Sunday, July 21, 2024

နောင်ချိုမြို့နယ် စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲ၊ နေအိမ် ၁၀ လုံးကျော် ပျက်စီး

Must read

သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ ဟိုခိုကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။

နောင်ချိုစစ်ရှောင်များ

ယမန်နေ့ (ဖေဖော်ဝါရီလ ၁၄ ရက်) နံနက် ၁၀ နာရီကျော်က နောင်ချိုမြို့နယ်အတွင်း ပြင်ဦးလွင်-မိုးကုတ် လမ်းမကြီးပေါ်ရှိ ဟိုခို (တောင်)ကျေးရွာတွင် တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း နောင်ချိုဒေသခံများထံမှ သိရသည်။

“ဒီ ၁၄ ရက်နေ့က ဟိုခိုမှာ လေယာဉ်ဗုံးကြဲပြီး တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။ အရပ်သား ထိခိုက်သေဆုံးမှုတော့ မရှိဘူး၊ သို့ပေမယ့် အိုးအိမ်ပျက်စီးတာ နေအိမ်ပျက်စီးတာတွေတော့ ရှိခဲ့ပါတယ်”ဟု မန္တလေး-PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြင်ဦးလွင်-မိုးကုတ် လမ်းမကြီးပေါ်ရှိ ဟိုခိုကျေးရွာတွင် စစ်ကောင်စီတပ်နှင့် မန္တလေး-PDF တို့ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး သံဘိုကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကိုလည်း ဇန်နဝါရီလ ပထမပတ်တွင် တအာင်း(ပလောင်)တပ်ဖွဲ့နှင့် မန္တလေး-PDF တပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ဒုတိယပတ်အတွင်းက နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီးနှင့် ကလေး ၁ ဦး အပါအဝင် စုစုပေါင်း ၃ ဦး သေဆုံးသွားခဲ့ကြောင်း နောင်ချိုဒေသခံများက ပြောသည်။

ပြင်ဦးလွင်မြို့နှင့် ၁၅ မိုင်ခန့်သာ ကွာဝေးသည့် သျှမ်း-မန္တလေး နယ်စပ်ရှိ ကျောက်မဲလေးရွာတွင်လည်း ဇန်နဝါရီလ နောက်ဆုံးပတ်အထိ စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က စတင်အသက်ဝင်ခဲ့သည့် “ဟိုင်ဂင် သဘောတူညီချက်” အရ သျှမ်းမြောက်တွင် ယာယီအပစ်အခတ် ရပ်စဲသည်ဟု ဆိုသော်လည်း စစ်ကောင်စီတပ်မှ တစ်ဖက်သတ် ပစ်ခတ်မှုများ ဆက်ရှိနေခဲ့ပြီး တရုတ်နှစ်သစ်ကူးပြီးနောက် ညီနောင်မဟာမိတ်တပ်များနှင့် တိုက်ပွဲအပြင်းအထန် ပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း ဒေသခံများ ပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article