သျှမ်းပြည် တောင်ပိုင်း နှစ်ပတ်အတွင်း ဖြစ်ပွားသည့် စစ်ကောင်စီ၏ လက်နက်ကြီးများ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ညောင်ရွှေမြို့နယ်၊ဟိုပုံးမြို့နယ် နှင့် ပင်လောင်းမြို့နယ်တို့တွင် ခိုက်ဒဏ်ရာ ရရှိသည့် ဒေသခံများသည် သွားလာရာလမ်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း၊ မိုင်းနင်းမိခြင်း၊ ကြွင်းကျန် လက်နက်ကြီး ကျည်ပေါက်ကွဲရာမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းလူငယ် အစည်းအရုံးမှ မေ ၁၃ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
ထိုအပြင် သျှမ်းတောင် ၃ လ ကျော် တိုက်ပွဲအတွင်းတွင် စစ်ကောင်စီ၏ လက်နက်ကြီး လေကြောင်းတိုက်မှု များနှင့် ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ပြည်သူများ သေဆုံးမှု စုစုပေါင်း ၉၆ ဦး အထိရှိပြီး ထိခိုက် ဒဏ်ရာရရှိသူ စုစုပေါင်း ၉၂ ဦးထိ ရှိနေကြောင်း ပအိုဝ်းလူငယ် အစည်းအရုံးမှ ထုတ်ပြန်ထားသည်။
ထိုစစ်ဘေးရှောင်များသည် ဟိုပုံးမြို့နယ်၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောတောင်အတွင်း ထွက်ပြေး ခိုလှုံနေရပြီး တောထဲနှင့် ဂူများတွင်ထွက်ပြေးတိမ်းရှောင်နေကြရကာ အကူညီရရန်အတွက် အခက်အခဲများ ကြုံတွေ့ နေရကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံနေအိမ် ၆၀၁ လုံး ပျက်စီးသွားပြီး ဘာသာရေးအဆောက်အအုံ ၂၆ ဦး၊ စာသင်ကျောင်း ၁၃ လုံး၊လမ်းတံတား ၄ စင်း၊ ဆေးရုံ/ဆေးခန်း ၄ လုံးနှင့် ဈေး ၁ ခု ပျက်စီးသွားခဲ့ပြီး စုစုပေါင်း ထိခိုက်ပျက်စီးမှု ၆၁၇ ထိရှိနေကြောင်း ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။
ဟိုပုံးမြို့နယ် စံဖူးကျေးရွာတွင် ဖြစ်ပွားခဲ့သည့် PNLA ၏ ယာဉ်တန်းကို စစ်ကောင်စီနှင့်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့တို့က ပိတ်ဆို့ ဟန့်တား စစ်ဆေးမှုကြောင့် (ဇန်နဝါရီလ ၂၁ ရက်)တွင် နှစ်ဖက်တပ်ဖွဲ့ကြား တိုက်ပွဲစတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်