လားရှိုးမြို့မှာ ဘာဖြစ်နေလဲ

သျှမ်းပြည်နယ် မြောက်ပိုင်း၌ စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ စစ်ရေးတင်းမာမှု အမြင့်ဆုံး ရောက်ရှိနေစဥ် ယမန်နေ့က မြို့တော် လားရှိုး အဝင်အထွက် လမ်းများကို စစ်ကောင်စီတပ်က မြေတူးစက်များဖြင့် မြောင်းဖောက် ဖျက်ဆီးခဲ့သည်။

လက်ရှိ အ‌‌ရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အ‌ခြေစိုက်ရာ လားရှိုးမြို့ကို ညီနောင် မဟာမိတ်တပ်များ ဝင်ရောက် တိုက်ခိုက်မည်ဆိုသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီးနောက် လားရှိုးမြို့ပေါ်တွင် စစ်တပ်က လုံခြုံရေး တင်းကျပ်ထားသည်ဟု မြို့ခံ တစ်ဦးက ယနေ့ (ဇွန်လ ၁၄ ရက်) တွင်ပြောသည်။

“မြို့ထဲမှာတော့ အစစ်အဆေးများတယ်။ လိုင်စင်မရှိတဲ့ ကားတွေ ဆိုင်ကယ်တွေ အတွက် ထုတ်ပေးထားတဲ့ ကတ်ပါမပါ စစ်တယ်။ တချို့ လူငယ်တွေရဲ့ ဖုန်းယူစစ်တာလည်း ရှိတယ်။ နည်းနည်းပါးပါး ပေးရတာတွေ ရှိတယ်” ဟု ၎င်းကဆိုသည်။

ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်မှု မရှိသေးကြောင်း ၎င်းကဆိုသည်။

လက်ရှိ လားရှိုးမြို့ အဝင်အထွက် လမ်းအများစုကို စစ်ကောင်စီတပ်က ဖျက်ဆီးထားပြီး မြို့အဝင်အထွက် ပိတ်ဆို့ထားသည် ဆိုသည့် သတင်းများ ထွက်ပေါ်နေသော်လည်း ယနေ့ နေ့လယ်ပိုင်းအထိ မြို့တောင်ဘက်ရှိ မယ်ဟန်ဂိတ် ဖွင့်ထားဆဲဖြစ်သည်ဟု မြို့မိမြို့ဖ တစ်ဦးက ပြောသည်။

“မြို့ရဲ့ အရှေ့၊ အနောက်၊ မြောက်ဘက် ပိတ်ထားတယ်။ အရှေ့ဘက်က ခလရ (၆၈) ရှိတဲ့လမ်း၊ နမ္မတူနဲ့ မူဆယ်ဘက် သွားတဲ့ မြို့ရှောင်လမ်းက အနောက်ဘက်၊ ပုံမှန် မူဆယ်ဘက်သွားတဲ့လမ်းက အနောက်ဘက်၊ အဲလမ်းတွေ ပိတ်ထားတယ်။ မြို့တောင်ဘက်က မယ်ဟန်ဂိတ် ဖွင့်ထားတယ်။ အဲဂိတ်က မန္တလေး ဆင်းတဲ့ဘက်။ အဲတပေါက်ပဲ ဖွင့်တော့ ကားတွေ ဆိုင်ကယ်တွေ ကျပ်နေတာပေါ့” ဟု ၎င်းကရှင်းပြသည်။

ပြီးခဲ့သည့် ရက်ပိုင်းက စတင်၍ TNLA အပါအဝင် ညီနောင် မဟာမိတ်တပ်များ လားရှိုးဘက် ဆင်းလာပြီ ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် မြို့ခံများ အနေဖြင့် မြို့တွင်း တိုက်ပွဲများ ဖြစ်ပွားမည်ကို စိုးရိမ်နေသော်လည်း အထူးတလည် ပြင်ဆင်မှုများ မတွေ့ရဟု နောက်ထပ် မြို့ခံ တစ်ဦးက ဆိုသည်။

“မာရှယ်လောရှိတော့ မနက် ၆ ည ၆ မထွက်ရဘူး ဆိုပေမယ့် ညပိုင်း ၇ နာရီကျော်တဲ့အထိ ဆိုင်အများစု ဖွင့်တယ်။ မနက် ၄ နာရီကျော်ဆို ဈေးသည်တွေ သွားလာနေပြီ။ သက်ကြီးရွယ်အိုတွေ ကလေးတွေ တခြားမြို့က ဆွေမျိုးတွေဆီ ပို့ထားတာတော့ ရှိကြတာပေါ့။ ထွေထွေထူးထူး ပြင်ဆင်တာတော့ မတွေ့ဘူး။ အရင်တခေါက် ဖြစ်ကတည်းက လူတွေက ထုံသွားပြီ” ဟု ၎င်းက ပြောဆိုသည်။

ပြီးခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း လားရှိုးမြို့ တိုက်ခိုက်ခံရနိုင်သည့် အခြေအနေကြောင့် ထိုစဥ်ကပင် မြို့ခံ အများစု ဗုံးခိုကျဥ်းများ တူးထားပြီး အသင့်စား ရိက္ခာခြောက်များ၊ အရေးပေါ်သုံး ဆေးဝါးများ စုဆောင်းထားသဖြင့် ယခု ထပ်မံပြင်ဆင်သူ နည်းပါးခြင်း ဖြစ်နိုင်ကြောင်း ၎င်းကရှင်းပြသည်။

ယနေ့ လားရှိုးမြို့မှ လားရှိုး-မန္တလေးလမ်း၊ လားရှိုး-တန့်ယန်းလမ်း သွားလာ၍ရပြီး လားရှိုး-သိန္နီလမ်း၊ လားရှိုး-နမ္မတူလမ်း၊ သီပေါ-နမ္မတူလမ်း၊ နမ့်ပေါင်-သံလွင်လမ်း ပိတ်ထားကာ စဉ့်အင်တံတား ရေကျော်နေ၍ စောင့်ဆိုင်းနေရကြောင်း၊ လှေဆိပ်တွင် မစောင့်လိုပါက လားရှိုး-နမ့်ပေါင်-မိုင်းရယ်-ပန်ညု-သီပေါ လမ်းပိုင်းမှ သွားလာနိုင်ကြောင်း လမ်းအခြေအနေကို သိရှိသူတစ်ဦးက လူမှုကွန်ရက်တွင် အကြံပြုဖော်ပြထားသည်။

ယနေ့ နေ့လယ်ပိုင်းအထိ မေးမြန်းမှုများအရ လားရှိုးမြို့တွင်း တည်ငြိမ်နေဆဲ ဖြစ်သော်လည်း မြို့ဝန်းကျင်သို့ TLNA ဥ◌ီးဆောင်သည့် ညီနောင်မဟာမိတ်တပ်များ မြို့အနီး ချဥ်းကပ်လာနေပြီ ဆိုသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေကြောင်း မြို့ခံများက ဆိုသည်။

“သတင်းကတော့ ထွက်နေတာပဲ၊ သူတို့တပ်တွေက နဂိုကတည်းက ရှိနေတာ ဆိုတော့လေ။ အတည်ပြုဖို့ကတော့ ခက်တာပေါ့” ဟု မြို့ခံ တစ်ဦးးက ပြောဆိုသည်။

လက်ရှိ အခြေအနေအရ အချိန်မရွေး စစ်ပွဲ ဖြစ်ပွားနိုင်သဖြင့် ဒေသခံပြည်သူများ အနေဖြင့် လုံခြုံရေးသတိဖြင့် ကြိုတင်ပြင်ဆင်ရန် လိုအပ်နေပြီဟု စစ်ရေးသတင်းရင်းမြစ်က အကြံပြုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က သျှမ်းမြောက်ဒေသရှိ အရေးပါသည့် မြို့ ၁၇ မြို့ကို သိမ်းပိုက်ခဲ့ပြီး လားရှိုးမြို့ကို ဝန်းရံထားစဥ် တရုတ်၏ စေ့စပ်မှုဖြင့် ဟိုင်ဂင် စာချုပ် လက်မှတ်ထိုးကာ ယခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှစ၍ စစ်ရပ်စဲခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ၁၀၂၇ စစ်ဆင်ရေး အတွင်း ညီနောင် မဟာမိတ်တပ်များ သိမ်းပိုက်ထားသည့် နယ်မြေများကို ဖြတ်သန်းပြီး နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်ရန် တရုတ်နိုင်ငံက ညှိနှိုင်းပေးသော်လည်း (၅) ကြိမ်မြောက် ဟိုင်ဂင် ဆွေးနွေးပွဲ ပြီးဆုံးချိန်အထိ သဘောတူညီမှု မရခဲ့ဘဲ ယခုကဲ့သို့ စစ်ရေးတင်းမာလာခြင်း ဖြစ်သည်။

စစ်ကောင်စီတပ် အနေဖြင့် လားရှိုး စစ်ဌာနချုပ်ကို အဆက်မပြတ် အင်အားဖြည့်တင်းထားပြီး မူဆယ်၊ ကျောက်မဲ၊ သီပေါနှင့် မေမြို့ တို့တွင် စစ်ရေးပြင်ဆင်မှုများ ဆက်တိုက် ပြုလုပ်ထားသည်ဟု သတင်းရင်းမြစ်များက ပြောဆိုထားသည်။

လက်ရှိ အခြေအနေအရ တကြော့ပြန်စစ်ပွဲ ပြန်ဖြစ်ပါက စစ်ပွဲ ပြင်းထန်နိုင်သဖြင့် လားရှိုးဒေသနေ ပြည်သူများ လုံခြုံရေးသတိဖြင့် အသင့်ပြင် နေထိုင်ရန် လိုအပ်ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက သတိပေးထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...