“အလောင်းတော့ ပြန်ရတယ်” ဟု မိခင်ဖြစ်သူ ဒေါ်မြညှိ က ငိုရင်းပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ အတွင်းက စတင်ခဲ့သည့် သျှမ်းတောင်၊ ဆီဆိုင်မြို့ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသည့် မြို့ခံများထဲတွင် ဒေါ်မြညှိတို့ မိသားစုလည်း အပါအဝင်ဖြစ်သည်။
ပြင်းထန်သည့် ဆီဆိုင်မြို့ပေါ် တိုက်ပွဲများကြောင့် ဒေသတွင်းရှိ ဘန်းယဉ်ကျေးရွာသို့ ထွက်ပြေး တိမ်းရှောင်ပြီးနောက် ကံကြမ္မာဆိုးနှင့် တိုးခဲ့ရသူ အများအပြားရှိခဲ့သည်။
“တွေ့တော့တွေ့။ တွေ့တာကတော့ အကောင်းတွေ့တာ မဟုတ်ဘူး။ အဆိုးထဲမှာ သွားတွေ့တာ” ဟု ဒေါ်မြညှိက ဝမ်းနည်းနာကျည်းစွာ ပြောသည်။
စစ်ဘေးကြားက အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနှင့် ထွက်ပြေးလာသဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရာ သားဖြစ်သူ မောင်အောင်မြတ်ကျော် အိမ်တွင် ပစ္စည်းပြန်ယူမည်ဟု ဆိုကာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်နေ့က သူငယ်ချင်း ၂ ဦးနှင့်အတူ ဆီဆိုင်မြို့သို့ ပြန်သွားခဲ့သည်။
ထိုအချိန်မှစ၍ ၎င်းတို့ ၃ ဦး၏ သတင်း မကြားရတော့။ လအတန်ကြာ ပျောက်ဆုံးခဲ့ပြီးနောက်တွင်မူ ကံဆိုးမိုးမှောင် ကျခဲ့သည်ကို မိသားစုက သိခဲ့ရသည်။
လေးလကျော်ကြာ ပျောက်သွားခဲ့သည့် သားကြီး တစ်ယောက်၏ အလောင်းကို ပြန်တွေ့ရသည့် မိခင်၏ ရင်ထဲက ခံစားချက်မှာ စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲလှသည်။
“တစ်ရက်မတွေ့ရရင် မနေနိုင်ဘူးလေ” ဟု မောင်အောင်မြတ်ကျော် ၏ မိခင်ဖြစ်သူက ဒေါ်မြညှိက သားအပေါ် ထားရှိသည့် မိခင် မေတ္တာကို ဖော်ညွှန်းသည်။
ပျောက်ဆုံးသွားသည့် မောင်အောင်မြတ်ကျော်နှင့် သူငယ်ချင်း ၂ ဦး၏ ရုပ်အလောင်းများကို မေလ ၂၁ ရက်နေ့က ဆီဆိုမြို့၊ နယ်မြေ (၃)၊ ဟိုခဲရပ်ကွက် အနောက်ဘက်ခြမ်းရှိ နေအိမ် တစ်လုံး၏ ခြံစည်းရိုးအနီး ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
“ဘယ်လိုပြောရမလဲ သားရေ။ သူ့မောင်နှစ်မတွေတော့ ဝမ်းနည်းတာပေါ့။ အငယ်ဆုံး သားကတော့ ဘာမှ သိပ်နားမလည်းသေးတော့ မသိဘူး။ သူ့ညီမလေးကတော့ ဝမ်းနည်းတာပေါ့။ အစ်ကို ဆိုတော့ သူတို့ အရမ်းချစ်တာ၊ ငိုတာပေါ့။ သူတို့သားအမိလည်း အရမ်းဝမ်းနည်းတာပေါ့” ဟု မောင်အောင်မြတ်ကျော်၏ ဖခင်ဖြစ်သူ ဦးလှထွေး က အဝေးသို့ ငေးရင်းပြောသည်။
သားသမီး ၃ ယောက်၏ ဖခင် ဦးလှထွေး အနေဖြင့် အကြီးဆုံးသား ဖြစ်သူ ဆုံးရှုံးခဲ့ရမှုကြောင့် ခံစားနေရသည့် သောက ၄◌င်း၏ မျက်နှာသွင်ပြင်၌ အထင်းသား။
သားဖြစ်သူနှင့် သူငယ်ချင်း ၂ ယောက်၏ အလောင်းများ ပြန်တွေ့စဥ် လက်ပြန်ကြိုးတုတ်ထားပြီး ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ထားသည့် ဒဏ်ရာများ တွေ့ရသည်ဟု ဦးလှထွေးက သက်ပြင်းချရင်း ပြောသည်။
“အလောင်းကိုတော့ သူ့ဦးလေး ပြန်တွေ့တာပေါ့။ အိမ်ဘေးနားက အလောင်းတွေ ဖော်ပေးပါဦး၊ သူတို့အိမ်ထဲမှာ အလောင်းတွေ ရှိနေတယ်၊ မနေရဲဘူး ဆိုပြီး ပြောတော့ သွားဖော်ပေးလိုက်တာ။ အဲ့ချိန်မှာ ကျနော့်ရဲ့သား မှတ်ပုံတင်၊ ကျနော့်ရဲ့သား သူငယ်ချင်း မှတ်ပုံတင် အကုန်လုံးပဲ။ သူတို့ အဝတ်အစား၊ ဖိနပ်ကအစ အကုန်လုံး တွေ့တော့ အဲ့မှာ အိမ်ကို ပြန်လာပြီးမှ ခေါ်တာပေါ့” ဟု ၄◌င်းကရှင်းပြသည်။
ပစ်သတ်ခံထားရသည့် အလောင်း ၃ လောင်းကို ဆီဆိုင်မြို့ပေါ်က နေအိမ် ခြံဝန်း တစ်ခုအတွင်း မြေကြီး အငယ်တူး၍ မြှပ်ခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ကို ပြန်လာခေါ်ပြီးမှ ကျနော်တို့ အကုန်လုံး ဝိုင်းဖော်ကြတော့ ဟုတ်တယ်။ ကျနော်ရဲ့သားနဲ့ သူ့သူငယ်ချင်း ၂ ယောက်ပေါ့။ သူတို့ ၃ ယောက်လုံးကို အမှောက်လိုက် တွေ့တာပဲ” ဟု ဦးလှထွေးက ညှိးငယ်စွာ ပြောသည်။
လက်ပြန်ကြိုးတုတ် ပစ်သတ်ခံရသည့် လူငယ် ၃ ဦးမှာ အသက် ၁၉ နှစ် မောင်အောင်မြတ်ကျော်၊ အသက် ၂၀ နှစ်အရွယ် မောင်အောင်ပြည့်စုံနှင့် မောင်ဇာနည်သူ တို့ဖြစ်ကြသည်။
အဆိုပါ လူငယ် ၃ ဦး ပစ်သတ်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ မည်သူ၊ မည်သည့် အဖွဲ့အစည်း၏ လက်ချက် ဖြစ်သည် ဆိုသည့် လက်သည် တရားခံကိုတော့ ယနေ့အချိန်အထိ မသိရှိရသေးပေ။
“နောက်ပိုင်းမှာ ကိုယ့်သား တစ်ယောက်လုံးကို သတ်သွားတဲ့လူ ဘယ်သူဆိုတာ သိတောင်မှ အရေးယူလို့ရမှာ မဟုတ်ဘူး” ဟု ဦးလှထွေး က ဒေသတွင်း အခြေအနေကို ပြောသည်။
ဒေသတွင်း လှုပ်ရှား်နေသည့် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်၊ သာမက တော်လှန်ရေးတပ်များ အနေဖြင့် အမြဲတစေ ပြည်သူလူထုကို ကာကွယ်နေသည်ဟု ထုတ်ပြန် ပြောဆိုနေသော်လည်း လက်တွေ့တွင်မူ လက်သည်မပေါ်သည့် သတ်ဖြတ်မှုများ ဒေသတွင်း မကြာခဏ ဖြစ်ပွားနေသည်။
“ကျနော့် အနေနဲ့တော့ ဘယ်လို ပြောရမလဲ၊ အတိုက်အခံ အနေနဲ့ မလုပ်ချင်ဘူး။ အတိုက်အခံ လုပ်တော့လည်း ကျနော်တို့ လက်ထဲမှာ ဘာလက်နက်တွေရှိလို့တုန်း၊ လက်နက်နဲ့လည်း လုပ်လို့မရဘူး။ အဲ့လိုလုပ်လို့ ရနိုင်တယ် ဆိုတောင်မှ ကျနော်တို့လုပ်လို့ မရဘူး။ သူ့ကံတရား အတိုင်းပဲပေါ့။ သူ့ကံတရား အတိုင်းပဲ ဒီလို ဖြစ်သွားတယ်လို့ ကျနော်တို့တော့ ယူဆထားလိုက်မယ်။ ဒါပေမဲ့ ကျနော်ရဲ့ သားဖြစ်သလို ထပ်မဖြစ်ပါစေနဲ့လို့ ဆုတောင်းတယ်” ဟု ဦးလှထွေးက နာနာကျည်းကျည်း ပြောသည်။
ယင်းလူငယ် ၃ ဦးကဲ့သို့ပင် ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာသို့ ပြောင်းတင်ရန် သွားသည့် အသက် ၄၃ ကျော်အရွယ် ကိုဇော်မြင့်ဦး လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့၊ ညနေပိုင်းက လမ်းတွင် ပျောက်ဆုံးသွားခဲ့သည်။
၎င်းပျောက်ဆုံးသည့် ကိစ္စနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ ၄င်း၏ ဇနီးဖြစ်သူထံ မေးမြန်းရာ “ကျမပြောပြလို့မရဘူး” ဟု ပြန်လည်ဖြေကြားသည်။
ယင်းသို့ ဖြေကြားမှုသည် ဒေသတွင်း ပြည်သူများ၏ အကြောက်တရားကို မီးမောင်းထိုးပြနေသည်။
အလားတူ မတ်လ ပထမ အပတ်တွင်းက ဆီဆိုင်မြို့သို့ ခရီးသည် လိုက်ပို့ပေးသည့် ဦးသန့် (အမည်လွှဲ) ကို စစ်တပ် ထောက်ပို့ဟု စွတ်စွဲကာ တော်လှန်ရေးတပ်က ဖမ်းဆီးခဲ့ရာ ရက်ပေါင်း ၁၄ ကျော်ကြာမှ ပြန်လွှတ်ပေးခဲ့သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
“သူက ကားငှားလို့ ဆိုပြီး လိုက်သွားတာပေါ့။ အဲ့ကားငှားတဲ့ လူကလည်း သူ့ကို လိမ်လိုက်တာ။ အဲ့မှာ ဆီဆိုင်မြို့ထဲကို ရောက်သွားပြီး ပစ္စည်း သွားသယ်ကြတုန်း သူခိုးတွေ ထင်ပြီး ကလေးတွေ (တော်လှန်ရေးတပ်) က ဖမ်းသွားတာ။ အဲ့မှာ သူတို့ကို စစ်တပ်ထောက်ပို့လို့ ထင်ပြီး စစ်ဆေးရင်း၊ မေးမြန်းရင်းနဲ့ ကြာသွားတာ။ အခုတော့ အိမ်ပြန်ရောက်ပါပြီ။ အခုတော့ သူ့ကိုလည်း ဘာမှ မလုပ်ခိုင်းတော့ဘူး။ ကားလည်း မမောင်းခိုင်းတော့ဘူး။ နဂိုကတည်းက သူမရှိရင် ကျမက မနေနိုင်တာ၊ တစ်ခုခုဖြစ်သွားရင် ရင်ကွဲရမှာ” ဟု ဦးသန့်၏ ဇနီးဖြစ်သူက ပြောသည်။
ဆီဆိုင်မြို့တွင် တိုက်ပွဲ စတင်ဖြစ်ပွားစဉ် ဇန်နဝါရီ ၂၃ ရက်မှ မေလ ၂၈ ရက်နေ့အထိ တိုက်ပွဲကြား ဖမ်းဆီးခံရသည့် ပြည်သူ ၃၀ ကျော်ရှိပြီး အများစုမှာ လူငယ်များ ဖြစ်သည်ဟု ပအိုဝ်းလူငယ်အစည်းအရုံး (PYO) တာဝန်ခံတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူ အများစုမှာ တော်လှန်ရေးတပ်နှင့် ပတ်သက် ဆက်နွယ်သည်ဟု စွတ်စွဲပြီး စစ်ကောင်စီနှင့် ပအိုဝ်း ပြည်သူ့စစ်က ဖမ်းဆီးခြင်း ဖြစ်သည်ဟု ဆိုသည်။
“အခု စာရင်းရထားသလောက်က ၃၀ ကျော်ရှိတယ်။ အခု မေလ အတွင်း အဖမ်းခံရတဲ့သူတွေက စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက အဓိက ဖမ်းဆီးမှု လုပ်တာကို တွေ့ရတယ်။ အခုနောက်ပိုင်း ဖမ်းဆီးမှုက တော်လှန်ရေး အုပ်စုနဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖမ်းတာများတယ်” ဟု (PYO) တာဝန်ခံ တစ်ဦးက ပြောဆိုသည်။
ယင်းသို့ ဖမ်းဆီးခံရသည့် ပြည်သူများကို စစ်ကောင်စီတပ်က ညှဉ်းပန်းနှိပ်စက်သည့် အပြင် စပါးကျီထဲထည့်ပြီး သေနတ်ဖြင့် ပစ်သတ်မှု၊ သတ်ဖြတ် အလောင်းဖျောက်မှုများ ကျူးလွန်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။
“တချို့ကျတော့ ပျောက်သွားတယ်၊ ဆက်စုံစမ်းတော့ ဖမ်းထားတယ်။ နောက်တော့ ထပ်သိရတာက သတ်လိုက်တယ် စတဲ့ ဖြစ်စဉ်တွေလည်းရှိတယ်။ တချို့ကျတော့ စပါးကျီထဲ အပစ်ခံရတယ်။ ပုံစံကတော့ အမျိုးမျိုးပဲ” ဟု ၄င်းကရှင်းပြောသည်။
ပြီးခဲ့သည့် မေလ ၉ ရက်နေ့ကလည်း ဆီဆိုင်မြို့နယ်၊ နောင်ရင်းကျေးရွာ၊ ရွာသူကြီး ခွန်ဇာခွန်နှင့် ညီဖြစ်သူ ခွန်ပလွန် တို့ကို တော်လှန်တပ်ဖွဲ့များအား ထောက်ပံ့သည်ဟု စွပ်စွဲကာ စစ်ကောင်စီနှင့် PNO တို့က သတ်ဖြတ်ခဲ့သေးသည်။
စစ်ပွဲ ပဋိက္ခ ကာလအတွင်း စစ်ပွဲနှင့် မသက်ဆိုင်သည့် အရပ်သား ပြည်သူများကို လက်နက်ကိုင်ထားသည့် အဖွဲ့အစည်းတိုင်းက ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ရှိသည်ဟု ပအိုဝ်း လူငယ်အစည်းအရုံး တာဝန်က ထောက်ပြသည်။
“စစ်ပဋိပက္ခကာလမှာ စစ်ပွဲ၊ တိုက်ပွဲနဲ့ မသက်ဆိုင်သူတွေ၊ စစ်ပွဲတွင် ပါဝင်ခြင်း မရှိတဲ့ သူတွေကို ကာကွယ် စောင့်ရှောက်ရမယ့် တာဝန်ဟာ လက်နက်ကိုင်ဆောင်ထားတဲ့ အဖွဲ့အစည်းတိုင်း၊ တပ်သားတိုင်းမှာ တာဝန်ရှိတယ်။ ဒါကြောင့် ဒီလိုမျိုး ဖမ်းဆီး သတ်ဖြတ်မှု ဖြစ်စဉ်တွေက စစ်ဘက်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို ချိုးဖောက်သလို စစ်ရာဇဝတ်မှု၊ ကြီးမားတဲ့ လူ့အခွင့်အရေးချိုး ဖောက်မှု ဖြစ်ပါတယ်” ဟု ၎င်းကသုံးသပ်သည်။
Geneva Convention အရ စစ်ပွဲအတွင်း အရပ်သားများကို ပစ်မှတ်မထားရ၊ ညှင်းပန်းနှိပ်စက်ခြင်း သို့မဟုတ် လူမဆန်စွာ ဆက်ဆံခြင်း မပြုရ၊ ဆေးရုံများနှင့် အကူအညီပေးရေး လုပ်သားများကို တိုက်ခိုက်ခြင်း မပြုရ၊ အရပ်သားများ ဘေးကင်းစွာ ထွက်ခွာနိုင်ရန် လမ်းဖွင့်ပေးရန်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများကို ကူညီခွင့်ပေးရန် တပ်ဖွဲ့တိုင်းတွင် တာဝန်ရှိနေသည်။
သို့သော် လက်ရှိ စစ်ကောင်စီတပ်ဖွဲ့က တိုက်ပွဲဖြစ်ပွားသည့် နေရာများအပြင် တိုက်ပွဲနှင့် မသက်ဆိုင်သည့် လူနေအိမ်၊ ဘာသာရေး အဆောက်အအုံနှင့် စာသင်ကျောင်းများကို လေကြောင်းက ဗုံးကြဲ တိုက်ခိုက်နေသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်နေ့မှ မေလ ၁၈ ရက်နေ့ အထိ သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင် အပါအဝင် ဟိုပုံး၊ ပင်လောင်းနှင့် ညောင်ရွှေတွင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ၄၆၃ ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု ၃,၄၅၇ ကြိမ် ပြုလုပ်ခဲ့ရာ အရပ်သား ၇၅ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၀၀ နီးပါးရှိကြောင်း ပအိုဝ်း လူငယ်အစည်းအရုံးက မေလ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။
သျှမ်းမြောက် “၁၀၂၇ စစ်ဆင်ရေး” အတွင်း ညီနောင်မဟာမိတ်တပ်ဖွဲ့၏ ထိုးစစ်ဆင်မှုကြောင့် စစ်ကောင်စီ တပ်စခန်းပေါင်းများစွာ ဆုံးရှုံးခဲ့ပြီး မြို့အများအပြား လက်လွှတ်လိုက်ရသည်။
သို့သော် ၄ လကျော် ကြာမြင့်ခဲ့သည့် သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ တိုက်ပွဲတွင်မှု တော်လှန်ရေးတပ်များ နောက်ပြန်ဆုတ်ခဲ့ရပြီး ဃခုအချိန်အထိ ရလဒ် ထွက်ပေါ်ခြင်း မရှိသေးပေ။
လက်ရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PNLA နှင့် တော်လှန်ရေးတပ်များ ထိန်းချုပ်ခဲ့သည့် နေရာတချို့ကို စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်-PNO တပ်က ပြန်လည် ထိန်းချုပ်လာသည်။
သျှမ်းတောင် တိုက်ပွဲနှင့် ပတ်သက်၍ “PNLO/ PNLA အဖွဲ့ အနေနဲ့တော့ ဒီတရုတ်နယ်စပ်ဒေသ အင်အားစု (ညီနောင်မဟာမိတ်တပ်) တွေလို လက်နက်၊ ခဲယမ်း၊ မီးကျောက်တွေ မပြည့်စုံပါဘူး။ အဲ့ဒီထဲမှာ ပို့လိုက်တဲ့ လက်နက်ခဲယမ်း မီးကျောက်တွေကိုလည်း PNO က စစ်တပ်နဲ့ပေါင်းပြီး သိမ်းဆည်းတာတွေ ရှိပါတယ်။ အဲ့ဒါကြောင့် ပြောရလို့ရှိရင်တော့ ပြည်သူလူထုက တက်ကြွနိုးကြွားမှပဲ တိုက်ပွဲဝင်တဲ့ အင်အားစုတွေကလည်း တက်ကြွကြပါတယ်။ အမှန်သူတို့မှာ လက်နက်အင်အား မပြည့်စုံမှုတွေ အမြောက်အများ ရှိနေတဲ့အတွက် ဒီလိုဖြစ်နေရတယ်လို့ ကျနော်တော့ ယူဆတယ်” ဟု နိုင်ငံရေး သုတေသီ ဦးသန်းစိုးနိုင် ကပြောသည်။
ထို့အပြင် သျှမ်းမြောက် တိုက်ပွဲဖြစ်စဉ်ကို သင်ခန်းစာယူထားသည့် စစ်ကောင်စီသည် သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တော်လှန်ရေးတပ်များ ချီတက်လာမည်ကို စိုးရိမ်ပြီး ဆီဆိုင်မြို့ကို လေကြောင်း သာမက မြေပြင် အင်အား အများအပြားဖြင့် တိုက်ခိုက်နေကြောင်း ဦးသန်းစိုးနိုင်က ဆက်ပြောသည်။
စစ်ပွဲဆိုသည်မှာ နိုင်ငံရေး ပဋိပက္ခများအား ဆွေးနွေးသည့် နည်းလမ်းဖြင့် အဖြေရှာမရတော့သည့်အတွက် လက်နက်ကိုင် နည်းလမ်းဖြင့် ဖြေရှင်းရသည့် နိုင်ငံရေး ပြဿနာသာ ဖြစ်သည် မဟုတ်ပါလား။
လက်ရှိ ဖြစ်ပွားနေသည့် စစ်ပွဲသည် နိုင်ငံတနိုင်ငံနှင့် တိုက်ခတ်သော စစ်ပွဲ မဟုတ်ပါဘဲ တစ်နိုင်ငံထဲ အတူယှဥ်တွဲ နေထိုင်သူများ တိုက်ခိုက်နေခြင်းဖြစ်ပြီး အာဏာ မက်မောသူ တချို့က နိုင်ငံကို လက်ဝါးကြီးအုပ် အုပ်ချုပ်၊ အုပ်စိုး၊ ချယ်လှယ်လိုသောကြောင့် တရားမျှတမှု လိုလားသည့် လူငယ်များက ဒီမိုကရေစီ အတွက် တော်လှန် တိုက်ခိုက်နေခြင်း ဖြစ်သည်။
သို့သော် စစ်ပွဲကြားတွင် သာမန် အရပ်သား ပြည်သူများမှာ မြေစာပင်အဖြစ် သတ်ဖြတ်ခံနေရသည်မှာ ပုံမှန် ကိစ္စတစ်ခုသဖွယ် ဖြစ်လာနေလေပြီ။
သို့ဖြစ်ရာ မြန်မာလူထု၏ လွတ်မြောက်ရေး တိုက်ပွဲသည် မည်မျှ ကြာရှည်အုံးမည်နည်း။ ပြည်သူများ၏ အသက်အိုးအိမ်များ မည်မျှအထိ ထပ်မံ စတေး ပေးဆပ်ရဦးမည် ဆိုသည်မှာကား ပြည်သူများ အသိချင်ဆုံး မေးခွန်းဖြစ်နေပြီ ဖြစ်သည်။