Wednesday, May 1, 2024

ပြင်ဦးလွင် ကန်တော်ကြီးပတ်လမ်း PDF အလံ​ စိုက်ထူမှု တပ်နယ် တာဝန်မှူး ကြိမ်းမောင်းခံရ

Must read

စစ်တက္ကသိုလ်များ တည်ရှိသည့် ပြင်ဦးလွင်မြို့၊ နာမည်ကျော် ကန်တော်ကြီးပတ်လမ်းတွင် ဇန်နဝါရီ ၂၇ ရက်၊ နံနက် ၅ နာရီက ပြည်သူ့ကာကွယ်​ရေး တပ်မ​တော် (PDF) အလံ​ လာရောက်စိုက်ထူသွားသဖြင့် တာဝန်ကျ တပ်နယ်မှူး ကြိမ်းမောင်းခံခဲ့ရသည်ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောသည်။

လုံခြုံရေး တင်းကြပ်ထားသည့် ပြင်ဦးလွင်မြို့၊ ကန်တော်ကြီးပတ်လမ်းတွင် တက်ကြွလှုပ်ရှားသူများက PDF အလံ စိုက်ထူခဲ့ကြောင်း Pyin Oo Lwin SSTF(Security & Special Task) Force အဖွဲ့က ထုတ်ပြန်သည်။

“ကန်တော်ကြီးမှာ PDF အလံစိုက်သွားတဲ့ ဖြစ်စဉ်ကြောင့် အဲဒီနေ့က တာဝန်ကျတဲ့ တပ်နယ်မှူး ဗိုလ်မှူးချုပ်ကို မန္တလေး တိုင်းမှူးက ဖုန်းဆက် ကြိမ်းမောင်းတယ် ဆိုတာ သိရပါတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။

သတင်းရင်းမြစ်၏ လုံခြုံရေးအရ ကြိမ်းမောင်းခံရသည့် ဖြစ်စဉ် အသေးစိတ် အချက်အလက်များ ဖော်ပြနိုင်ခြင်း မရှိပေ။

ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် မြို့တွင်း ကင်းလှည့်မှု ပိုများလာပြီး လုံခြုံရေး ပိုမိုတင်းကြပ်ထားသည်ဟု မြို့ခံများကဆိုသည်။

လက်ရှိ ပြင်ဦးလွင်တပ်နယ် စစ်တက္ကသိုလ် စာပေ (၂) ဝင်းအတွင်း (ခုခံစစ်) အတွက် ဆက်သွယ်ရေးတူးမြောင်းများ၊ ကတုတ်ကျင်းများ အိမ်တော်အနီးတစ်ဝိုက် အထိ တူးဖော်ထားကြောင်း တပ်တွင်း သတင်းရင်းမြစ်ကို ကိုးကားပြီး Pyin Oo Lwin-SSTF က ယနေ့ ဖော်ပြထားသည်။

ပြီးခဲ့သည့်လက ​နောင်ချိုမြို့နယ်၊ သံဘိုရွာနှင့် ပြင်ဦးလွင်မြို့နယ်၊ ​ကျောက်မဲ​လေးရွာရှိ စစ်စခန်းများတိုက်ခိုက်ခံရပြီး​နောက် ပြင်ဦးလွင်မြို့တွင် စစ်​ကောင်စီတပ်က ခံစစ်အတွက် ပြင်ဆင်မှုများစွာ ပြုလုပ်နေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article