Sunday, July 14, 2024

လွိုင်ဆမ်ဆစ်ဘုန်းကြီးကျောင်းသို့ သွယ်တန်းသည့် လျှပ်စစ်မီးကြိုးများ ခိုးယူခံရ

Must read

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် လွိုင်ဆမ်ဆစ် တောင်ပေါ်ဘုန်းကြီးကျောင်း ဗုဒ္ဓကောလိပ်သို့ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများ ခိုးယူခံခဲ့ရကြောင်း စုံစမ်းသိရသည်။

ကွက်ခိုင်မြို့နယ်အတွင်း မိုင်းဖုန်း‌ဆရာတော် တည်ထားသည့် လွိုင်ဆမ်ဆစ် တောင်ပေါ်ရှိ ဗုဒ္ဓကောလိပ် ဘုန်းကြီးကျောင်းသို့ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများ ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်၌ ခိုးယူခံခဲ့ရကြောင်း ဘုန်းကြီးကျောင်းစောင့်သည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“မီးကြိုးခိုးခံရတာ ဟုတ်တယ်။ မီးတွေကလည်း မလာတာကြာတော့ သူတို့ဖြတ်ရတာ လွယ်တာပေါ့။ အဲ့လမ်းမကြီးကနေ ကျောင်းကို ဝင်လာတဲ့အထိကို အကုန်ဖြတ်သွားတာ။ ဘယ်လိုလူတွေက လာယူသွားလဲဆိုတာ မပြောတက်ဘူး။ စားသောက်ဖို့ ခက်ခဲနေကြတော့ ကြံဖန်ကြတာပေါ့။ ထွက်မကြည့်ဖြစ်တာကော၊ မဖြစ်ဖူးတာကော မထင်ဘူးပေါ့ အဲ့လိုဖြစ်မှာကို”ဟု ၎င်းဘုန်းကြီးကျောင်းစောင့် အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ခိုးယူခံရသည့် မီးကြိုးများ၏ ဆုံးရှုံးမှုတန်ဖိုးကို မသိရသေးသည့်အပြင် ပြန်လည် ဝယ်ယူ တပ်ဆင်ရန် အခက်အခဲများ ဖြစ်နေကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

ကွတ်ခိုင်မြို့နယ်တွင် “၁၀၂၇ စစ်ဆင်ရေး” ဖြစ်ပွားပြီးနောက် လက်ရှိအချိန်ထိ လျှပ်စစ်မီးများ မရရှိသေးကြောင်း ဒေသခံများက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးမတည်ငြိမ်မှုကြောင့် အလုပ်အကိုင်များ ရှားပါးလာကာ စားဝတ်နေရေး ခက်ခဲမှုကြောင့် သူခိုးများ ပိုမိုများပြားလာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

Leave a Comments

- Advertisement -spot_img

Latest article