မြန်မာ-ထိုင်းနိုင်ငံနယ်စပ်ဒေသ တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာအုပ်စုတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က စစ်မှုထမ်းထောက်ပံ့ကြေးဟုဆိုပြီး တစ်အိမ် လျှင် ထိုင်းဘတ် ၁,၃၀၀ (မြန်မာငွေ ကာလပေါက်ဈေး တစ်သိန်း ၃သောင်းကျပ်) ကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။
တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာ အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်စုတစ်စုကို စစ်မှုထမ်းရန် လူ ၇ ဦးခေါ်ယူမည်ဖြစ်သဖြင့် စစ်မှုထမ်းသူများအတွက် ထောက်ပံ့ကြေးဆိုကာ မတ်လ ၂၆ ရက်က တစ်အိမ်လျှင် ထိုင်းဘတ် ၁,၃၀၀ (မြန်မာကျပ်ငွေ ၁၃၀,၀၀၀ ကျပ်) ထောက်ခံလာခဲ့ကြောင်း မိုင်းဖုန်းကျေးရွာ ဒေသခံတစ်ဦးကပြောသည်။
“စစ်မှုထမ်းတွေအတွက် ထည့်ရမယ်လို့ပြောတာပဲ။ တစ်အိမ်ကို ဘတ် ၁,၃၀၀ အတင်းထည့်ခိုင်းနေတယ်။ ပြီးတော့ သုံးရွာပေါင်း စစ်မှုထမ်း ၁ ယောက်သွားရမယ်။ မိုင်းဖုန်းဒေသမှာ စစ်မှုထမ်းရမယ့် လူ ၇ ယောက်တဲ့။ အခုလောလောငွေကတော့ ကောက်ပြီးသွားပြီ။ ကျနော်ထင်တာမမှားဘူးဆိုရင် သင်္ကြန်ပြီးရင် ငွေထပ်လာညစ်အုံးမယ်” ဟု ၎င်းကပြောသည်။
မိုင်းဖုန်းကျေးရွာအုပ်စုအတွင်း ဝမ်ပုံရွာ၊ ပါဆာရွာ၊ ဆန်ဖူးရွာ စသည့်ဖြင့် ကျေးရွာများနှင့် အိမ်ခြေပေါင်း ၁ ထောင်ကျော်ရှိရာ စစ်မှုထမ်းထောက်ပံ့ကြေးအတွက် ကျပ်သိန်း (၁) ထောင်ကျော် ကောက်ခံနိုင်ကြောင်း သိရသည်။
စစ်ကောင်စီအနေဖြင့် အဆိုပါစစ်မှုထမ်းထောက်ပံ့ကြေးငွေများကို စစ်မှုထမ်းမည့်သူများအတွက် လစာအနေဖြင့် သုံးမည်မဟုတ်ဘဲ စစ်မှုထမ်းမည့်သူများနောက်ဆံမတင်းအောင် ကျန်ရစ်သူမိသားစုများအတွက် ထောက်ပံ့ကြေးအနေဖြင့် ပေးရန်ဆောက်ရွက်ခြင်းဖြစ်ကြောင်း မတ်လ ၂၂ ရက်က VOA သတင်းဌာနကို ဖြေကြားထားသည်။
သို့သော် ကောက်ခံရသည့်ငွေများကို မည်သူက ထိန်းသိမ်းပြီး မည်ကဲ့သို့ ထောက်ပံ့မည်ကို အသေးစိတ်မသိရှိရပေ။
လက်ရှိတွင် နိုင်ငံတဝှမ်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ ကယက်ကြောင့် လူငယ်အများအပြား ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး တချို့မှာစစ်မှုမထမ်းလိုချင်ကြသဖြင့် မိမိကိုယ်ကို သေကြောင်းကြံနေလျက်ရှိသည်။