမ်မှုကြောင့် ပေးအပ်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ကာလိုင်ကျေးရွာရှိ အလယ်တန်းကျောင်းသို့ ကျေးရွာအတွင်းနှင့် ဇွပ်အောင် IDP စစ်ရှောင်စခန်းတို့မှ ကျောင်းသားကျောင်းသူ ဦးရေ ၂၀၀ ကျော် ပညာသင်ယူနေပြီး ကျေးရွာကျောင်းကော်မတီ၊ ပညာရေး ထောက်ပံ့ပေးသည့် အဖွဲ့အစည်းများနှင့် ကချင်လွတ်လပ်ရေးတပ် KIO မှ ထောက်ပံ့ပေးသည့် ဆရာ/မ (၁၄) ဦးက တာဝန်ယူ သင်ကြားပေးနေသည်။

ယနေ့ (ဇွန်လ ၂၄ ရက်) နံနက်ပိုင်းတွင် ကျောင်းသား/သူများမှာ ကျောင်းခန်းထဲသို့ မဝင်ရောက်နိုင်တော့ဘဲ ကျောင်းဝင်းအပြင်ဘက်ရှိ ဘောလုံးကွင်းတွင် စုစည်းခဲ့ရပြီး ကျောင်းသားမိဘများနှင့် ကျောင်းကော်မတီမှ ကျောင်းပြန်လည်ဖွင့်လှစ်ခွင့် ရရှိရေးနှင့် ပတ်သက်ပြီး ညှိနှိုင်းလုပ်ဆောင်နေကြောင်း သိရသည်။

“အခု အားလုံးကတော့ ကျောင်းသားမိဘနဲ့ ကျောင်းကော်မတီတွေ အကုန်လုံး ပြန်တွေ့ကြရမှာပေါ့။ တွေ့ကြပြီးမှ ဒါက ဘယ်လိုနည်းလမ်းနဲ့ လုပ်ကြမလဲဆိုတာ ရှာရမှာပဲ။ ကျောင်းသားက ၂၀၀ ကျော်ရှိတာ ဘယ်လိုလုပ်မလဲပေါ့။ သူတို့က အကြမ်းဖက်နေတဲ့ပုံစံ ဖြစ်နေတာ၊ ဒါကတော့ တမင်တကာ လုပ်နေတာ။ သူတို့ရဲ့ အုပ်ချုပ်ရေးအာဏာ ပါဝါပြတာပေါ့”ဟု ကာလိုင်ကျောင်းတာဝန်ခံက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၃ ရက်ကလည်း ကာလိုင်စာသင်ကျောင်းဝန်းထဲ စခန်းချ နေထိုင်သည့် TNLA တပ်သားများမှ ကျောင်းတက်ရန် လာရောက်သည့် ကျောင်းသားနှင့် မိဘများကို ကျောင်းဝင်းအတွင်း ဝင်ခွင့်မပြုခဲ့ရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ကျောင်းသူတစ်ဦး စိုးရိမ်ထိတ်လန့်၍ သတိလစ် မေ့မျောသွားခဲ့ရာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

အခြားတစ်ဘက်တွင် ကာလိုင်ကျေးရွာရှိ အလယ်တန်းကျောင်းအား ဖွင့်လှစ်နိုင်ရန် တအာင်းပြည်ပညာရေးကောင်စီ TLEC မှ ညှိနှိုင်းဆွေးနွေးဆဲဖြစ်ပြီး မလိုလားအပ်သည့် ရှုပ်ထွေးမှုတချို့ ဖြစ်ပွားနေဆဲဖြစ်ကြောင်၊ စာသင်ကျောင်းများ စောလျင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့်လည်း TLEC နှင့်အတူ ဝိုင်းဝန်းဆောင်ရွက်ပေးရန် ယနေ့ (ဇွန်လ ၂၄ ရက်)တွင် ထုတ်ပြန်လာသည်။

လတ်တလောတွင် ရှုပ်ထွေးမှုရှိနေသည့် ကာလိုင်ရွာ အလယ်တန်းကျောင်းနှင့် လုံခြုံမှုအားမကောင်းသည့် စာသင်ကျောင်းများကို ဖွင့်လှစ်ပေးနိုင်မည် မဟုတ်သေးကြောင်း TLEC ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့တွင် ဆိုင်ကယ်၊ မီးကြိုးခိုးသူနှင့် မူးယစ်ဆေးရောင်းဝယ်သူများကို လူထုရှေ့ ပြစ်ဒဏ်ပေး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဖမ်းဆီးရမိထားသည့် ရာဇဝတ်မှုကျူးလွန်သူ ၅ ဦးကို လူထုရှေ့တွင် လှည့်လည်လမ်းလျှောက်ခိုင်းကာ ပြသခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ၉ ရက် နံနက် ၈ နာရီဝန်းကျင်တွင် MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့၌ ခိုးမှုနှင့် မူးယစ်ဆေးရောင်းဝယ်မှု...

လားရှိုးတွင် မူးယစ်ဆေးဝါးအကြောင်းပြပြီး MNDAA ဖမ်းဆီးသွားသည့်လူငယ်(၇၀)ကျော် ပြန်မလွတ်သေး

0
သျှမ်းပြည် လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စုတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မူးယစ်ဆေးဝါးအကြောင်းပြကာ လူငယ်အမျိုးသား (၇၀) ယောက်ကျော်ကို ဖမ်းဆီးသွားခဲ့ပြီးနောက် သုံးပတ်ကျော် ကြာသည်အထိ ပြန်မလွတ်ပေးသေးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA သွားလာလှုပ်ရှားနေသည့် ၁၂ မိုင်၊ ၁၃ မိုင်၊ အီနိုင်းနှင့် မန်တောင်းကျေးရွာများတွင်...

သီပေါမြို့နယ်တွင် MNDAA က ရွှေတူးဖော်ရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းနှင့် နမ့်ပေါင်ချောင်းဆုံရာ အနီးတစ်ဝိုက်တွင် ကိုးကန့်တပ် (MNDAA) က ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလလယ်ခန့်မှ စတင်ကာ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စု နောင်နွေးကျေးရွာ အရှေ့ဘက်ရှိ ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုးမြေတူးစက်များနှင့် ရွှေကျင်စက်ပစ္စည်းများကို...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...